
ညိုထွန်းလွင်
ရတနာလို့ပြောကြရင် ရတနာတို့၏ အထွတ်အမြတ်ဆုံးအဖြစ် ကျွန်တော် ခံယူသိရှိထားတဲ့ ရတနာက “ဘုရားရတနာ” ပါ။ အဲဒီကနေ ဒုတိယအထွတ်အမြတ် ရတနာအဖြစ် “တရားရတနာ”၊ တတိယအထွတ်အမြတ်ရတနာကတော့ “သံဃာရတနာ” ပါပဲ။ ကျွန်တော်ဦးတည်ရေးသားလိုတာက “ထူးခြားရတနာ” ဆင်ရတနာဆိုတဲ့အထဲက “ဆင်ဖြူတော်ရတနာ” အကြောင်းပါ။
“ဆင်ဖြူတော်ရတနာ” နဲ့ပတ်သက်ပြီး ၂၃-၇- ၂၀၂၂ ရက်နေ့၊ မင်္ဂလာနံနက် ၀၆:၃၀ နာရီအချိန် မြန်မာ သက္ကရာဇ် ၁၃၈၄ ခုနှစ် ဝါခေါင်လဆုတ် ၁၄ ရက် အင်္ဂါနေ့မှာပဲ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်း(သစ်တောဌာန)မှာ မိခင်ဆင်မကြီး “ဇာနန်းလှ” (၃၃ နှစ်)မှ အရပ် နှစ်ပေ ခြောက်လက်မ၊ လုံးပတ် သုံးပေ နှစ်လက်မ၊ အလေးချိန်ပေါင် ၂၀၀ ရှိတဲ့ ဆင်ဖြူတော်ရဲ့ ကြန်အင် လက္ခဏာတို့ဟာ ထိပ်ဆုံးမှာရှိတဲ့ ဆင်ဖြူတော် အထီးလေးကို မွေးဖွားသန့်စင်ပေးလိုက်တဲ့သတင်း ကြားသိရမှုပါပဲ။ အခုဆိုရင် သုံးလသားအရွယ် ပေါင် ၂၅၀ ခန့်ရှိနေပါပြီ။
မဟာအဆွေတော်
ဒါဟာ အင်မတန်လေးနက်ထူးခြားတဲ့ သတင်း ကောင်းတစ်ခုပါ။ သာမန်အားဖြင့် ဆင်ဖြူတော် ရရှိလာဖို့ရာ သာမန်ဆင် ၁၀၀၀၀ မျှမှာ တစ်ကောင် မျှ ဖြစ်ခဲလှတယ်ဆိုတာ လေ့လာသိရှိရဖူးပါတယ်။ နောက် အထီးကလေး။ နိုင်ငံက “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ” မှာပါ။ “မြန်မာ-Myanmar” အသံထွက်ဝေါဟာရ၊ မြန်မာ - အင်္ဂလိပ်လိုပါ။ ဒီနေရာမှာ ဘာထူးခြားလို့လဲမေးရင် ဆင်ဖြူတော် လေးဟာ “အင်္ဂါသား”၊ “အဖြူရောင်”။ ဗေဒင်ကိန်းခန်း အရ “ဦးသာ၊ စိန်ပန်း၊ ဒန်းလှကိုရှာ” မိတ်ဓာတ်၊ “မြန်မာ”ဆိုတဲ့ နိုင်ငံတော်ရဲ့ မဟာမိတ်ဓာတ်ကြီးလို့ ယူဆရင်လည်း မြန်မာနိုင်ငံတော်ရဲ့ ထူးခြားလှတဲ့ “ထူးခြားရတနာ” မဟာအဆွေတော် ဆင်ဖြူတော် ရယ်လို့ တင်စားဖွဲ့ဆိုနိုင်ပါတယ်။
ကျွန်တော် “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး”ရှိရာသို့ ဦးခိုက်ဖူးမြော်ရင်း ထူးခြားရတနာ “ဆင်ဖြူ တော်များ”ထားရှိရာသို့ အရောက်သွားခဲ့ပါတယ်။ မကြာမီရောက်လာထားရှိမယ့် “ဆင်ဖြူတော်ဆောင်” ကို ရောက်ခဲ့ပါတယ်။ စေတီတော်အရှေ့ဘက်မုခ် ကားလမ်းမကြီးခြားလျက် အရှေ့ဘက်ခြမ်းမှာ ဆင်ဖြူတော်ခန်းမအဆောင်ကြီးကို ရောက်လာပါ တယ်။ အဆောင်ကြီး တိုးချဲ့တည်ဆောက်ဖို့ တာဝန်ရှိကြသူအဆင့်ဆင့်က စီစဉ်နေတာ သိရ ပါတယ်။
ဆင်ဖြူတော်များ
ဆင်ဖြူတော်တွေအကြောင်း လေ့လာရာမှာ အောက်ဖော်ပြပါအတိုင်း တွေ့ရှိရပါတယ် -
(၁) နန္ဒဝတီ (Nanba Waddy) ခန့်မှန်း ၁၉၉၂ ခုနှစ်ဖွား၊ ၃၀ နှစ်၊ ဆင်ဖြူတော်အမ။
(၂) ဟေမဝတီ (Haymar Waddy) ခန့်မှန်း ၁၉၉၆ ခုနှစ်ဖွား၊ ၂၆ နှစ်၊ ဆင်ဖြူတော် အမ။
(၃) ငွေဆဒ္ဒန် (Ngwe Saddan) ခန့်မှန်း ၂၀၀၇ ခုနှစ်ဖွား၊ ၁၅ နှစ်၊ ဆင်ဖြူတော် အထီး။
(၄) သီရိမာလာ (Thiri Marlar) ခန့်မှန်း ၂၀၀၈ ခုနှစ်ဖွား၊ ၁၄ နှစ်၊ ဆင်ဖြူတော် အမ။
(၅) ဘဒ္ဒဝတီ (Bhadda Waddy) ခန့်မှန်း ၁၉၇၂ခုနှစ်ဖွား၊ ၅၀ နှစ်၊ ဆင်ဖြူတော်အမ။
(၆) ဇာတကလျာ (Zata Kalyar) ၂၇ - ၁၁- ၂၀၂၂ ခုနှစ်ဖွား၊ ၁၁ နှစ်၊ ဆင်ဖြူတော်
ထူးခြားရတနာအဖြစ် ကျွန်တော်မှတ်တမ်း တင်ချင်တာက “ဇာတကလျာ” ဆင်ဖြူတော် အမလေးနဲ့ အခုထပ်မံမွေးဖွားလာခဲ့တဲ့ ဆင်ဖြူတော် အင်္ဂါသားလေးတို့ပါ။ သူတို့ရဲ့ မွေးနေ့သက္ကရာဇ်ကို အတိအကျသိရှိရပြီး ဇာတကလျာက နေပြည်တော် သူစစ်စစ် ဖြစ်ခဲ့ပါတယ်။ မွေးဖွားခဲ့စဉ်က ခမ်းခမ်း နားနား ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို လှည့်လည်ပူဇော်ခဲ့ရာမှ ခမ်းနားတင့်တယ်စွာ အမည်ပေးကင်ပွန်းတပ်ခံခဲ့ရပြီး နေပြည်တော်သူ ဆင်ဖြူတော်မလေးအဖြစ် ထူးခြားစွာ ဘုရားစေတီ မှာ အခုတိုင် ခစားလျက်ရှိနေပါတယ်။
ပြုစုစောင့်ရှောက်ထား
နေပြည်တော်မှာ ဆင်ဖြူတော်အမ ငါးစီးနဲ့ အထီး တစ်စီး စုစုပေါင်း ခြောက်စီးရှိပါတယ်။ ဆင်ဖြူတော်ရေချိုးသန့်စင်ရန်နေရာ၊ ကျန်းမာရေး အရ ကျယ်ပြန့်တဲ့သစ်တောလွှတ်ကျင်း၊ လုံခြုံသောခန်းမအဆောင်နေရာကြီးနဲ့ ပြည့်စုံသောအကာအရံ တွေနဲ့ ၅၃ ဧကမျှ ကျယ်ဝန်းပြီး သစ်တောဦးစီး ဌာနမှ တိရစ္ဆာန်ဆရာဝန်ကြီးတွေ၊ ဆရာဝန်တွေ၊ အရာထမ်း ရှစ်ဦးအပါအဝင် အဆင့်ဆင့်ဖြင့် ဆင်ဖြူတော်တွေကို ပြုစုစောင့်ရှောက်ထားရှိတာ တွေ့ရှိရပါတယ်။
ဆင်ဖြူတော်တွေကို ကျွေးမွေးရာမှာလည်း “ကြံ၊ ထန်းလျက်၊ ဝါးရွက်၊ ထနောင်းရွက်၊ ဂျုံ၊ ဖွဲ၊ ကုလားပဲပြုတ်၊ စပါးပြတ်၊ မြက် စသည်တို့ဖြစ်ကြပြီး အဓိက မြက်အတွက် ဧက ၂၀ ခန့်နေရာမှာ နေဗီယာ မြက်မျိုးစိုက်ပျိုး၍ ကျွေးမွေးကြကြောင်း၊ ဆင်ဖြူ တော်အစာဖိုးသည်လည်း အရွယ်အစားကြီးမားမှု ကြောင့် နေ့စဉ်တန်ချီပြီး လစဉ်ခန့်မှန်းငွေ ၂၇ သိန်း နှင့် သိန်း ၃၀ ခန့်ရှိကြောင်း၊ ဆင်ရောဂါများဖြစ် သော အကြောတင်၊ အကြောမျက်၊ ဖက်ခွက်နာ၊ နှင်းခူ၊ မျက်စိနာ၊ အစာအိမ်လမ်းကြောင်းနာ၊ လေချုပ်၊ သန်ကောင်ရောဂါများအပြင် ကြိုတင် ကာကွယ်ဆေးအဖြစ် ထောင့်သန်း၊ မေးခိုင်၊ လည်ချောင်းကွဲရောဂါတို့အတွက် ထိုးနှံထားရှိပြီး ဂရုတစိုက် စောင့်ရှောက်ရပါကြောင်း သိရပါတယ်။
ဗုဒ္ဓဝင်ထဲမှ ဆင်ရတနာ
ထူးခြားရတနာဖြစ်ရတဲ့ အကြောင်းရင်းခံများစွာ ကို ဆက်လက်ရေးဖွဲ့လိုပါတယ်။ ဗုဒ္ဓဝင်ထဲက ဝေဿန္တရာမင်းကြီးရဲ့ အကြောင်းပါ။ မင်းကြီးဟာ “ပစ္စယ” မည်တွင်ခေါ်တဲ့ ဆင်ဖြူတော်ကို အလှူခံ လာတဲ့ ကလိင်္ဂရာဇ်တိုင်းသားတို့နယ်မြေမှာ ရာသီ ဥတု မမှန်ကန်မှုကြောင့် အစာရေစာငတ်မွတ် ခေါင်းပါးလျက်ရှိရာ အလှူခံလာသူပုဏ္ဏားကိုယ်စားလှယ်တို့ထံ ပေးအပ်လှူဒါန်းခဲ့မှုပါ။ မင်းကြီးအား အမတ်တွေနဲ့တကွ မင်းတိုင်ပင်ခံတို့ရဲ့ ကန့်ကွက်မှု ကြောင့် ထီးနန်းစွန့်ခွာပြီး မြိုင်ရပ်ကို နှင်ခြင်းခံခဲ့ရတဲ့ ဘုရားအလောင်းတော်ရဲ့ ဘဝဗုဒ္ဓဝင်ဖြစ်စဉ်အမှန်ပါ။ ဆင်ဖြူတော်ရဲ့တန်ဖိုးဟာ မခန့်မှန်းနိုင်မျှတဲ့အထိ ထူးခြားစွာရှိနေပြီး ဘုရားအလောင်းရဲ့ ပေးဆပ် ဝံ့ရဲမှုကို ကြက်သီးထမျှ ရင်မှာထူးခြားစွာ ခံစားမိပါ တယ်။
ထပ်မံထူးခြားတာက ဆင်ဖြူရတနာ ဆဒ္ဒန် ဆင်မင်းရဲ့ ဖြစ်စဉ်ပါ။ ဘုရားလောင်းလျာ ဆင်မင်း သည် ဆင်ဖြူရတနာဖြစ်ပြီး အစွယ်လိုသူမိဖုရား၊ စေခိုင်းသူ မင်းဧကရာဇ်၊ ဘုရားကျွန်တော် သောနုတ္တရ သတ်ရကြောင်း ဝန်ခံမှုအတွက် ဗုဒ္ဓဝင် လာအဆိုအရ မိမိအစွယ်ကိုဖြတ်ပြီး ပေးဆပ်ခဲ့မှုပါ။ အံ့မခန်းထူးခြားမှုပါပဲ။
ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းထဲမှ ဆင်ရတနာ
“ဆင်ရတနာ၊ မြင်းရတနာ” လို့ ခေါ်ဆိုသမုတ်ခဲ့မှု အပေါ်မှာ ရာဇဝင်ထဲက Alexander the Great ဟာ စစ်ပွဲပေါင်းများစွာကို မြင်းစစ်သည်တွေနဲ့ အောင်နိုင်ခဲ့ရာမှာ အိန္ဒိယစစ်မြေပြင်မှာ အိန္ဒိယ စစ်တပ်ရဲ့ ဆင်တပ်ကြောင့် သူ့ရဲ့ မဟာမြင်းတပ် ပျက်စီးပြီး ထိုမင်း ကျဆုံးခဲ့မှု သမိုင်းပါပဲ။ ဒါဟာ “ဆင်ရတနာ”ရဲ့ တန်ဖိုးတစ်ခုပါပဲ။ ဆင်ဆိုသော သတ္တဝါတွေဟာ တစ်ကမ္ဘာလုံးမှာ အာဖရိကနဲ့ အာရှ မှာပဲ များစွာရှိနေခြင်းကိုလည်း သတိထားမိပြန်ပါ တယ်။ မြန်မာနိုင်ငံသမိုင်းမှာဆိုရင် ဆင်ဖြူတော် တစ်စီးပိုင်မင်းကို “တစ်စီးရှင်”၊ ငါးစီးပိုင်ရင် “ငါးစီး ရှင်”၊ ဆင်ဖြူများစွာပိုင်ရင် “ဆင်ဖြူများရှင်”ဘွဲ့များ ခံယူခဲ့ကြသည်ကိုလည်း နားလည်ထားမိပါတယ်။ ဆင်တွေရဲ့ သက်တမ်းဟာလည်း ခန့်မှန်းအနှစ် ၁၀၀ မှ ၁၂၀ ခန့်ရှိကြောင်းလည်း လေ့လာသိရှိရပါ တယ်။
ရှေးက အမိမြန်မာနိုင်ငံတော်ကြီး တည်ဆောက် ရာမှာ ဆင်တပ်ဟာ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့ပြီး အရှေ့ဘက် ဇင်းမယ်၊ အယုဒ္ဓရ၊ အနောက်ဘက် အာသံ၊ မဏိပူရအထိ ခေါဘဏီတပ်ကြီးတွေနဲ့ ရှေးဘုရင်တို့ အောင်နိုင်မှုရရှိခဲ့ကြောင်း သိရှိခဲ့ရပြန် ပါတယ်။
အတိတ်နိမိတ်ကောင်းကြီးတစ်ခု
နိဂုံးချုပ်အနေဖြင့် မကြာမီရောက်ရှိလာမယ့် ဆင်ဖြူတော် တစ်စီး (အထီး)အတွက် တာဝန်ရှိသူ နိုင်ငံတော်အကြီးအကဲတွေ၊ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးရဲ့ ဂေါပကအဖွဲ့နဲ့ ဝန်ထမ်းတွေ၊ ဆင်ဖြူ တော်ဝန်ထမ်း (သစ်တောဦးစီးဌာန)တွေ၊ ဆင်ဖြူတော် ခန်းမဆောင်ကြီး တိုးချဲ့တည်ဆောက်ရေး၊ အလှူ တော်ငွေရရှိရေး၊ ကျွေးမွေးစောင့်ရှောက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက် ရှိကြပါတယ်။
မကြာမီ ဖွံ့ဖြိုးတိုးတက်လာတော့မယ့် အမိ နိုင်ငံတော်ကြီးအတွက် “ထူးခြားဆင်ဖြူတော် ရတနာ” ဟာ အတိတ်နိမိတ်ကောင်းကြီးတစ်ခု အဖြစ် ကျွန်တော်နဲ့တကွ ပြည်သူတွေ ယုံကြည်စွာ ရှိနေကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
ကိုးကား
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ ထုတ်ဝေသည့် ကောင်းမြတ် ချိန်ခါ ဆင်ဖြူတော်ရတနာစာအုပ်မှ အချက်အလက် အချို့ကို မှီငြမ်းကိုးကားပါသည်။
- Log in to post comments