ထိုင်း - မြန်မာ ကျန်းမာရေးနှင့် အလှအပဆိုင်ရာဆွေးနွေးပွဲ ၂၀၂၃ ကျင်းပ

 

ရန်ကုန်  ဇန်နဝါရီ   ၁၃


ထိုင်းနိုင်ငံ၏    ကျန်းမာရေးနှင့်  အလှအပဆိုင်ရာ လုပ်ငန်းများနှင့် စီးပွားမိတ်ဖက်  တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခွင့်ရသည့် Thai –  Myanmar Business Matching  Health  and  Beauty  2023  ပြပွဲ ကို   ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ် ၌  ကျင်းပသည်။  

 


ပြပွဲတွင်   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာဋ္ဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ     ထိုင်းသံရုံးမှ    Minister Counsellor,  Assoc. Prof. Thanawut Naigowit ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်  ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ် ၊ မြန်မာနိုင်ငံ အလှကုန် အသင်း ဥက္ကဋ္ဌ   ဒေါက်တာစုလှဟန်တို့ တက်ရောက် အမှာစကားပြောကြားကာ          ပြပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 


ပြပွဲကို  ထိုင်း- မြန်မာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ရန်၊ ကုန်သွယ်မှုနှင့်   စီးပွားရေးအခွင့်အလမ်းများ တိုးတက်လာစေရန်၊ အရေးပါသော ချိတ်ဆက်မှုများ ရရှိစေရန်နှင့်    အကျိုးအမြတ်များ   ပိုမိုဖြစ်ထွန်း တိုးတက်လာစေရန်အတွက်  ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံရှိ အရည်အသွေးပြည့်ဝ  စံချိန်မီသော ကျန်းမာရေးစစ်ဆေးမှုနှင့် ဆေးဝါးကုသမှု ပရိုဂရမ် များ၊ အလှအပဆိုင်ရာထုတ်ကုန်များကို ရှာဖွေနေသူ များအတွက်   အထူးသင့်လျော်သော   ပြပွဲဖြစ်သည်။

 


ပြပွဲတွင်   အတွေ့အကြုံ  ၁၀  နှစ်ကျော်ရှိသော အသားအရေထိန်းသိမ်းအလှကုန်နှင့် ဖြည့်စွက်စာ များ ထုတ်လုပ်ရန်အတွက် ပြီးပြည့်စုံသော စက်ရုံများ၊ ခေတ်မီထုတ်လုပ်ရေး လုပ်ငန်းများမှ ကိုယ်စားလှယ် များ၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များ၊ ဖြန့်ဝေသူ များ၊ လက်ကားလုပ်ငန်းရှင်ကြီးများ၊ ရင်းနှီးမြှုပ်နှံသူ များနှင့်  တိုက်ရိုက်တွေ့ဆုံခွင့်ရသဖြင့် ထိုင်း- မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ    အချင်းချင်း ချိတ်ဆက် ဖလှယ်ခဲ့ကြကာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား   ရေရှည်တည်တံ့ခိုင်မြဲသော   စီးပွားရေးဆောင်ရွက်မှု များကို ရရှိစေနိုင်မည် ဖြစ်သည်။ 

 


အဆိုပါပြပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် လျက်ရှိပြီး ထိုင်းနိုင်ငံ စီးပွားရေးဝန်ကြီးဌာနအောက်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဝန်ကြီး ဌာန(DITP)က  ပါဝင်ကူညီပံ့ပိုးထားကာ    ပြပွဲတွင် ထိုင်းနိုင်ငံရှိ   ထိပ်တန်းဆေးရုံကြီးများတွင်    ဆေး ကုသမှုခံယူလိုသူများကိုလည်း အခမဲ့ဆွေးနွေးပေး သည့်အပြင် အလှကုန်လုပ်ငန်းကို စိတ်ဝင်စားသူများ၊ မိမိအမှတ်တံဆိပ်နာမည်ဖြင့် စတင်ဖြန့်ချိလိုသူများအနေဖြင့်လည်း    ထိုင်းနိုင်ငံမှ   နာမည်ကြီး Own-Equipment Manufacturing နှင့် Own – brand manufacturing စက်ရုံများနှင့်   တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်သည့် ပြခန်းပေါင်း ၂၆ ခုကိုလည်း ပြသခဲ့ ကြောင်း ကုန်သည်/စက်မှုအသင်းချုပ်မှ သိရသည်။


ကိုရိုး