တောင်ဆူဒန်နိုင်ငံက Johnson & Johnson ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လက်ခံရရှိ

ဂျူးဘား  စက်တင်ဘာ  ၁၅ 


တောင်ဆူဒန်နိုင်ငံက Johnson & Johnson ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၁၅၂၉၅၀ ခန့်ကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  ကာကွယ်ဆေးဖြန့်ဝေပေးရေးအစီအစဉ် COVAX အရ ယမန်နေ့တွင် လက်ခံရရှိကြောင်း သိရသည်။ 


ယခုကာကွယ်ဆေးလက်ခံရရှိမှုသည် COVAX  အစီအစဉ်၏ တတိယအကြိမ်မြောက် လက်ခံရရှိခြင်းဖြစ်သည်။  မတ် ၂၅ ရက်တွင်   AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်လက်ခံရရှိခဲ့ပြီး AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၅၉၅၂၀ ခန့်ကို သြဂုတ် ၃၁ ရက်တွင် ဒုတိယအကြိမ် လက်ခံ ရရှိခဲ့သည်။ 

နိုင်ငံ၏ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် Johnson & Johnson ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသုံးပြုလျက်ရှိသည်။ အဆိုပါအစီအစဉ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။ 

Johnson & Johnson ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် တစ်ကြိမ်တည်း သာထိုးနှံရသည့် ကာကွယ်ဆေးအမျိုးအစားဖြစ်သည့်အတွက် တောင်ဆူဒန်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို များစွာအထောက်အကူပြုနိုင်ကြောင်း ယူနီဆက်ဖ် ဒုတိယဌာနေကိုယ်စားလှယ် ဂျက်စ်ပါမိုလာက ပြောသည်။ 
လက်ရှိအချိန်တွင် တောင်ဆူဒန်နိုင်ငံက ကာကွယ်ဆေးအလုံးရေ ၂၇၁၂၀၀ ခန့် လက်ခံရရှိပြီးဖြစ်သည်။ 


စက်တင်ဘာ ၁၂ ရက်အထိ ပြည်သူ ၇၆၂၀၇ ဦးသည် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ပြီး ပြည်သူ ၁၇၅၈၈ ဦးသည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်