
ဘန်ကောက် ဇွန် ၂
ထိုင်းကုန်သည်ကြီးများ အသင်းသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထူထောင်နိုင်ရန်အတွက် ဆော်ဒီ အာရေဗျနိုင်ငံသို့ ၃၂ နှစ်တာ ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် မေလ လယ်ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။
လယ်ယာစိုက်ပျိုးရေး၊ အစားအစာ၊ စွမ်းအင်၊ ဓာတုဗေဒ၊ အိမ်ခြံမြေ၊ ဆောက် လုပ်ရေးပစ္စည်းများ၊ မော်တော်ကား၊ လေကြောင်း၊ နည်းပညာ၊ ဒစ်ဂျစ်တယ်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၊ ကျန်းမာရေးနှင့် လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးစသည့် ကဏ္ဍများမှ ကုန်သည်များ ကုန်သွယ်ရေးမစ်ရှင်အဖွဲ့ တွင် ပါဝင်ခဲ့ကြသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဆော်ဒီအာရေဗျ ရင်းနှီးမြှုပ်နှံ မှု ဝန်ကြီးတို့သည် ဆော်ဒီ-ထိုင်း ရင်းနှီး မြှုပ်နှံမှုဖိုရမ် ကျင်းပခဲ့ကြပြီး ပုဂ္ဂလိက ကဏ္ဍကိုလည်း မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။
ဆော်ဒီအာရေဗျသည် တူရကီပြီးလျှင် ဒေသတွင်းတွင် ထိုင်းနိုင်ငံ၏ ဒုတိယ အကြီးမားဆုံး ဈေးကွက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကုန်သွယ်မှုပမာဏ ဘတ်ငွေ ၂၄၁ ဘီလီယံရှိခဲ့သည်။ ယင်းတွင် ပို့ကုန် တင်ပို့မှုအနေဖြင့် ဘတ်ငွေ ၅၃ ဒသမ ၉ ဘီလီယံ ပါဝင်ပြီး သွင်းကုန်တင်သွင်းမှု အနေဖြင့် ဘတ်ငွေ ၁၈၇ ဘီလီယံရှိသည်။
ထိုင်းကုန်သည်ကြီးများအသင်းသည် နှစ်နိုင်ငံကုန်သွယ်မှု အပြည့်အဝစတင် သည်နှင့် ဆော်ဒီအာရေဗျသို့ ပို့ကုန်တင်ပို့ မှု ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာ မည်ဟု မျှော်မှန်းထားသည်။
အလားအလာရှိသည့် ပို့ကုန်များတွင် မော်တော်ကားနှင့် မော်တော်ကားအစိတ် အပိုင်းများ၊ စားသောက်ကုန်နှင့် ပြုပြင် ထားသော အစားအစာများ၊ စက်ယန္တရား များနှင့် လျှပ်စစ်ပစ္စည်းများ ပါဝင်သည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေး သံမှူးများ၏ ပေးပို့မှု အချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊