
ရန်ကုန် နိုဝင်ဘာ ၁၇
ယခုသီတင်းပတ်အတွင်း ကောက်ညှင်းဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်း နှုန်းသို့ စံချိန်တင်မြင့်တက်လာသည်။ အာလူးဈေး မြင့်တက်လာပြီး အခြေခံစားကုန် ကြက်သွန်ဖြူနှင့် စားအုန်းဆီတို့မှာ ဈေးနှုန်းကျဆင်း လာသည်။ မြစ်သားနှင့် မြင်းခြံ မိုးကြက်သွန်နီအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။
ဆန်
ကောက်ညှင်းဆန် ဖျာပုံအသစ်ရှယ် တစ်အိတ် ငွေကျပ်တစ်သိန်းရှိပြီး ဆန်ကွဲမှာ တစ်အိတ် ကျပ် ၃၉၀၀၀၊ ဆန်ကြမ်းအသစ် တစ်အိတ် ကျပ် ၄၂၅၀၀၊ သီးထပ်ဟောင်း ကျပ် ၄၆၀၀၀၊ ရက် ၉၀ ဆန်ဟောင်း ရှယ် ကျပ် ၄၉၀၀၀ နှုန်းရှိသည်။ ပေါ်ကျွဲတစ်အိတ် ကျပ် ၅၂၀၀၀၊ ပေါ်ဆန်းရင် အသစ် တစ်အိတ် ကျပ် ၅၉၀၀၀၊ ဖျာပုံပေါ်ဆန်းအဟောင်း ကျပ် ၆၂၀၀၀၊ ပုသိမ်-မြောင်းမြ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရွှေဘိုပေါ်ဆန်းဟောင်း တစ်အိတ် ကျပ် ၉၂၀၀၀ နှုန်း ရှိသည်။
စားအုန်းဆီ
ယခုအပတ် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးမှာ စားအုန်းဆီ တစ်ပိဿာ ကျပ် ၄၃၅၀ ရှိပြီး ယခင်အပတ်ထက် တစ်ပိဿာလျှင် ကျပ် ၂၀ ဈေးမြင့်တက်လာသည်။ ပြင်ပအလှယ် လက်ငင်းလက်ကား ပီပါဈေးမှာ ယခင်ရက်က တစ်ပိဿာ ကျပ် ၆၃၀၀ ရှိရာမှ နိုဝင်ဘာ ၁၆ ရက်တွင် ကျပ် ၆၁၀၀ နှုန်းသာရှိသည်။
ပဲအမျိုးမျိုး
ဈေးနှုန်းကျနေသည့် မတ်ပဲသည် နိုဝင်ဘာ ၁၆ ရက်တွင် (FAQ/RC) တစ်တန် ကျပ် ၁၇၆၅၀၀၀၊ (SQ)တစ်တန် ကျပ် ၂၀၉၀၀၀၀ ရှိပြီး ပဲစင်းငုံနီ(Red/RC)တစ်တန် ကျပ် ၁၈၄၀၀၀၀ ရှိသည်။ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် ၄၁၅၀-၄၃၀၀ နှုန်းရှိပြီး ပဲတီစိမ်းခရမ်းရွှေဝါ (ထိပ်စ)တစ်ပိဿာလျှင် ကျပ် ၃၀၀၀-၃၀၈၅ နှုန်းသာရှိသည်။
ကြက်သွန်နီ
နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်ဈေးကွက်သို့ နယ်စုံမှ ကြက်သွန်နီပိဿာချိန် ၂၁၀၀၀၀ ဝင်ရောက်လာသည်။ ဖွင့်ဈေးမကျသော်လည်း အမျိုးအစား ကောင်းမှသာ ဖွင့်ဈေးနှုန်းအတိုင်း ရောင်း၍ရသည်။ ညံ့လျှင် ဖွင့်ဈေး ထက် တစ်ပိဿာ ကျပ် ၁၀၀/၂၀၀ခန့် လျော့ပြီး အရောင်းအဝယ်ဖြစ် သည်။ နွေကြက်သွန်နီအဟောင်းများ ရန်ကုန်ဈေးကွက်သို့ အဝင်များ လာခဲ့ပြီး တရုတ်ကြက်သွန်နီမှာ ပြည်တွင်းကြက်သွန်နှင့် အရောင်နှင့် အရွယ်အစား တူညီမှုရှိသဖြင့် တစ်ပိဿာ ကျပ် ၃၂၀၀ နှုန်းရှိသည်။ နိုဝင်ဘာ ၁၅ ရက်က မိုးမြစ်သားနှင့် မြင်းခြံ ကံဆင့်ကြက်သွန်နီများလည်း ဝင်ရောက်လာခဲ့ပြီး တစ်ပိဿာလျှင် ၃၆၀၀/၄၁၀၀ ကျပ်နှုန်းရှိကာ ကြက်သွန်နီအသစ် တစ်ပိဿာလျှင် ကျပ် ၂၀၀၀/၃၅၀၀ နှုန်း ရှိသည်။
ကြက်သွန်ဖြူ၊ အာလူး၊ ငရုတ်
ကြူကုတ် ကြက်သွန်ဖြူဈေး ထပ်ကျလာရာ နိုဝင်ဘာ ၁၆ ရက်တွင် လက်ကား တစ်ပိဿာ ကျပ် ၃၃၅၀ နှုန်းသာရှိသည်။ ရှမ်းအောင်ပန်း ကြက်သွန်ဖြူမှာ လက်ကား တစ်ပိဿာ ကျပ် ၂၈၀၀/၃၉၀၀ နှုန်းရှိသည်။
ရှမ်းအာလူးနှင့် တရုတ်အာလူးများ ဈေးတက်လာရာ နိုဝင်ဘာ ၁၆ ရက်တွင် တရုတ်အာလူး လက်ကားတစ်ပိဿာ ကျပ် ၂၅၅၀၊ ရှမ်း အောင်ပန်းအာလူး ကျပ် ၁၉၀၀/ ၂၁၅၀ နှုန်းရှိလာသည်။
မြစ်ဝနှင့် ဆင်ဖြူကျွန်းငရုတ်ပွ အအေးခန်းထုတ်များသာ ဈေးနှုန်း အနည်းငယ်ထပ်မံမြင့်တက်လာပြီး ငရုတ်မျိုးအသစ်များ ဈေးကွက်သို့ ဝင်ရောက်လာသည်။ နိုဝင်ဘာ ၁၆ ရက်တွင် အအေးခန်းထုတ် မြစ်ဝနှင့် ဆင်ဖြူကျွန်းငရုတ်ပွများ လက်ကား တစ်ပိဿာ ကျပ် ၃၁၀၀၀ နှုန်းသို့ ထပ်မံဈေးနှုန်းမြင့်လာသည်။ နယ်စုံမိုးထောင်ငရုတ် လက်ကားတစ်ပိဿာ ကျပ် ၁၅၅၀၀ ရှိကာ အိန္ဒိယမျိုး မိုးထောင်အသစ်များက ကျပ် ၁၆၅၀၀ နှုန်း၊ ရှမ်းငရုတ်ရှည်က ကျပ် ၁၆၅၀၀ နှန်း၊ ရှမ်းမိုးထောင်ငရုတ်က ကျပ် ၁၈၀၀၀ နှုန်းနှင့် ရှမ်းဘူးဆို့ ငရုတ်ပွက ကျပ် ၁၉၀၀၀ နှုန်းရှိသည်။
အောင်ခင်နိုင်