ထင်းရှူးမြို့တော်အဖြစ် ရေရှည်တည်တံ့ဖို့ ထင်းရှူးတောများ ထိန်းသိမ်းစို့

Type
၅

 

ကောင်းထက်

 

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော် တောင်တန်းများပေါ်တွင် တည်ထားသော မြို့ဖြစ်သည့်အတွက် မြို့နေအိမ်များသည် နိမ့်တုံမြင့်တုံဖြင့် ညီညာမှု မရှိ။ ထိုသို့ မြေပြင်အနေအထားကို မူတည်ကာ တည်ဆောက်ထားသော အိမ်ကလေးများဖြစ်နေခြင်းကပင် အမြင်ဆန်းသစ်မှုဖြင့် ခရီးသွားပြည်သူများကို ဆွဲဆောင်ထားသည့် မြို့လေးကား ကလောမြို့ပင်။

 


ကလောမြို့ဝန်းကျင်သည် နွေရာသီ၌ အပူရှောင် အပန်းဖြေစခန်းအဖြစ်၊ မိုးရာသီ၌ စိမ်းစိုလတ်ဆတ် သော ထင်းရှူးရနံ့ထုံမွမ်းသော မြို့ကလေးအဖြစ်၊ ဆောင်းရာသီ၌ အေးစိမ့်နေသည့် နှင်းမြို့တော်အဖြစ် သဘာဝဆန်ဆန် လှပလျက်ရှိသည်။  ပြည်တွင်း ပြည်ပခရီးသွားများကို  တစ်ခေါက်ရောက်ပြီးသော် လည်း နောက်ထပ်လာလည်ချင်သည့်စိတ် ဖြစ်ပေါ် လာအောင် သဘာဝအလှအပများစွာဖြင့် ဆွဲဆောင် ထားနိုင်သည့် တောင်ပေါ်မြို့လေးဖြစ်သည်။ 

 


ထင်းရှူးတောများ လျော့နည်းလာ


ကလောမြို့ကို  ဝန်းရံထားသည့်  ထင်းရှူးတော များကြောင့် ထင်းရှူးမြို့တော်ဟုလည်း လူသိများလှ သည်။   ထင်းရှူးတောများသည်    ကလောမြို့၏ အမှတ်သင်္ကေတဖြစ်သည်။ ထင်းရှူးတောများသည် တစ်နှစ်ပတ်လုံး  စိမ်းလန်းသော  အပင်များဖြစ်သည်။ တောင်ပေါ်ဒေသအတွက်  ထင်းရှူးတောများသည် အေးမြစိမ်းစိုသော  ရာသီဥတုကို  ထိန်းညှိပေးသည့် သစ်တောများဖြစ်သည်။  သို့သော်လည်း   ထင်းရှူး တောများသည် လူဦးရေတိုးတက်မှု၊  စိုက်ပျိုးမြေ တိုးချဲ့လာမှု၊   ဒေသဖွံ့ဖြိုးတိုးတက်လာမှု  စသည့် အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာသည်။

 


“ကလောက ခရီးသွားမြို့တော်အဖြစ်  ထင်ရှား တယ်။ Little England လို့တောင် တင်စားကြတယ်။ ပြည်တွင်းပြည်ပ ခရီးသွားတွေ လာလည်ကြတာ အေးချမ်းတဲ့ သဘာဝတောတောင် ရာသီဥတုကြောင့် ပါ။  ကလောက  ထင်းရှူးတောတွေက   ရာသီဥတု အတွက်  အရေးပါတာကိုတော့ ဒေသခံတိုင်း သိနား လည်ကြတယ်။  ဒါပေမယ့်  ထင်းရှူးဆီ   ထုတ်တာ ကြောင့်၊ ထင်းရှူးပင်တွေ တရားမဝင်ခုတ်တာတွေ ကြောင့် ထင်းရှူးတောတွေ လျော့နည်းလာတယ်။ ဒီလို လျော့နည်းလာတာကို ပြန်လည်စိုက်ပျိုးပြုစု ထိန်းသိမ်းတဲ့   လုပ်ငန်းတွေနဲ့   သဘာဝတောတွေ ထိန်းသိမ်းဆောင်ရွက်တဲ့  လုပ်ငန်းတွေမှာတော့ ကျွန်တော်တို့   ဒေသခံတွေအနေနဲ့      ပူးပေါင်း ဆောင်ရွက်သွားဖို့  လိုပါတယ်”  ဟု  ကလောမြို့မှ ဒေသခံ ဦးခန့်မင်းမော် က ဆိုသည်။

 


ရှမ်းပြည်နယ်တွင် ထင်းရှူးစိုက်ခင်းစုစုပေါင်း ၁၈၆၈၅ ဧက စိုက်ပျိုးတည်ထောင်ပြီးဖြစ်ပြီး ကလော မြို့နယ်တွင် ထင်းရှူးစိုက်ခင်း ၅၁၀၃ ဧက ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ သစ်တောအတန်း အစား  ကျဆင်းခြင်း (Forest Degradation)၊ သစ်တောပြုန်းတီးခြင်း (Deforestation)များ ဖြစ် ပေါ်နေသည့် သစ်တောဧရိယာများ၊ ဓမ္မတာနည်းအရ မျိုးဆက်ရန် မဖြစ်နိုင်သောတောများနှင့်  သဘာဝ တော   တန်ဖိုးမြှင့်စိုက်ပျိုးခြင်းနည်းအရ    ပြုစု ဆောင်ရွက်ပေးခြင်းဖြင့်    လုံလောက်မှုမရှိသော တောများကို  ပဝတ္တိမျိုးဆက်ခြင်းနည်း (Artificial Regeneration)  ဖြင့်   သစ်တောစိုက်ခင်းများကို တည်ထောင် စိုက်ပျိုးပေးခြင်း ဖြစ်သည်။

 


သစ်တောဦးစီးဌာနသည် ကလောမြို့ဝန်းကျင်ရှိ ထင်းရှူးတောများအပါအဝင်  သဘာဝတောများကို ထိန်းသိမ်းနိုင်ရန် ကလောကြိုးဝိုင်း၊ မကွေကြိုးဝိုင်း၊ ဝက်ဖြူရေကြိုးဝိုင်း၊ အောင်ပန်းကြိုးဝိုင်း၊ ဘန်းလုံ ကြိုးဝိုင်း၊ တောင်လေးလုံးကြိုးဝိုင်းနှင့် သီခေါင်ကြိုး ပြင်   ကာကွယ်တောအဖြစ်   သတ်မှတ်ထားရှိပြီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ထင်းရှူး သစ်မျိုး  အပါအဝင်  သစ်မျိုး ၂၀ ကို  ထိန်းသိမ်း ကာကွယ်ရမည့်    တားမြစ်သစ်ပင်များအဖြစ် သတ်မှတ်၍ သစ်တောဦးစီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာကွယ်ထားသည်။ ထို့ပြင် ကလောမြို့ နှင့် ပတ်ဝန်းကျင်ရှိ ထင်းရှူးတောများ ထိန်းသိမ်း ကာကွယ်ရေး၊ ထင်းရှူးစိုက်ခင်းများ တည်ထောင် စိုက်ပျိုးရေးလုပ်ငန်းများကို       သစ်တောဦးစီးဌာန အနေဖြင့် အားစိုက်ဆောင်ရွက်လျက်ရှိသည်။

 


ဘာပဲစိုက်စိုက် ရှင်အောင်စိုက်


“ထင်းရှူးတောတွေဟာ       တောင်ပေါ်ဒေသရဲ့ ရာသီဥတုကို   ထိန်းသိမ်းပေးနိုင်တယ်။  အကြောင်း အမျိုးမျိုးကြောင့် လျော့နည်းလာမှုကို ကျော်လွန်ပြီး တော့   ထင်းရှူးမြို့တော်အဖြစ်    ခရီးသွားတွေ ဆွဲဆောင်နိုင်ဖို့၊   တောင်ပေါ်ဒေသရဲ့    သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဖို့  ၂၀၂၂  ခုနှစ် မိုးရာသီ ကာလကနေ ၂၀၂၄ ခုနှစ် မိုးရာသီကာလအထိ သုံးနှစ် စီမံချက်အဖြစ်   ထင်းရှူးပင်တွေကို   စနစ်တကျ စိုက်ပျိုးသွားမှာ   ဖြစ်ပါတယ်။   ဒီလိုစိုက်ပျိုးရာမှာ လည်း ဘာပဲစိုက်စိုက် ရှင်အောင်စိုက်ဆိုသလို စိုက်ပျိုး တဲ့အပင်တွေ ရှင်သန်ဖို့အတွက်  သစ်တောစိုက်ခင်း ပြုစုထိန်းသိမ်းရေး     လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမှာပါ။ ပြီးတော့  ဒီတောတောင် ဝန်းကျင်တွေဟာ    အင်းလေးကန်   ဇီဝနယ်မြေနဲ့ ဆက်စပ် နေတဲ့အတွက်      သစ်တောပြုစုထိန်းသိမ်းရေး လုပ်ငန်းတွေကို     စဉ်ဆက်မပြတ်    စနစ်တကျ ဆောင်ရွက်သွားဖို့  လိုပါတယ်” ဟု  ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းဆင့် က ပြောကြားသည်။

 


သစ်တောဦးစီးဌာနအနေဖြင့်     ကလောမြို့အား  ထင်းရှူးမြို့တော်ဖြစ်စေရေး       ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကို    သုံးနှစ်တာကာလအတွက် ရေးဆွဲထားရှိပြီးဖြစ်ပြီး မိုးရာသီ သစ်ပင်စိုက်ပျိုးချိန်၌ ထင်းရှူးပင် ၆၅၀၀၀ ကို  နှစ်စဉ်  စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

 


ကလောမြို့အား   ထင်းရှူးမြို့တော်ဖြစ်စေရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကို ကလောမြို့၏ အမှတ်သင်္ကေတအဖြစ်   ထင်းရှူးပင်များ   ရေရှည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊    ကလောမြို့နယ်အား ထင်းရှူးမြို့တော်   ဖြစ်စေရန်၊    ထင်းရှူးပင်များ ထိန်းသိမ်းခြင်း၊   ဖြည့်စွက်စိုက်ပျိုးခြင်းများဖြင့် ကလောမြို့တော်အား ထင်းရှူးပင်များဖြင့် သာယာ လှပစေရန်၊  ထင်းရှူးပင်များ   တိုးပွားလာခြင်းဖြင့် သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ ပိုမို တိုးချဲ့ဆောင်ရွက်လာနိုင်စေရန်၊     ထင်းရှူးပင်များ ထိန်းသိမ်းပြုစုခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်းများတွင် ဒေသခံပြည်သူများ   ပူးပေါင်းပါဝင်ဆောင်ရွက်လာ စေရန်  ရည်ရွယ်ချက်များဖြင့်   အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 


“ကျွန်တော်တို့ ဌာနအနေနဲ့ တစ်နှစ်ကို အပင် ၆၅၀၀၀ နဲ့ စီမံချက်သုံးနှစ်မှာ ထင်းရှူးပင် ၁၉၅၀၀၀ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ စိုက်ဧကအနေနဲ့ဆိုရင် တစ်နှစ်ကို ၁၅၂ ဧကနဲ့  သုံးနှစ် ၄၅၆ ဧက ဖြစ်ပါ တယ်။ စိုက်ပျိုးမယ့်နေရာတွေကတော့ ကလောမြို့ ဝန်းကျင်နဲ့ သစ်တောနယ်မြေဖြစ်တဲ့ ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောတွေမှာ ဖြစ်ပါတယ်။ ဒီလို စိုက်ပျိုးရာမှာ စိုက်ပင်တိုင်း ရှင်သန်နိုင်ဖို့အတွက် တစ်နှစ်သားကျော်  အမြင့်    နှစ်ပေအထက်ရှိတဲ့ ထင်းရှူးပျိုးပင်တွေကို စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးခရိုင် သစ်တောဦးစီး ဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး   ဦးကျော် ကျော်ဦးက ရှင်းပြသည်။

 


စုပေါင်းစိုက်ပျိုးဆောင်ရွက်


၂၀၂၂ ခုနှစ် မိုးရာသီတွင် ထင်းရှူးပင် ၆၅၀၀၀ ကို သဘာဝတောများရှိ   ကွက်လပ်ဖြစ်ပေါ်နေသော နေရာများတွင်          ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ တည်ထောင်ပြီး  စိုက်ခင်းများအတွင်း ပြန်လည်ပြုစု ထိန်းသိမ်းစိုက်ပျိုးခြင်း၊  ပြည်ထောင်စုကားလမ်းမ ကြီး   လမ်းဘေး    ဝဲ/ယာတွင်   ထင်းရှူးပင်များ  တအုပ်တမ စိုက်ပျိုးခြင်းတို့ကို   သစ်တောဦးစီးဌာနမှ တာဝန်ယူ     စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တို့မှ        စုပေါင်းစိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 


ထိုကဲ့သို့   ဖြန့်ဝေစိုက်ပျိုးသွားမည့်   ထင်းရှူး ပျိုးပင်များကို ကလောမြို့နယ် သစ်တောဦးစီးဌာန အင်းပြင်အမြဲတမ်းပျိုးဥယျာဉ်နှင့်   ဟဲဟိုးအမြဲတမ်း ပျိုးဥယျာဉ်တို့တွင်   ကြိုတင်ပျိုးထောင်ထားရှိပြီး ဖြစ်သည်။

 


“ကျွန်တော်တို့   ပျိုးဥယျာဉ်နှစ်ခုမှာ   ထင်းရှူး အပါအဝင် ချယ်ရီ၊ ခါတော်မီ၊ စိန်ပန်းပြာ စတဲ့ ဒေသ နဲ့ ကိုက်ညီတဲ့   ပျိုးပင်တွေကို  ပျိုးထောင်ထားရှိပြီး သစ်တောဦးစီးဌာနအနေဖြင့်     တာဝန်ယူစိုက်ပျိုး သလို ပြည်သူလူထုထံ ဖြန့်ဝေပြီး စိုက်ပျိုးတာလည်း ရှိပါတယ်။ အခုနှစ်မှာတော့ ထင်းရှူးမြို့တော်စီမံချက် အရ ထင်းရှူးပျိုးပင်များကို လျာထားချက်ပြည့်မီ အောင်၊ အရွယ်မီ  ပျိုးပင်ရရှိအောင်   ကြိုတင်ပျိုး ထောင်ထားရှိခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာန အနေနဲ့   သဘာဝတောတွေမှာ    ကွက်လပ်ဖြည့် စိုက်ပျိုးတာကို မေလအတွင်း မိုးရွာသွန်းမှု အခြေ အနေနဲ့ချိန်ညှိကာ   စိုက်ပျိုးလျက်ရှိနေပြီး   လူထု ဖြန့်ဝေ စိုက်ပျိုးတာနဲ့ တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာ တွေ   စုပေါင်းစိုက်ပျိုးတာကို   ဇွန်လပထမပတ်မှာ စတင်ဖြန့်ဝေစိုက်ပျိုးသွားမှာ    ဖြစ်ပါတယ်”    ဟု ကလောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဟိန်းက ပြောသည်။

 


စိုက်ပျိုးပြီးသည့် အပင်များကို ရှင်သန်အောင် သစ်တောဦးစီးဌာနအနေဖြင့် ပေါင်းရှင်း ခါးဆွခြင်း၊ မြေဩဇာကျွေးခြင်း၊     သေပင်များ   တွေ့ရှိရပါက ဖာထေးစိုက်ပျိုးခြင်း၊ မီးကာကွယ်ခြင်း၊ တိရစ္ဆာန် များ စားကျက်ချဝင်ရောက်မှုမရှိစေရန် ကာကွယ် စောင့်ရှောက်ခြင်းလုပ်ငန်းများ  ဆောင်ရွက်သွားမည် ဖြစ်သည်။

 


အချုပ်အားဖြင့်ဆိုရလျှင်    တောင်ပေါ်ဒေသ ဂေဟစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထင်းရှူး တောများ  ပိုမိုဖြစ်ထွန်းလာပါက ရေ၊ မြေ၊ ရာသီဥတု သာလွန်ကောင်းမွန်လာမည်ဖြစ်သည်။  ကောင်းမွန် သော ရာသီဥတု၊  သဘာဝပတ်ဝန်းကျင်  အလှအပ များကြောင့် ဆွဲဆောင်မှုအားကောင်းသော ခရီးသွား လုပ်ငန်းများ၊  ဝန်ဆောင်မှုလုပ်ငန်းများဖြင့်  ဒေသ စီးပွားရေး ဖွံ့ဖြိုးမှုအရှိန်တိုးမြင့်လာမည်ဖြစ်သလို ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့် အလမ်းများတိုးပွား၍  လူမှုစီးပွားဖွံ့ဖြိုးလာမည်ဖြစ် သည်။ ထိုကဲ့သို့   တည်ရှိနေသည့်    တောင်ပေါ်ဒေသ ဂေဟစနစ်၏ အစိတ်အပိုင်းဖြစ်သော ထင်းရှူးတော များကို ထိန်းသိမ်းခြင်းဖြင့်   ဖွံ့ဖြိုးတိုးတက်မှုရလဒ် ကောင်းများ           ရရှိခံစားနိုင်မည်ဖြစ်သည့်အတွက် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံ ပြည်သူများအနေဖြင့်    ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း တင်ပြရေးသားလိုက် ရပါသည်။        ။