တစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်

 

ရန်ကုန်   ဒီဇင်ဘာ   ၈
ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အထိ ဘုရင့်နောင်ဈေးကွက်အတွင်း ကြက်သွန်နီ အသစ်နှင့် အဟောင်းဈေးနှုန်းများ စံချိန်သစ်တင် မြင့်တက်နေဆဲဖြစ်ပြီး စားအုန်းဆီဈေးနှုန်း ထပ်မံကျဆင်းလာသည်။
ကြက်သွန်နီ
ဒီဇင်ဘာ ၅ ရက်တွင် မြစ်သားမိုးကြက်သွန်နီအသစ် ပိဿာချိန် တစ်သိန်းဝန်းကျင် ဝင်ရောက်ခဲ့သည်။ ဒီဇင်ဘာ ၆ ရက် ဘုရင့်နောင် ဈေးကွက်သို့ နွေကြက်သွန်နီ အဟောင်းများ ဝင်ရောက်ခြင်းမရှိဘဲ မိုးကြက်သွန်အသစ်များသာ ဝင်ရောက်လာခဲ့သည်။ ဒီဇင်ဘာ ၇ ရက်တွင် မိုးကြက်သွန်အသစ်များဖြစ်သော မြင်းခြံကြက်သွန် လက်ကားတစ်ပိဿာ ကျပ် ၄၄၀၀၊ မြစ်သား ကြက်သွန်နီ ကျပ် ၄၇၀၀ နှုန်းရှိသည်။  တရုတ် ကြက်သွန်နီအလုံးကြီး တစ်ပိဿာလက်ကားဈေး ကျပ် ၂၀၀၀ မှ ကျပ် ၃၃၀၀ အထိ ရှိနေသည်။
စားအုန်းဆီ
ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာကျပ် ၄၆၃၀ ဖြစ်ရာ ယခင်အပတ်ထက် တစ်ပိဿာ ရည်ညွှန်းဈေး ၂၀၅ ကျပ် ဈေးနှုန်းမြင့်တက်လာသည်။ ဒီဇင်ဘာ ၆ ရက်တွင်   ရန်ကုန်ဆီဈေးကွက်အတွင်း   ကန်တင်ဆီဈေးနှုန်း DO စာရွက်ဈေး လက်ကားတစ်ပိဿာ ကျပ် ၅၃၅၀ နှုန်းရှိသည့်အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းထက် စာရွက်ဈေးမှာ တစ်ပိဿာကျပ် ၇၂၀ သာ ဈေးမြင့်ကြောင်း  တွေ့ရသည်။  ဒီဇင်ဘာ ၇ ရက်တွင်မူ စားအုန်းဆီပြင်ပဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။
ဆန်
ဒီဇင်ဘာ ၇ရက်တွင် ကောက်ညှင်းဆန် လက်ကားတစ်အိတ် ဖျာပုံ နယ်ထွက် (လာအို) ရှယ် ကျပ် ၈၈၀၀၀ နှုန်း၊ ပုသိမ်နယ်ထွက် ကျပ် ၈၅၀၀၀ နှင့် အခြားနယ်ထွက် ကျပ် ၈၀၀၀၀ နှုန်းသာရှိသည်။ မိုးဆန်ကြမ်း အသစ် တစ်အိတ်ကျပ် ၄၂၀၀၀၊ ဆန်ကြမ်း အဟောင်းသီးထပ် တစ်အိတ် ကျပ် ၄၇၀၀၀-၄၈၀၀၀၊ ရက် ၉၀ ရှယ် တစ်အိတ် ကျပ် ၅၀၀၀၀-၅၁၀၀၀၊ ပေါ်ကျွဲ တစ်အိတ် ကျပ် ၅၃၀၀၀ နှုန်းရှိသည်။  ပေါ်ဆန်းရင်အသစ် တစ်အိတ် ကျပ် ၅၆၀၀၀-၅၈၀၀၀၊ ပေါ်ဆန်းအဟောင်း ဖျာပုံနယ်ထွက် တစ်အိတ် ကျပ် ၆၅၀၀၀၊ ပုသိမ်/မြောင်းမြနယ်ထွက် ကျပ် ၆၈၀၀၀-၇၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ကျပ် ၉၀၀၀၀-၉၅၀၀၀ နှုန်း ရှိနေသည်။
ကြက်သွန်ဖြူ/အာလူး
ဒီဇင်ဘာ ၇ ရက် ရှမ်းအောင်ပန်း ကြက်သွန်ဖြူလက်ကားတစ်ပိဿာ ကျပ် ၃၉၀၀ နှုန်း၊ ကြူကုတ်ကြက်သွန်ဖြူ ကျပ် ၃၃၀၀ နှုန်းဖြင့် ဈေးနှုန်း မပြောင်းလဲဟု သိရသည်။ အာလူးဈေးကွက်၌ တရုတ်အာလူး အဝင်များ လျက်ရှိနေပြီး ဒီဇင်ဘာ ၇ ရက်တွင် ရှမ်းအောင်ပန်းအာလူး တစ်ပိဿာကျပ် ၂၁၅၀၊ တရုတ်အာလူး  တစ်ပိဿာ ကျပ် ၂၃၀၀ နှင့် အသစ်မှာ ကျပ် ၁၇၀၀ နှုန်းရှိသည်။
ငရုတ်
ဒီဇင်ဘာ ၇ ရက်တွင် မိုးထောင်နယ်စုံ ငရုတ်လက်ကား တစ်ပိဿာ ကျပ် ၁၂၀၀၀-၁၃၀၀၀၊ ရှမ်းငရုတ်ရှည် ကျပ် ၁၃၀၀၀-၁၃၅၀၀၊ ရှမ်း ဘူးဆို့ငရုတ် ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွအသစ် ၂၈၀၀၀ ကျပ်၊ မြစ်ဝ ငရုတ်ပွ အအေးခန်းထုတ် တစ်ပိဿာ ကျပ် ၃၁၀၀၀နှုန်းရှိသည်။
ပဲအမျိုးမျိုး
ဒီဇင်ဘာ ၇ရက် ရန်ကုန် ပဲဈေးကွက်အတွင်း မတ်ပဲ  (FAQ/RC) တစ်တန် ၁၇၄၀၀၀၀ကျပ်၊ (SQ) တစ်တန် ကျပ် ၁၉၆၀၀၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန် ကျပ် ၁၈၃၅၀၀၀၊ ပဲတီစိမ်း ခရမ်းရွှေဝါ  (ထိပ်စ)တစ်ပိဿာ ကျပ် ၂၈၃၀-၃၀၀၀ နှင့် ကုလားပဲခြမ်း တစ်ပိဿာကျပ် ၃၉၀၀- ၄၁၀၀နှုန်း အသီးသီးရှိသည်။ 
အောင်ခင်နိုင်