တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း

 

ချစ်ခင်လေးစားအပ်ပါသော  ပြည်ထောင်စုဖွား  တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-


ဒီကနေ့ဟာ   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းတွေအကြား   ချုပ်ဆိုတဲ့  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  သဘောတူစာချုပ်(NCA)ကို ချုပ်ဆိုခဲ့တာ (၇)  နှစ်   ပြည့်မြောက်တဲ့နေ့  ဖြစ်ပါတယ်။  ယနေ့ ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး အားလုံးလိုလားတောင့်တနေကြတဲ့ ငြိမ်းချမ်းရေးရဲ့အကျိုးကို   ထာဝစဉ်ရှေးရှုဆောင်ရွက်နိုင်ကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

 


ယနေ့  ကျွန်တော်တို့နိုင်ငံရဲ့  အခြေခံနဲ့ အဓိကအကျဆုံး   ပကတိ လိုအပ်ချက်ဟာ    တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပဲ   ဖြစ်ပါတယ်။  အတိတ်သမိုင်းအရ   ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့    ဖွဲ့စည်း တည်ထောင်ထားတဲ့   ကျွန်တော်တို့ရဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးဟာ    တိုင်းတစ်ပါးလက်အောက်မှာ နှစ်ကာလတစ်ရာကျော်ကြာ ဖြတ်သန်း နေထိုင်ခဲ့ရပါတယ်။  ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့က   ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ သွေးစည်းညီညွတ်မှု၊ စည်းလုံးခြင်းအင်အားတို့ကို စနစ်တကျ အစီ အစဉ်ချကာ သွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ တစ်ဦးကိုတစ်ဦး  ရန်သူသဖွယ်ထင်မြင်လာအောင်  ဆောင်ရွက်ခဲ့ပါတယ်။   မလွှဲသာ၍   လွတ်လပ်ရေးပေးရတော့မယ့် အချိန်အထိ   ခွဲခြားအုပ်ချုပ်မှုတွေ၊ သပ်လျှိုသွေးခွဲမှုတွေနဲ့ အချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

 


မည်သို့ပင်သွေးခွဲစေကာမူ   ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ကိုအရင်းတည်ပြီး    ပြည်ထောင်စုစိတ်ဓာတ်၊    ပင်လုံ စိတ်ဓာတ်ကို တည်ဆောက်ပြီး လွတ်လပ်ရေးကိုပြန်လည်ရယူခဲ့ကြပါတယ်။ သို့သော်လည်း နယ်ချဲ့တို့ရဲ့ သွေးခွဲသပ်လျှိုမှုအကျိုးဆက်က ယနေ့တိုင်ထင်ကျန်နေဆဲဖြစ်သလို  လွတ်လပ်ရေးရပြီး ခေတ်အဆက် ဆက်မှာလည်း မြန်မာနိုင်ငံကို လွှမ်းမိုးနိုင်ရေး နည်းမျိုးစုံနဲ့ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်း မတည်ငြိမ်တဲ့ နယ်မြေတွေ ရှိနေရခြင်းဟာလည်း နယ်ချဲ့တို့ရဲ့ သွေးထိုးလှုံ့ဆော်မှု အရှိန်နဲ့ နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့မှုတွေ ကြောင့်   ဖြစ်ပါတယ်။   ဒီအရှိန်၊   ဒီအမွေဆိုးတွေကို   ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေ ဖြေရှင်းနေတာ နှစ်ပေါင်း ၇၀ကျော်ကြာပြီ ဖြစ်ပါတယ်။ 

 


တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-


ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှု တွေတိုင်းမှာ NCA နဲ့ပတ်သက်ပြီး အမြဲထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီလိုထည့်သွင်းပြောကြားရခြင်းဟာ NCA စာချုပ်သည် ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မှာ အဓိကအကျဆုံး အခြေခံလုပ်ဆောင်ရမယ့်အချက်ဖြစ်လို့ပဲ ဖြစ်ပါ တယ်။ NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲ တာ  မဟုတ်ဘဲ  ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုတွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကနဦးအဆိုပြုချက် တွေအပေါ်မှာ အခြေခံပြီး  အစိုးရ၊  တပ်မတော်နဲ့   တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးညှိနှိုင်းသဘောတူ ရေးဆွဲထားတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရှိ နိုင်ငံအချို့ နဲ့ အဖွဲ့အစည်းအသီးသီးတို့က အသိအမှတ်ပြု ပါဝင်လက်မှတ်ရေးထိုး ထားတဲ့   စာချုပ်ဖြစ်ပါတယ်။  ဒီလို    ခိုင်မာအတည်ပြုပြီးသား လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်မှသာ ကျွန်တော်တို့အားလုံးမျှော်မှန်းထားတဲ့ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်း ရေးကိစ္စရပ်တွေဟာ ပြည်ပစွက်ဖက်မှုကင်းစင်စွာဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှ သာ အောင်မြင်မှုရရှိမှာပဲ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပက မြန်မာ့ ငြိမ်းချမ်းရေးအကျိုးကို မလိုလားသူတွေရှိနေသရွေ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ ထင်သလောက်ခရီးပေါက်မှာမဟုတ် ကြောင်းနဲ့ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း ဝေဖန်အပုပ်ချ နေမှုတွေအပေါ်မှာ နားယောင်ဖို့မလိုကြောင်း ကျွန်တော်တို့ညီအစ်ကို တွေ သတိပြုမိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

 


တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-


ယနေ့     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ လက်တွေ့ကျတဲ့၊ ဖြစ်နိုင်တဲ့  လုပ်ဆောင်ချက်တွေကို   ဦးစားပေးဆောင်ရွက်လျက် ရှိပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က စပြီး ယခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက်   ထုတ်ပြန်ချက်ပေါင်း   ၂၁  ကြိမ်ထုတ်ပြန်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ပါတယ်။ ယနေ့တပ်မတော်က နိုင်ငံ တော်တာဝန်ကို ထမ်းဆောင်နေရချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လက်တွေ့ကျကျ တိုးတက်လာနိုင်စေရေး နိုင်ငံတော်နဲ့တပ်မတော် အကြီးအကဲဖြစ်တဲ့  ကျွန်တော်ကိုယ်တိုင်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အခုဆို ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ၂ ကြိမ် တွေ့ဆုံ ခဲ့ပြီး ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးကြရာမှာ ပြည်သူလူထုရဲ့လိုလား ချက်ဖြစ်ပြီး ကျွန်တော်တို့အစိုးရရဲ့ မူဝါဒနှစ်ရပ်ဖြစ်တဲ့ ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို အားလုံးက လက်ခံသဘောတူ ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ သူတို့ရဲ့ လိုအင်ဆန္ဒတွေ၊ ဖြစ်ချင်တာတွေ၊ မျှော်မှန်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့  ငြိမ်းချမ်းရေးရရှိစေဖို့  ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေ၊ ဆက်လက်ဆောင်ရွက်သွားရမယ့်  ကိစ္စရပ်တွေကို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။   တွေ့ဆုံမှုတိုင်းမှာ    ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ရလဒ်တွေရရှိခဲ့တယ်လို့ အသိပေး ပြောကြားလိုပါတယ်။

 


တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-


ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်ရာမှာ ရပ်တည်သွားရမယ့် အခြေခံအချက် ၂ ခု ရှိပါမယ်။ ဒါတွေကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)   အပေါ်မှာ   ခိုင်ခိုင်မာမာ   ရပ်တည်သွားပါမယ်။ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်သွားပါမယ်။ NCA အပေါ်မှာ ဘာကြောင့်ရပ်တည် သင့်တယ်ဆိုတာကို ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ဟာလည်း တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ သဘောဆန္ဒအရ ရေးဆွဲထားတာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီများအစုအဖွဲ့၊  ရွေးကောက်ပွဲတွင်  ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်များအစုအဖွဲ့၊    တိုင်းရင်းသားလူမျိုးများအစုအဖွဲ့၊ တောင်သူလယ်သမားအစုအဖွဲ့၊  အလုပ်သမားအစုအဖွဲ့၊   အသိပညာ ရှင်/ အတတ်ပညာရှင်များအစုအဖွဲ့၊    နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့၊ အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအစုအဖွဲ့စတဲ့ အစုအဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့    ကျယ်ကျယ်ပြန့်ပြန့်   ဆွေးနွေးရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်းရေးဆွဲရာမှာ ၁၉၉၃ ခုနှစ်၊ စက်တင် ဘာလကနေ ၁၉၉၆ ခုနှစ် အထိ ၂ နှစ်ကျော်ကြာကျင်းပခဲ့တဲ့ အမျိုး သားညီလာခံမှာ ခုနကပြောခဲ့တဲ့ အစုအဖွဲ့  ၈  ဖွဲ့က ကိုယ်စားလှယ် ၇၀၂ ဦးက ဆွေးနွေးရေးဆွဲခဲ့တာဖြစ် ပါတယ်။ ၂၀၀၄ ခုနှစ်၊ မေလက နေ ၂၀၀၇ ခုနှစ်၊ ဧပြီလအထိ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသား ညီလာခံမှာ ကိုယ်စားလှယ်အရေအတွက်ကို ၁,၀၈၆ ဦးအထိ တိုးချဲ့ပြီး ဆောင်ရွက်ခဲ့ပါတယ်။   အမျိုးသားညီလာခံကို  တက်ရောက်ရမယ့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ရာမှာလည်း နိုင်ငံရေးပါတီများအစု အဖွဲ့နဲ့ ရွေးချယ်ခံကိုယ်စားလှယ်များ အစုအဖွဲ့မှအပ ကျန်အစုအဖွဲ့များ ရဲ့ ကိုယ်စားလှယ်တွေကို ကိုယ်စားလှယ်ရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်း ခြင်း၊ ၎င်းအဖွဲ့များက မဲဆန္ဒပြု ရွေးချယ်ခြင်း၊ အရည်အချင်းသတ်မှတ် ချက်များသတ်မှတ်ခြင်း  စတဲ့ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း  တွေ့ရှိရပါတယ်။   ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အသက်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့အနှစ်သာရဖြစ်တဲ့ အခြေခံမူ ၁၀၄ ချက်ကို ချမှတ်ရာမှာလည်း အမျိုးသားညီလာခံမှာ အစုအဖွဲ့အသီးသီးက တင်သွင်းခဲ့တဲ့ စာတမ်း ၂၂ စောင်၊ စာမျက်နှာ  ၉၀၀  ကျော်အပေါ်မှာ  ကျယ်ကျယ်ပြန့်ပြန့်၊ အချေအတင် ဆွေးနွေးပြီး သဘောတူညီချက်များ ရယူချမှတ်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီအထဲမှာ အခြားဖိတ်ကြားသူများ အစုအဖွဲ့ထဲမှာ ပါဝင်တဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ခေါင်းဆောင်တွေ၊ NLD အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပါတီတွေက ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်များပါ ပါဝင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းရှိပြီးဖြစ်တယ်။ အခြေခံဥပဒေမူကြမ်းကို အတည်ပြု ရာမှာလည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေကို  ၂၀၀၈  ခုနှစ်၊  မေလ အတွင်းမှာ  ကျင်းပခဲ့ပြီး   နိုင်ငံတစ်ဝန်းလုံးမှ  ဆန္ဒမဲပေးခွင့်ရှိသူ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ပြီး ဆန္ဒမဲ ပေးသူတွေအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက  ထောက်ခံမဲပေးပြီး ဒီမိုကရေစီနည်းလမ်းကျ     အတည်ပြုခဲ့တာဖြစ်ပါတယ်။   အမျိုးသားညီလာခံကို တက်ရောက်ခဲ့သူ တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)  ကို  မဲပေးခဲ့သူများဟာ ခုထိရှိနေပါတယ်။  ဒါ့ကြောင့်  ကျွန်တော်တို့အစိုးရအနေနဲ့   အခု တိုင်းပြည်တာဝန်များကို  ထမ်းဆောင်နေရချိန်မှာလည်း  ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရပ်တည်နေ ခြင်းတို့ဟာ ဒီမိုကရေစီနည်းလမ်းကျ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေ ကို ထိန်းသိမ်းစောင့်ရှောက်နေတာ၊ တစ်နည်းအားဖြင့် ပြည်သူလူထု လိုလားတောင့်တတဲ့   ဒီမိုကရေစီစနစ်ကို  ထိန်းသိမ်းစောင့်ရှောက်နေ တာပဲဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ပြောလိုပါတယ်။ ဒါ့ကြောင့် တိုင်းရင်း သားညီအစ်ကိုမောင်နှမများအနေနဲ့လည်း  အစိုးရနဲ့လက်တွဲပြီး   ဒီမိုကရေစီစနစ်ကို    ကာကွယ်စောင့်ရှောက်ကြဖို့၊ ငြိမ်းချမ်းရေးလမ်းကို   လျှောက်လှမ်းကြဖို့  တိုက်တွန်းပြောကြားလိုပါတယ်။

 


တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-


ကျွန်တော့်အနေနဲ့    နိုင်ငံတော်ရဲ့   ပကတိလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ကို  ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်နေပါတယ်။
ဒီအထဲမှာ တိုင်းရင်းသားညီအစ်ကိုတွေအတွက် အလေးပေးထား တာတွေ များစွာပါရှိပါတယ်။  ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် အမှတ် စဉ်(၄)မှာလည်း “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း အလေးအနက်ထားလုပ်ဆောင် သွားမည်” ဆိုတဲ့အချက်ကို  အတိအလင်း   ထည့်သွင်းထားပါတယ်။ နိုင်ငံရေးဦးတည်ချက်မှာလည်း ထည့်သွင်းထားပါတယ်။ ဒီလုပ်ဆောင် ချက်တွေကတစ်ဆင့်   အမျိုးသားရေးလုပ်ငန်းစဉ်တွေ၊   နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပုံဖော်နိုင်ဖို့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဟာ ရှိကိုရှိရမှာ ဖြစ်ပါတယ်။

 


ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီ၊  ညှိနှိုင်းရေးကော်မတီဆိုပြီး  ကော်မတီ  ၃  ရပ်ဖွဲ့စည်းပြီး ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ညှိနှိုင်းရေး ကော်မတီအနေနဲ့    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ (၈၈)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးရာမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးရဲ့   နိုင်ငံရေးရည်မှန်းချက်တွေ၊ သဘောထားတွေ၊ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

 


တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-


ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်မှာပါဝင်တဲ့ ဒီမိုကရေစီ နဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ရာ မှာ နိုင်ငံရဲ့အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ တာကို သတိရဖို့လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စု နိုင်ငံ ထူထောင်ကြဖို့နဲ့ပတ်သက်ပြီး ဗမာပြည်သစ်ကို တည်ထောင် တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊ လူမျိုးကြီးတစ်မျိုး တည်းပဲဆိုတဲ့   တိုင်းပြည်မျိုး(Unitary State)တည်ထောင်မလား ဆိုတော့  ပြည်ထောင်စု(Union) သဘောမျိုးပဲ ဖြစ်ရမယ်။ ဒါမှ လူမျိုး အားလုံး တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကိုလုပ်နိုင်မှာပဲလို့ ပြောကြားခဲ့တာရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်ထောင်စု (Union)ဆိုတဲ့ စကားကို သတိပြုမိဖို့လိုအပ်မှာဖြစ်ပါတယ်။

 


ကျွန်တော်တို့နိုင်ငံမှာ အဓိကတိုင်းရင်းသားလူမျိုးကြီး ၈ မျိုး၊ လူမျိုးစု ၁၃၀ ကျော်ရှိပါတယ်။ တိုင်းရင်းသားလူမျိုးတိုင်းဟာ တူညီတဲ့ အခွင့်အရေးများ ရဖို့လိုပါတယ်။ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တိုင်းရင်းသားများအရေးနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားပြီးဖြစ်ပါ တယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အခွင့်အရေးတွေ၊ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေရရှိအောင် ဆက်လက်ဆောင်ရွက် သွားပါမယ်။

 


တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-


ဖက်ဒရယ်ဆိုတာဟာ  မတူကွဲပြားနေတဲ့   တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို   စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့   အယူအဆသဘောတရား ဖြစ်ပြီး   ပေါင်းစည်းနေထိုင်ခြင်း၊  မျှဝေခံစားခြင်း    ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကို ထောက်ခံတဲ့   ပြည်သူလူထုကို   ကိုယ်စားပြုတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်း သား လူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေ ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ကျွန်တော့်အနေနဲ့ EAO ခေါင်းဆောင်များကို ဆွေးနွေးရှင်းပြပြီးဖြစ်ပါတယ်။ အခု တိုင်းရင်း သားများရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို  ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင်ဖို့က  နိုင်ငံရေးစင်မြင့်ဖြစ်တဲ့  လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာဖို့ လိုအပ်ပါ တယ်။ ဒါမှလည်း လူမျိုးစုအလိုက်လိုလားချက်တွေ၊ ရည်မှန်းချက် တွေကို ပွင့်လင်းမြင်သာစွာ  ဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊  စုပေါင်း အကောင်အထည်ဖော်နိုင်မှာ  ဖြစ်ပါတယ်။   ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားများရဲ့ တောင်းဆိုချက်၊ လိုလားချက်တွေထဲက ဖြစ်နိုင် တာ၊ ဖြစ်သင့်တာတွေကို    အကောင်အထည်ဖော်နိုင်ဖို့    အချို့သော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်သင့်တာပြင်ရပါလိမ့် မယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီးရှိတယ်။ တိုင်းရင်းသားတွေကို ကိုယ်စား ပြုမှုအများဆုံးဖြစ်တဲ့  အမျိုးသားလွှတ်တော်က  အဆိုပြုလိုက်တဲ့ အဆိုပြုချက်တွေ၊  ဥပဒေမူကြမ်းတွေဟာ  ပြည်သူ့လွှတ်တော်နဲ့ သဘောထားကွဲလွဲမှုရှိလို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရင် လူများစုဖြစ်တဲ့   ပြည်သူ့လွှတ်တော်ဘက်ကပဲ  လွှမ်းမိုးသွားတာ များပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို    တည်ဆောက်မယ်ဆိုရင်   ဒီလိုကိစ္စမျိုးမှာ တိုင်းရင်းသားတွေအရေးကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ 

 


ဒါ့ကြောင့်   ဥပဒေပြုရေးမဏ္ဍိုင်အတွင်းမှာကိုပဲ  ထိန်းညှိမျှတမှု (Check and Balance)ရှိစေရေးနဲ့   တိုင်းရင်းသားလူမျိုးများ  အခွင့် အရေးကို    အလေးထားသောအားဖြင့်   သီးခြားဥပဒေပြုခွင့်တွေကို လွှတ်တော်အလိုက်ပေးထားပြီး လုပ်ဆောင်နိုင်ရင် ပိုမိုကောင်းမွန်မယ် လို့ ကျွန်တော် ယူဆပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ ဘာဥပဒေ တွေကို ပြဋ္ဌာန်းနိုင်တယ်။ အမျိုးသားလွှတ်တော်ကတော့ မည်သည့် ဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ်။ ပြည်ထောင်စုလွှတ်တော်ကတော့ ဘာဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ် စသဖြင့် ပြဋ္ဌာန်းပေးရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်နိုင်ဖို့ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါလိမ့်မယ်။ ဒါမှသာ တိုင်းရင်းသားအားလုံး ဒီမိုကရေစီရဲ့အနှစ်သာရ၊ ပြည်ထောင်စုစနစ်ရဲ့ ကောင်းမွန်အဓိပ္ပာယ် ပြည့်ဝမှုတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

 


တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-


ကျွန်တော်တို့အားလုံး ဖြတ်သန်းလာခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခဲ့တဲ့

(၇)နှစ်ပြည့် ကာလမှာ ကျွန်တော့်အနေနဲ့-


-    ဖြတ်သန်းလာခဲ့ရတဲ့ကာလတစ်လျှောက် အတွေ့အကြုံတွေ အရ တည်ငြိမ်အေးချမ်းမှုရှိခြင်းနဲ့ တည်ငြိမ်အေးချမ်းမှု မရှိ ခြင်းတို့ရဲ့ အကျိုးအပြစ်တွေကို  သုံးသပ်ဆင်ခြင်ပြီး  NCA စာချုပ်ရဲ့ တန်ဖိုးအနှစ်သာရ ပိုမိုပီပြင်လာအောင် ဝိုင်းဝန်း ဆောင်ရွက်ကြပါ။

 


-    ဒို့တာဝန်အရေးသုံးပါးမူဝါဒကို    လေးစားတန်ဖိုးထားပြီး ပေါင်းစည်းညီညွတ်သော ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဖော်ဆောင်အောင်မြင်နိုင်ဖို့ NCA စာချုပ်ပါ ကတိကဝတ်တွေကို လေးလေးစားစား လိုက်နာ ကြပါ။

 

-    အမျိုးသားနိုင်ငံရေး အတွေးအမြင်ကြွယ်ဝသော၊ နိုင်ငံသား သစ္စာတရား  ပြည့်ဝသော နိုင်ငံကြီးသားစိတ်ထားရှိသူတွေ ဖြစ်လာစေရန် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်သွားကြပါ။

 


-    NCA မှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် အဖွဲ့ အစည်းတွေ ပါဝင်လာစေဖို့အတွက် နှိုးဆော်တိုက်တွန်းမှု တွေ၊ စည်းရုံးသိမ်းသွင်းမှုတွေကို  တတ်စွမ်းနိုင်သမျှ  ပံ့ပိုး လုပ်ဆောင်ခြင်းဖြင့် သမိုင်းမှတ်တမ်းကောင်းတစ်ခု စိုက်ထူ သွားကြပါစို့လို့ နှိုးဆော်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။