
ဆောင်းပါး
=====
ထိုင်းနိုင်ငံ နို့ထုတ်ကုန်ပစ္စည်းပွဲတော်သို့ အလည်တစ်ခေါက်
=====================================
ဒေါက်တာအေးအေးမော်
(မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)
ထိုင်းအမျိုးသား နို့ထုတ်ကုန်ပစ္စည်းပွဲတော်(National Dairy Festival) ကို နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလကုန်မှ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ခုနစ်ရက်ကြာ ကျင်းပ လေ့ရှိသည်။ ထိုပွဲတော်ကို ထိုင်းနိုင်ငံ၏ နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Dairy Farming Promotion Organization-DPO) က ဦးဆောင်ကျင်းပပြီး ပွဲတော်ကျင်းပရာနေရာမှာ ဆရာဘူရီခရိုင် (Saraburi Province) အရှေ့မြောက်ပိုင်းရှိ မောက်လပ် (Muaklek) မြို့နယ်တွင်ဖြစ်သည်။ လူဦးရေ အနည်းငယ်သာရှိသော မောက်လပ်မြို့လေး၏ အဓိကစီးပွားရေးလုပ်ငန်းမှာ နို့စားနွား မွေးမြူရေးလုပ်ငန်း ဖြစ်သည်။ ထိုမြို့လေး၏ လမ်းဘေးဝဲ၊ ယာရှိ လမ်းမီးတိုင်များကိုလည်း နို့ပုံးလေး များ၊ နွားရုပ်လေးများဖြင့် အလှဆင်ထားသည်။ ပန်းခြံနှင့် ဈေးကဲ့သို့ နေရာများတွင်လည်း ကောင်းဘွိုင်ရုပ်များ၊ အမျိုးမျိုးသော နွားရုပ်များကို မြင်တွေ့ရသည်မှာ တစ်မူ ထူးခြားလျက်ရှိသည်။
ဖွင့်လှစ်ရောင်းချ
ခုနစ်ရက်တိုင်တိုင်ကျင်းပသော နို့ထုတ်ကုန်ပစ္စည်း ပွဲတော်တွင် လုပ်ငန်းအသီးသီးမှ နွားနို့၊ နို့ခဲ၊ ဒိန်ချဉ် အမျိုးမျိုး၊ ရေခဲမုန့်၊ နွားနို့ဆေးပြား အစရှိသည့် နို့ထွက် ပစ္စည်းများ စုံလင်စွာရရှိနိုင်သကဲ့သို့ မွေးမြူရေးဆိုင်ရာ ဆေးဝါးမျိုးစုံ၊ နဖားကြိုးကအစ မွေးမြူရေးခြံသုံးပစ္စည်း မျိုးစုံ၊ နို့ညှစ်စက်၊ အစာကြိတ်စက် စသည့် စက်ပစ္စည်း များ၊ နွားများလျက်ရန် ဓာတ်ဆားခဲကအစ နွားစာအပင်၊ နွားစာချဉ်ဖတ် အမျိုးမျိုး၊ အာဟာရပြည့် ရောစပ်စာအမျိုး မျိုး စသည့်ဆိုင်ခန်းပေါင်းများစွာ ဖွင့်လှစ်ရောင်းချကြ သည်။ မွေးမြူရေးနှင့် ပတ်သက်သည့်အရာမှန်သမျှ ဤပွဲတော်တွင် စုံလင်စွာ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ ဤပွဲတော်တွင် အရောင်းဆိုင်များသာမက ထိုင်း ဘာသာနှင့် ရေးသားထားသော မွေးမြူရေးပညာရပ် ဆိုင်ရာ သုတေသနအသီးသီး၏ သုတေသန ပိုစတာ ပြခန်းကိုလည်း ဖွင့်လှစ်ပြသထားသည်။ ထိုပြခန်းတွင် အဆင့်မြင့် နွားမွေးမြူရေးခြံများ၏ နမူနာပုံစံငယ်များ၊ အာဟာရဗေဒဆိုင်ရာ သုတေသနပိုစတာများ၊ မျိုးဗီဇ ဆိုင်ရာ သုတေသနပိုစတာများ၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာ သုတေသနပိုစတာများမှာလည်း ဝင်ရောက်ကြည့်ရှုသူများ ကို ဗဟုသုတများစွာ ဖြန့်ဖြူးပေးမည်မှာ မလွဲဧကန် ဖြစ်ပါလိမ့်မည်။
အောင်မြင်အောင် စနစ်တကျဆောင်ရွက်
ဤကဲ့သို့ အမျိုးအမည်စုံလင်သော ပွဲတော်ကြီး၏ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးသော အထူးဧည့်သည်တော်မှာ ထိုင်းနိုင်ငံ၏ တော်ဝင်မင်းသမီး မဟာချက်ကရီ သီရိဒုံဖြစ်သည်။ ယခင်ကတော့ ဘုရင် မင်းမြတ်ကိုယ်တော်တိုင် တက်ရောက်ခဲ့ပြီး ဘုရင် မင်းမြတ် နတ်ရွာစံပြီးသည့်နောက် ဘုရင်မင်းမြတ်၏ အားအကိုးရဆုံး သမီးတော်ကြီးက နှစ်စဉ်တက်ရောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မွေးမြူရေးပညာရပ်ဆိုင်ရာ သုတေသနများ၊ မွေးမြူရေးဖွံ့ဖြိုးစေမည့် စီမံချက်များ အတွက် အစိုးရထံမှ လိုအပ်သော အထောက်အပံ့များ ရရှိနိုင်ရန်လည်း မင်းသမီးက အကူအညီပေးကြောင်း သိရှိ ခဲ့ရသည်။ အစိုးရကလည်း ထောက်ပံ့ပေးသလို စီမံချက် ဆောင်ရွက်သူများကလည်း စီမံချက်များကို အောင်မြင် အောင် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြ ကြောင်းကို ထိုင်းနိုင်ငံ၏ အောင်မြင်နေသော နို့စားနွား မွေးမြူရေးက သက်သေပြနေသည်။ ထိုင်းနိုင်ငံ၏ နို့စားနွားမွေးမြူရေးသည် ပြည်တွင်းစားသုံးမှုအတွက် လုံလောက်သည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင် နေပြီ ဖြစ်ပါသည်။ ယခုအခါ ချော့ချိုင်းခြံ (Chock Chai Farm) ကဲ့သို့ ထိုင်းနိုင်ငံထုတ် နွားနို့ဘူးများ မြန်မာ့ ဈေးကွက်တွင် နေရာယူလာနေပြီ ဖြစ်သည်။ ဤ နေရာတွင် ထုတ်လုပ်မှုအရည်အသွေးကောင်းမွန်သော နို့စားနွားများရရှိရန် ထိုင်းနိုင်ငံ၏ နို့စားနွား မျိုးမြှင့်တင်မှု အစီအစဉ် (Dairy Breeding Genetic Improvement Program) အကြောင်းကို အနည်းငယ် တင်ပြလိုသည်။
နို့စားနွား မျိုးမြှင့်တင်မှုအစီအစဉ်
မျိုးမြှင့်တင်မှုအစီအစဉ်တွင် မျိုးဗီဇအရည်အသွေး ကောင်းသော မျိုးနွားသိုးကို ရွေးထုတ်နိုင်ရန် စနစ်တကျ စီမံချက်ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိ ရသည်။ ပုံတွင် ဖော်ပြထားသည့်အတိုင်း မျိုးဗီဇ အရည်အသွေးကောင်းသော နွားသိုး (Superior Sire) ကို ရွေးချယ်ရာတွင် မိဘ၊ ဘိုးဘေးများ၏ ထုတ်လုပ်မှု မှတ်တမ်း (Pedigree) အရ ထုတ်လုပ်မှုအရည်အသွေး ကောင်းသည်ဟု အကဲဖြတ်ခံထားရသော နွားထီးနှင့် နွားမမှ ပေါက်ဖွားလာသော နွားကလေးများထဲမှ ရွေးချယ်သည်။ ထိုသို့ မှတ်တမ်းများအရ အကဲဖြတ်ထားသော အထီးနှင့် အမမှ နွားထီးလေး (သို့) နွားမလေး ပေါက်လာသည် ဆိုပါစို့။ နွားထီးကလေးဖြစ်ပါက အထက်တွင် ဖော်ပြခဲ့သည့် နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DPO) က တာဝန်ယူစောင့်ရှောက်ရန် ခေါ်ဆောင်သွားပြီး နွားမလေး ကိုမူ ခြံပိုင်ရှင်က စနစ်တကျ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရသည်။ DPO က နွားထီးလေး၏ ကြီးပြင်းမှု တစ်လျှောက် ကြီးထွားဖွံ့ဖြိုးမှု စွမ်းဆောင်ရည် အကဲဖြတ် စစ်ဆေးခြင်း (Growth Performance Test) ပြုလုပ်၍ စွမ်းဆောင်ရည်မကောင်းသော နွားလေးကို ပယ်မည် ဖြစ်သည်။ ကြီးထွားဖွံ့ဖြိုးမှု စွမ်းဆောင်ရည် အကဲဖြတ်မှု အောင်မြင်သော နွားထီးငယ်လေး (Young Bull) ကို အရွယ်ရောက်သောအခါ မျိုးပွားမှု စွမ်းဆောင်ရည် စစ်ဆေး ခြင်း (Reproduction Performance Test) ပြုလုပ်သည်။
စွမ်းဆောင်ရည်စစ်ဆေး
မျိုးပွားမှု စွမ်းဆောင်ရည် စစ်ဆေးမှုတွင် လိင်စိတ် ထက်သန်မှုကို စစ်ဆေးခြင်း (Libido Testing)၊ လိင်ဆက် ဆံနိုင်ခြင်း (Success of Copulation)၊ သုက်ရည်၏ ပုံပန်းသဏ္ဌာန်၊ သုက်ရည်ထုတ်နိုင်မှု ပမာဏ၊ အရည် အသွေး(Semen Appearance, Volume, Concentration and Quality)၊ သုက်ပိုး၏ပုံမှန်ဖြစ်မှု၊ ရွေ့လျားမှု၊ အသက် ရှင်သန်နိုင်မှု (Sperm Normality, Movement, Mortality)၊ ကပ်ပယ်အိတ်၏လုံးပတ် (Scrotal Circumference)၊ ခြေထောက်များသန်မာမှုတို့ ပါဝင်သည်။ မျိုးပွားမှု စွမ်းဆောင်ရည် စစ်ဆေးအောင်မြင်ပြီးသော နွားထီး ငယ်လေးကို စောင့်ကြည့်ခံနွားသိုး (Proving Sire) ဟု သတ်မှတ်သည်။ စောင့်ကြည့်ခံနွားသိုးအား ကြီးထွားဖွံ့ဖြိုး မှုစွမ်းဆောင်ရည် စစ်ဆေးပြီးသော နွားမတမ်း(Heifer) ဖြင့် မေထုံမဲ့ သားစပ်စေပြီး ရရှိလာသော သားသမီးများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးခြင်း (Progeny Test) ပြုလုပ် သည်။
သားသမီးများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးခြင်း (Progeny Test) ဆိုသည်မှာ သားသမီး၏ စွမ်းဆောင်မှု အရည်အသွေးကို ကြည့်၍ မိဘတွင် သယ်ဆောင်ထားသော မျိုးဗီဇ၏ အရည်အသွေးကို ဆုံးဖြတ်ခြင်း ဖြစ်သည်။ မျိုးရိုးဗီဇနှင့် သားစပ်ခြင်းပညာရပ်တွင် သားသမီးများ သည် မိဘနှစ်ပါး၏ မျိုးဗီဇနမူနာဟူသော ယူဆချက် ရှိသည်။ သားသမီး၏ စွမ်းဆောင်ရည် ညံ့ဖျင်းပါက မိဘ၏ မျိုးဗီဇအရည်အသွေးညံ့သည်ဟု ယေဘုယျ ပြောနိုင် သည်။ ထိုမိဘကို အနာဂတ်မျိုးဆက်များအတွက် မျိုးအနေဖြင့် အသုံးမပြုပါ။ နောင်အနာဂတ်အတွက် မျိုးအဖြစ် သုံးသင့်၊ မသုံးသင့်ကို ဆုံးဖြတ်နိုင်ရန် သားသမီးများ၏ စွမ်းဆောင်ရည်ကို စစ်ဆေးခြင်း ပြုလုပ် ရသည်။ နို့စားနွားဖြစ်သည့်အတွက် မျိုးအဖြစ်ရွေးရာတွင် နို့ထွက်နှုန်းကောင်းသည့် နွားမများကို အဓိက ရွေးချယ်ခြင်းဖြစ်သည်ဟု ထင်စရာရှိသည်။ နွားမ တစ်ကောင် နို့ထွက်နှုန်းကောင်းခြင်း၊ မကောင်းခြင်း ဆိုသည့် မျိုးဗီဇသည် ထိုနွားမ၏ မိခင်ဘက်မှ အမွေ ဆက်ခံရရှိသော မျိုးဗီဇနှင့် ၅၀ ရာခိုင်နှုန်း သက်ဆိုင် သကဲ့သို့ ထိုနွားမ၏ ဖခင်ဘက်မှ အမွေဆက်ခံရရှိသော မျိုးဗီဇနှင့်လည်း ၅၀ ရာခိုင်နှုန်း သက်ဆိုင်နေသည်။ သက်ရှိသတ္တဝါတိုင်း၏ မျိုးဗီဇ အဖွဲ့အစည်းသည် ဖခင်၏ မျိုးဗီဇ တစ်ဝက်နှင့် မိခင်၏ မျိုးဗီဇတစ်ဝက် ပေါင်းစပ်ထား ၍ ဖြစ်သည်။
မျိုးဗီဇ ရွေးချယ်ရန် လိုအပ်
ထို့ကြောင့် အထီးဘက်မှ မျိုးဗီဇကိုလည်း ရွေးချယ်ရန် လိုအပ်သည်။ သို့သော် အထီးများတွင် နို့ထုတ်လုပ်မှုစွမ်းရည်ကို တိုက်ရိုက်စစ်ဆေး၍ မရနိုင်။ နို့ထုတ်လုပ်မှုလက္ခဏာသည် အမတစ်မျိုးတည်းတွင်သာ ဖော်ပြနိုင်သည့် လိင်ကန့်သတ်လက္ခဏာဖြစ်သည်။ ထို့ကြောင့် နို့ထုတ်လုပ်မှု အရည်အသွေးကောင်းသည့် မျိုးဗီဇပါ၊ မပါကို ထိုအထီးမှ ပေါက်ဖွားသော နွားမလေး များ၏ နို့ထုတ်လုပ်မှုစွမ်းရည်ကို စစ်ဆေး၍ အကဲဖြတ် နိုင်သည်။ ထို့ကြောင့် နို့စားနွားအတွက် အထီးကို မျိုးအဖြစ် ရွေးချယ်ရာတွင် သားသမီးများ၏ စွမ်းဆောင် ရည်ကို စစ်ဆေးသောနည်း (Progeny Test) ဖြင့် ရွေးချယ် သည်။ ထို့အပြင် အထီးတစ်ကောင်သည် သူ၏ဘဝ သက်တမ်းတစ်လျှောက် အမပေါင်းများစွာဖြင့် သားသမီး ပေါင်းများစွာ ထွန်းကားနိုင်သော်လည်း အမများသည် အထီးနှင့်ယှဉ်ပါက ဘဝတစ်လျှောက်လုံးတွင် ထွန်းကား နိုင်သည့် သားသမီးအရေအတွက်မှာ အကန့်အသတ် ရှိသည်။ ထို့ကြောင့် နို့စားနွား မွေးမြူရေးအတွက် အထီး ၏ မျိုးကို ဦးစားပေးရွေးချယ်သည်။
အထက်တွင် ဖော်ပြခဲ့သည့် စောင့်ကြည့်ခံ နွားသိုး များကို Progeny Test ပြုလုပ်ရာတွင် ၎င်းတို့၏ မျိုးရည် (Semen) ကို နေရာဒေသအသီးသီးသို့ ပို့ဆောင်ဖြန့်ဖြူးရ သည်။ နွားသိုးတစ်ကောင်၏ မျိုးရည်ကို အသီးသီးသော နေရာဒေသရှိ မွေးမြူရေးခြံ နှစ်ခြံ (သို့) သုံးခြံမှ ကြီးထွားဖွံ့ဖြိုးမှုစွမ်းဆောင်ရည် စစ်ဆေးပြီးသော နွားမတမ်း များနှင့် မေထုံမဲ့ သားစပ်ရသည်။ ဤသို့ နေရာဒေသ အသီးသီး၊ ခြံအသီးသီးရှိ နွားမတမ်းများနှင့် သားစပ်ခြင်း ဖြင့် ရရှိလာသော သားသမီးများ၏ စွမ်းဆောင်ရည်ကို အခြားသက်တူရွယ်တူ စောင့်ကြည့်ခံနွားသိုးများမှ ပေါက်ဖွားသော သားသမီးများ၏ စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်ရသည်။ ထိုသို့ နှိုင်းယှဉ်ရာတွင် နွားသိုး မတူညီ ခြင်းဆိုသည့် အချက်မှလွဲ၍ ကျန်သောနေရာဒေသ၊ မွေးမြူသည့် စနစ်၊ ကျွေးထားသော အစာ၊ နွားကလေးများ ပေါက်ဖွားသည့် ရာသီ အားလုံးတူညီသည့် အခြေအနေရှိ နွားကလေးများ အချင်းချင်းသာ နှိုင်းယှဉ်ရမည် ဖြစ်ပါ သည်။ အမေ နွားမများ၏ အသက်၊ ခန္ဓာကိုယ် အနေ အထားများလည်း တတ်နိုင်သရွေ့ အတူတူဖြစ်ရန်လိုသည်။
ထိုကဲ့သို့ အခြေအနေအရပ်ရပ်ကို တူညီအောင် ညှိယူထားသော အခြေအနေတွင် စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ပြီး စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်သော နွားမလေးများ၏ ဖခင် စောင့်ကြည့်ခံနွားသိုး(Proving Sire) ကို အနာဂတ်အတွက် အရည်အသွေးမြင့် မျိုးနွားသိုး (Superior Sire) အဖြစ် ရွေးချယ်ခြင်း ဖြစ်သည်။ နို့စားနွား များအတွက် စစ်ဆေးရမည့် အရေးပါသော ထုတ်လုပ်မှု စွမ်းဆောင်ရည် (Productive Performance) များမှာ စုစုပေါင်း နို့ထုတ်လုပ်နိုင်မှုပမာဏ(Total Milk Yield)၊ နို့ပေးကာလ အတိုအရှည် (Lactation Length)၊ သားအောင်နိုင်ခြင်း (Fertility)၊ စောစော အရွယ်ရောက်ပြီး စောစောသားကျနိုင်ခြင်း (Age at First Calving) စသည် တို့ပါဝင်သည်။ သားသမီးစွမ်းဆောင်ရည် စစ်ဆေး အောင်မြင်ပြီးသော စောင့်ကြည့်ခံနွားသိုးကို စောင့်ကြည့် ပြီး နွားသိုး (Proven Sire) ဟု သတ်မှတ်သည်။ ထိုစောင့်ကြည့်ပြီးနွားသိုးကို အနာဂတ်အတွက် မျိုးနွား သိုး (Superior Sire) အဖြစ် ရွေးချယ်သည်။
မျိုးဗီဇအရည်အသွေးမြင့် မိခင်ကိုရွေးချယ်
အမဘက်ကိုလည်း ကြီးထွားဖွံ့ဖြိုးမှု စွမ်းဆောင်ရည် အကဲဖြတ် စစ်ဆေးခြင်း (Growth Performance Test)၊ မျိုးပွားမှု စွမ်းဆောင်ရည် စစ်ဆေးခြင်း (Reproduction Performance Test)၊ ထုတ်လုပ်မှု စွမ်းဆောင်ရည်နှင့် သားသမီးစွမ်းဆောင်ရည် စစ်ဆေးခြင်း (Productive Performance and Progeny Test)များ ပြုလုပ် အောင်မြင်ပြီးသော မျိုးဗီဇအရည်အသွေးမြင့် မိခင် (Superior Dam) ကို ရွေးချယ်ရမည် ဖြစ်ပါသည်။
Progeny Test အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် အတွက် စောင့်ကြည့်ခံနွားသိုး၊ သူ၏ မိတ်ဖက်ဖော်နွားမ နှင့် သူ၏ သားသမီးများကို ဆိုင်ရာဆိုင်ရာ မိသားစု အုပ်စုအလိုက် မှန်ကန်စွာ အမှတ်အသားပြုခြင်း (Animal Identification)နှင့် မိသားစုအုပ်စုများ၏ စွမ်းဆောင်ရည် မှတ်တမ်း(Performance Record) များသည် အဓိက သော့ချက် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ နွားမွေးမြူရေးခြံ အများစုသည် DPO နှင့် ကန်ထရိုက်ခြံအဖြစ် ချိတ်ဆက် ထားပြီး DPO မှ စွမ်းဆောင်ရည်မှတ်တမ်းတင်ခြင်း ဆိုင်ရာ နည်းစနစ်များကို မွေးမြူရေးသမားများအား သင်တန်းများ ပို့ချထားပေးခြင်းဖြင့် နေရာဒေသအသီးသီး၊ ခြံအသီးသီးသို့ မျိုးရည်ဖြန့်ခဲ့သည့် စောင့်ကြည့်ခံ နွားသိုး ၏ သားသမီးများဆိုင်ရာ စွမ်းဆောင်ရည်မှတ်တမ်းများကို စနစ်တကျ စုစည်းရရှိနိုင်သည်။ နိုင်ငံနှင့်အဝှမ်း အချက်အလက်များ စနစ်တကျ စုဆောင်းသိမ်းဆည်း နိုင်သည့်စနစ် (Data base System) ကိုလည်း ထူထောင် ထားသည်။
ထိုစွမ်းဆောင်ရည်မှတ်တမ်းများမှ အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာ၍ မည်သည့်ဒေသတွင် မည်သည့် နွားသိုးကတော့ နို့ပေးကာလအတွက် သားစပ်နိုင်သည့် တန်ဖိုး (Breeding Value) အကောင်းဆုံးဖြစ်သည်၊ မည်သည့် နွားသိုးကတော့ ထုတ်လုပ်မှုအတွက် အသင့် တော်ဆုံးဖြစ်သည် စသည်ဖြင့် အဖြေထုတ်နိုင်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း မည်သည့် နွားသိုးကတော့ သားအောင်နှုန်းအတွက် သားစပ်နိုင်သည့် တန်ဖိုး ကောင်းသည်၊ မည်သည့် နွားသိုးကတော့ အရွယ် ရောက်ချိန်အတွက် သားစပ်နိုင်သည့်တန်ဖိုး အကောင်းဆုံး ဖြစ်သည် စသည်ဖြင့် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ နို့စား နွားမွေးမြူသူတို့က နို့ပေးကာလအတွက် စွမ်းဆောင်ရည် ကောင်းသည့်မျိုးကို ရချင်ပါက နို့ပေးကာလတွင် သားစပ် နိုင်သည့်တန်ဖိုး အကောင်းဆုံးဖြစ်သည့် နွားသိုး၏ မျိုးရည် ကို ဝယ်မည်၊ ထုတ်လုပ်မှုများများရချင်ပါက ထုတ်လုပ်မှု တွင် သားစပ်နိုင်သည့်တန်ဖိုး အကောင်းဆုံးဖြစ်သည့် နွားသိုး၏ မျိုးရည်ကို ဝယ်မည် စသည်ဖြင့် မိမိတို့ အလိုရှိ သော စွမ်းဆောင်ရည်ကိုပေးနိုင်မည့် မျိုးရည်ကို ရွေးချယ် ရရှိနိုင်သည်။
နို့စားနွားမျိုး ထုတ်လုပ်နိုင်ပြီ
ထိုင်းနိုင်ငံ၏ ကောင်ရေ လေးသန်းရှိ နွားအများစုမှာ လည်း ဖရီရှန်၊ ဂျာစီ၊ ဘရောင်းဆွစ်၊ ဂန်စီ၊ ဆာဟီဝယ်၊ ဆင်ဒီ စသော နို့စားနွားမျိုး နှစ်မျိုး သို့မဟုတ် သုံးမျိုးကို ရောစပ် ထားသော စပ်မျိုး (Multi-breed Dairy Population) များ ဖြစ်ကြသည်။ ထိုစပ်မျိုးများထဲမှ မိမိတို့၏ ရေမြေဒေသတွင် အကောင်းဆုံး စွမ်းဆောင်ရည်ပေးသော နို့စားနွားမျိုးကို ကိုယ့်ပြည်တွင်းတွင်ပင် ကိုယ့်မျိုးကိုယ်ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ နိုင်ငံခြားမှ မျိုးရည်များ တင်သွင်းစရာ မလိုတော့ပေ ။ ဤကဲ့သို့သော အောင်မြင်မှု အသီးအပွင့်များ သည် နေ့ချင်း၊ ညချင်း အချိန်တိုအတွင်း ဖြစ်လာသည်တော့ မဟုတ်ပါ။ နွားဆိုသည့် သတ္တဝါသည် ကြက်၊ ဝက်တို့နှင့် ယှဉ်ပါက မျိုးဆက်တစ်ဆက်နှင့်တစ်ဆက်ကြား အချိန် ကာလကြာသည်။ လုံလောက်သော အာဟာရ ရရှိထားသည့် နွားတစ်ကောင်သည် လိင်ပိုင်းဆိုင်ရာ အရွယ်ရောက်ရန် အချိန် တစ်နှစ်နီးပါး ကြာသည်။ ထိုနွားကို သားတင်ပြီး နောက် ရရှိမည့် ဇီးကာလသည် နောက်ထပ် ၁၀ လကြာ သည်။ ထုတ်လုပ်မှုစွမ်းရည်ကို အကဲဖြတ်နိုင်ရန် အနည်းဆုံး နို့ပေးကာလ တစ်ကြိမ် စောင့်ကြည့်ရန်လိုသည်။ နို့ပေးကာလသည်လည်း တစ်ကြိမ်လျှင် ယေဘုယျ အချိန် ၁၀ လ ကြာမြင့်သည်။ Progeny Test သည် သားသမီး ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်ရသော စစ်ဆေးမှု ဖြစ်သည့်အတွက် သားသမီးများ အရွယ်ရောက်ပြီး ထုတ်လုပ်မှုပြုလုပ်နိုင်သည့်အချိန်အထိ စောင့်ကြည့် ရမည် ဖြစ်သည်။ ထို့ကြောင့် အချိန်အတော်ယူ ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်သည်။ Progeny Test ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အချိန် ၁၀ နှစ်မျှ လိုအပ်မည် ဖြစ်သည်။ သို့သော် အချိန်ပေးပြီး စနစ်တကျ ဆောင်ရွက်နိုင်ပါက မျိုးဗီဇအရည်အသွေးကောင်းမွန်သည့် မျိုးနွားသိုးကို အမှန်တကယ်ရရှိနိုင်မည် ဖြစ်သည်။
Progeny Test ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တိရစ္ဆာန်အုပ်စုများကို စနစ်တကျအမှတ်အသားပြုသည့်စနစ် (Animal Identification)၊ မှတ်တမ်းမှတ်ရာများ စနစ်တကျ ပြုစုခြင်းစနစ် (Record Keeping)၊ အချက်အလက်များ စုဆောင်းခြင်းစနစ် (Data Collection) များ လိုအပ်သည်။ အချက်အလက်များကို သုံးသပ်အဖြေထုတ်နိုင်ရန် စာရင်းအင်းပညာရပ်ဆိုင်ရာ ဆော့ဝဲလ်များ၊ ကျွမ်းကျင်သူ များ လိုအပ်သည်။ နို့စားနွား မွေးမြူသူတို့၏ ပူးပေါင်းပါဝင် မှုများ၊ မှတ်တမ်းများ စနစ်တကျပြုစုနိုင်ရေး ပညာပေး သင်တန်းများလည်း လိုအပ်သည်။ အရေးကြီးသည်မှာ အရွယ်ရောက် နွားထီးများ၏ မျိုးရည် အရည်အသွေးကို စစ်ဆေးနိုင်သည့် အဆင့်မြင့် ဓာတ်ခွဲခန်းများ၊ ဓာတ်ခွဲခန်း အသုံးအဆောင် (Lab Facilities) များ လိုအပ်သည်။ Progeny Test စီမံကိန်းသည် အချိန် ၁၀ နှစ်မှ ၁၅နှစ်အထိ ကြာသည်ဖြစ်သောကြောင့် ဤစီမံကိန်းပြီးဆုံးချိန်တွင် စောင့်ကြည့်ခံနွားထီးသည် သက်ရှိထင်ရှားရှိချင်မှ ရှိပါလိမ့် မည်။ တစ်စုံတစ်ခုသော အကြောင်းကြောင့် သေဆုံးသွား နိုင်သည့်အတွက် ထိုစောင့်ကြည့်ခံ နွားထီးအသက်ရှင်စဉ် ထုတ်ယူထားသည့် မျိုးရည် (Semen) ကို နှစ်ပေါင်း ကြာရှည်စွာ သိမ်းဆည်းနိုင်သည့် အေးခဲလွန်စနစ် (Cryopreservation) ဖြင့် ထိန်းသိမ်းထားရန်လည်း လိုအပ်မည် ဖြစ်သည်။
နို့စားနွားပြိုင်ပွဲ (Dairy Competition)
နို့ထွက်ပစ္စည်းပွဲတော်၏ နောက်ထပ် စိတ်လှုပ်ရှား ဖွယ် အစီအစဉ်မှာ နို့စားနွားပြိုင်ပွဲ ဖြစ်သည်။ တစ်နိုင်ငံ လုံးရှိ နို့စားနွား မွေးမြူသူများသည် မိမိတို့၏ နို့စားနွား များကို လာရောက်ပြသကြသည်။ ထိုအထဲမှ ထုတ်လုပ်မှု ကောင်းပြီး နို့စားနွား တစ်ကောင်တွင် ရှိသင့်ရှိထိုက်သည့် ကိုယ်နေဟန်ထား အကောင်းဆုံးဖြစ်သည့် နို့စားနွား လေး ကောင်ကို ရွေးချယ်၍ ဆုချီးမြှင့်ခြင်း ဖြစ်သည်။ နို့စားနွား များ၏ ထုတ်လုပ်မှုသည် ကျွေးသည့်အစာနှင့် ပတ်ဝန်းကျင် အနေအထားတို့အပေါ် မူတည်၍ အပြောင်းအလဲ ရှိနိုင်သော ကြောင့် ပြိုင်ပွဲဝင်နွားများသည် ပွဲမစခင် တစ်လစောပြီး ဤနေရာတွင် ကြိုတင်ရောက်ရှိရန် လိုအပ်သည်။ ဤ တစ်လအတွင်း ပြိုင်ပွဲဝင်နွားအားလုံးကို တူညီသော အစာကျွေးပြီး နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နွားနို့ညှစ်၍ ထုတ်လုပ်မှုကို မှတ်တမ်းတင်ထားသည်။ အစာ အတူတူ၊ နေရာအတူတူထားသည့်အထဲမှ ထုတ်လုပ်မှုစွမ်းဆောင် ရည်ကောင်းသောနွားများ၏ ခန္ဓာကိုယ်အနေအထားကို ထပ်မံ၍ အကဲဖြတ်သည်။
နို့စားနွားကောင်းတစ်ကောင်တွင်ရှိရမည့် ကြန်အင် လက္ခဏာများမှာ အကြမ်းအားဖြင့် အရပ်အမြင့် (မြီးညှောင့် ရိုးထိပ်မှ မြေကြီးအထိ) ၁ ဒသမ ၃ မှ ၁ ဒသမ ၅ မီတာ ရှိရ
မည်။ ရင်အုပ်အကျယ် ၁၃ စင်တီမီတာမှ ၂၉ စင်တီမီတာ
အတွင်း ရှိရပြီး ခန္ဓာကိုယ် ဇောက်နက်ရမည်။ ခန္ဓာကိုယ်
နောက်ပိုင်း ခြစ်ခုံရိုး နှစ်ခုအကြား အကွာအဝေးကျယ်ရမည်။
နောက်မှ ကြည့်ပါက ခြေထောက်များ အတွင်းသို့ခွင်မနေဘဲ တစ်ဖြောင့်တည်း ရှိနေရမည်။ နို့အုံသည် ဝမ်းဗိုက်ကြမ်းပြင် နှင့် ခိုင်မြဲစွာ တွယ်ကပ်နေပြီး နို့သီးတံထိပ်များသည် အပြင် ဘက်သို့ လှည့်မနေရ။ နို့သီးတံ၏အလျားသည် တစ်စင်တီ မီတာမှ ကိုးစင်တီမီတာအတွင်း ရှိရမည်။ နို့အုံ၏ ဇောက် အနက်သည် နောက်ခြေ၏ တံကောက်ကွေးအောက်အထိ တွဲမနေစေရ။ နို့အုံရှိ သွေးကြောများ၊ နို့အုံကြားရှိ အက် ကြောင်းများ ထင်ရှားနေရမည်ဖြစ်သည်။
နွားအလှပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်အဖွဲ့တွင် တက္ကသိုလ် မှ ဆရာတစ်ဦး၊ DPO ၊ မွေးမြူရေးဖွံ့ဖြိုးမှုဌာန (Department of Livestock Development)၊ မွေးမြူရေးသမားများ ကိုယ်စားပြု ကိုယ်စားလှယ် စသည်ဖြင့် နယ်ပယ်အသီး သီးမှ ပါဝင်သည်။ လာရောက်ကြည့်ရှုသူပရိသတ်များ ကလည်း မိမိတို့ နှစ်သက်ရာနွားကို မဲပေးနိုင်ပြီး ပရိသတ် ပေးသည့် မဲအမှတ်ကိုလည်း ဆုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသည်။ ဒိုင်လူကြီးများက ပြိုင်ပွဲဝင် နွားတို့၏ ခန္ဓာကိုယ် ဖွဲ့စည်းမှုနှင့် ကိုယ်နေဟန်ထားများကို လိုက်လံစစ်ဆေးကြည့်ရှု၍ အမှတ်ပေးသည်။ ပထမ အဆင့်တွင် အမှတ်မကောင်းသော နွားများ ကွင်းထဲမှ ထွက်သွားရသည်။ ကျန်သည့်နွားများက ကွင်းထဲလှည့်ပြ ရပြီး ဒိုင်လူကြီးများက ထပ်မံ၍ အကဲဖြတ်သည်။ ဤသို့ဖြင့် ဆန်ခါတင်ကျန်ခဲ့သည့် ချန်ပီယံနွား လေး ကောင်ထဲမှ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထကိုအမှတ်ဖြင့် ဆုံးဖြတ်သည်။ နို့စားနွားပြိုင်ပွဲပြုလုပ်ခြင်းဖြင့် အရည် အသွေးကောင်းသော နို့စားနွားကို ရွေးချယ်နိုင်ခြင်း၊ နို့စားနွားတွင် ရှိသင့်ရှိထိုက်သော ခန္ဓာကိုယ်အနေအထား ကို မွေးမြူသူများ သဘောပေါက်နားလည်နိုင်ပြီး အရည် အသွေးကောင်းသော နို့စားနွားကို ရွေးချယ်ဝယ်ယူရာတွင် အထောက်အကူဖြစ်စေခြင်းတို့ကြောင့် နို့စားနွားပြိုင်ပွဲ သည်လည်း နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။
မှီဝဲသောက်သုံးသင့်
နွားနို့သည် ကယ်လ်စီယံ၊ ပရိုတိန်း၊ ဗိုက်တာမင် ဒီနှင့် အခြားအာဟာရဓာတ်များ ပါဝင်သည့် အာဟာရရည် ဖြစ်သည်။ နွားနို့၏ ပရိုတိန်းတွင်ပါဝင်သော အရည် အသွေးမြင့် အမိုင်နိုအက်စစ်သည် ကလေးငယ်များ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန်အတွက်လည်းကောင်း၊ ကယ်လ် စီယံနှင့် ဗိုက်တာမင်ဒီသည် အရိုးများ ဖွံ့ဖြိုးစေရန်အတွက် လည်းကောင်း အထောက်အကူပြုသည်။ လူကြီးများ အတွက်လည်း အရိုးပွခြင်း၊ အရိုးကျိုးခြင်း စသည်တို့ကို ကာကွယ်ပေးသည့်အတွက် မှီဝဲသောက်သုံးသင့်သည့် အာဟာရ ဖြစ်သည်။
ယနေ့ ဈေးကွက်တွင်လည်း အသင့်သောက်သုံး နိုင်သည့် နွားနို့၊ ဒိန်ချဉ်၊ နို့ပူတင်း စသည့် မြန်မာပြည်တွင်း ဖြစ် အရည်အသွေးမြင့် နို့ထွက်ပစ္စည်းများနေရာယူနေ ပြီမှာ ဝမ်းသာဖွယ်ဖြစ်သည်။ မြန်မာ့နို့စားနွား မွေးမြူ ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနေသည့်လက္ခဏာ ဖြစ် သည်။ တစ်ဖက်မှာလည်း ပြည်သူလူထု၏ ကျန်းမာရေး အသိပညာ ပိုမိုတိုးတက်လာသည်နှင့်အညီ နို့ထွက် ပစ္စည်း စားသုံးမှုမှာလည်း ရှေ့လျှောက်ပို၍ များလာဖွယ် ရှိနေပါသည်။ ပိုများလာဖွယ်ရှိသည့် စားသုံးမှုကို ဖြည့်ဆည်း ပေးနိုင်ရန်မှာ နို့ထွက်ပစ္စည်း ထုတ်လုပ်မှုကို ယခုထက်ပို၍ တိုးမြှင့်သွားရန် လိုအပ်လျက်ရှိသည်။ မြန်မာ့နို့စားနွား မွေးမြူရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုနိုင်စေရန် ရည်သန်၍ အိမ်နီးချင်းနိုင်ငံ၏ အောင်မြင် နေသော နမူနာကောင်းများကို ရေးသားတင်ပြ လိုက်ရပါသည်။ ။
မူရင်း - DPO၊ Department of Animal Science, Faculty of Agriculture
Kasetsart University, Thailand
- Log in to post comments