
တောင်ကြီး ဧပြီ ၃၀
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသည့် တောင်ကြီးလူရည်ချွန်စခန်းမှ လူရည်ချွန် မောင်မယ် လေးများနှင့် ကြီးကြပ်အုပ်ချုပ်သူဆရာ ဆရာမများ သည် ဧပြီ ၃၀ ရက် နံနက် ၇ နာရီတွင် စုရပ်စခန်းမှ ထွက်ခွာကြရာ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟိုတယ်ဇုန် စက်လှေဆိုက်သို့ရောက်ရှိကြပြီး ကလော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူလေးများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များက ပန်းကုံးများစွပ်၍လည်းကောင်း၊ အိုးစည်ဗုံမောင်းများ တီးခတ်ပြီး ကိန္နရီကိန္နရာ၊ တိုးနယားအကများဖြင့် လည်းကောင်း၊ အလံငယ်များဝှေ့ယမ်း၍ လည်းကောင်း ကြိုဆိုခဲ့ကြသည်။
ရှေးဦးစွာ လူရည်ချွန်မောင်မယ်လေးများသည် ဟဲယာရွာမကျေးရွာရှိ စိန်သမာဓိငွေပန်းထိမ်လုပ်ငန်း သို့ရောက်ရှိကြပြီး ငွေပန်းထိမ်လုပ်ငန်းရှင် ဦးစံလင်း က လုပ်ငန်းခွင်အတွင်း လိုက်လံရှင်းလင်းပြသ၍ ငွေထည်ပစ္စည်းများ ဆောင်ရွက်လုပ်ကိုင်ပုံအဆင့်ဆင့် နှင့် ငွေပန်းထိမ်လုပ်ငန်း စတင်လုပ်ကိုင်ဆောင်ရွက် ခဲ့ပုံအကြောင်းများကို ရှင်းလင်းပြောကြားကာ လူရည်ချွန်မောင်မယ်လေးများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ယင်းနောက် လူရည်ချွန်မောင်မယ်လေးများသည် ခင်းကျင်းပြသထားသည့် ငွေထည်ပစ္စည်းများ၊ ရိုးရာ အဝတ်အထည်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များသည် အထကသာလေး တွင် နေ့လယ်စာသုံးဆောင်ကြပြီး အင်းလေး ဖောင်တော်ဦးကျောင်တော်သို့ သွားရောက်ဖူးမြော် ကြရာ ဂေါပကအဖွဲ့တာဝန်ရှိသူက ကြိုဆိုခဲ့ကြကာ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းနှင့် အလှူငွေများထည့်ဝင် လှူဒါန်းကြ၍ ဘုရားဈေးတန်းအတွင်း အမှတ်တရ ပစ္စည်းများဝယ်ယူခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူး ခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် လူရည်ချွန်မောင်မယ်လေးများသည် နန်းပန်ကျေးရွာရှိ အလိုတော်ပေါက်ဘုးရားသို့ သွား ရောက် ဖူးမြော်ကြည်ညိုကြ၍ ပန်း၊ ရေချမ်းနှင့် အလှူငွေများ လှူဒါန်းပူဇော်ခဲ့ကြပြီး ဘုရားကုန်းတော် တစ်ပတ် လေ့လာလည်ပတ်ကြကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အလိုတော်ပေါက်ဘုရားမှ စက်လှေများဖြင့် ပြန်လည်ထွက်ခွာကြရာ ညောင်ရွှေ မြို့သို့ရောက်ရှိပြီး ညောင်ရွှေမြို့မှတစ်ဆင့် တောင်ကြီး လူရည်ချွန်စခန်းသို့ ဆက်လက်ထွက်ခွာခဲ့ကြကြောင်း သိရသည်။ စိုင်းအယ်ဘဲ