
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆန်တန်ချိန်တစ်သိန်းကို တင်ဒါခေါ်ယူပြီး ဝယ်ယူခဲ့ကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြထားသည်။ အာရှဆန်ဈေးကွက်အတွင်း ဆန်ဝယ်ယူလျက်ရှိသည့် အချို့ဝယ်လက် များသည် ဈေးသက်သာသောဆန်များကို ရှာဖွေဝယ်ယူနေကြကြောင်း သိရသည်။
ယခုသီတင်းပတ်တွင် ထိုင်းဆန် တစ်တန်လျှင် ဒေါ်လာ ၄၈၀ အထိ မြင့်တက်ခဲ့သည်။ ထိုင်းနိုင်ငံမှ ဆန်တင်ပို့မှု ဈေးနှုန်းများသည် ယခု သီတင်းပတ်တွင် ၂၀၂၁ မေလနောက်ပိုင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းဆန်မှာ ဝယ်လိုအား ခိုင်မာနေဆဲဖြစ်ခြင်း၊ ဘတ်ငွေ နှင့် ကန်ဒေါ်လာ ငွေလဲနှုန်းတွင် တန်ဖိုးတက်ခြင်း၊ ပြည်တွင်းဆန်ဝယ်လိုအား များနေခြင်းတို့ ပေါင်းဆုံပြီး ထိုင်းဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ငါးရာခိုင်နှုန်း ဆန်ကွဲပါ ထိုင်းဆန် RI-THBKN5-P1 အမျိုးအစားမှာ ယခင်သီတင်းပတ်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၂ မှ ၄၆၅ အထိရှိခဲ့ပြီး ယခုသီတင်းပတ်တွင် အမေရိကန်ဒေါ်လာ ၄၈၀ သို့ ခုန်တက် ခဲ့သည်။ ဘတ်ငွေနှင့် ကန်ဒေါ်လာ ငွေလဲနှုန်းတွင် တန်ဖိုးထပ်တက်လျှင် ထိုင်းပို့ကုန်ဆန်ဈေးနှုန်းလည်း ထပ်တက်ဖွယ်ရှိသည်။
ထိုင်းဆန်ကုန်သည်အများစုမှာ အင်ဒိုနီးရှားသို့တင်ပို့ရန် ပြည်တွင်း ဆန်ဈေးကွက်တွင် ဆက်လက်ဝယ်ယူနေကြဆဲဖြစ်သည်။ ဒီဇင်ဘာ လလယ်တွင် အင်ဒိုနီးရှားထံမှ ဆန်အမှာစာ တန်ချိန် သိန်းဂဏန်းအထိ ရရှိထားသည်ကို တင်ပို့နေကြစဉ် ပြည်တွင်းဈေးကွက်၌ ဆန်ဝယ်ယူနေ ကြခြင်းဖြစ်သည်။
ငါးရာခိုင်နှုန်း ဆန်ကွဲပါ ဗီယက်နမ်ဆန် RI-VNBKN5-P1 အမျိုးအစား မှာမူ ယခုသီတင်းပတ်တွင် ဈေးနှုန်း အတက်အကျမရှိဘဲ ယခင်သီတင်းပတ် ဈေးနှုန်းအတိုင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၈ ခေါ်ဈေး ရှိသည်။ ၎င်းဈေးနှုန်းသည် ဇူလိုင်လလယ်နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည်။ တရုတ်နှစ်သစ်ကူး နီးကပ်လာသဖြင့် ကုန်သည်အချို့ အရောင်းအဝယ်ရပ်နားထားကြသည်ကိုလည်း တွေ့ရသည်။
ငါးရာခိုင်နှုန်း ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် RI-INBKN5-P1 အမျိုး အစားမှာ ယခုသီတင်းပတ်တွင် ဈေးနှုန်းအတက်အကျမရှိဘဲ ယခင် သီတင်းပတ် ဈေးနှုန်းအတိုင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅ မှ ၃၈၂ ခေါ်ဈေးရှိပြီး ဈေးနှုန်းအမြင့်ပိုင်းဖြစ်သော်လည်း အိန္ဒိယပေါင်း ဆန်ဈေးနှုန်းသည် ထိုင်းဆန်နှင့် ဗီယက်နမ်ဆန်တို့ထက် သိသိသာသာ ဈေးသက်သာသဖြင့် အဝယ်လိုက်နေကြောင်း သတင်းများအရ သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊