
စိမ်းလန်းမြေ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် နိုင်ငံ တကာအတိုင်းအတာဖြင့် ထိရောက်စွာတိုက်ဖျက် နိုင်ရန်နှင့် အဂတိလိုက်စားမှုနှင့် ဆက်စပ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှု စသည်တို့ကို တားဆီးကာကွယ်ရန်၊ အရေးယူအပြစ်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် တို့အတွက် ကုလသမဂ္ဂသည် ၂၀၀၃ ခုနှစ်တွင် ကုလ သမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption-UNCAC) ကို အတည်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်၌ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု ဝင်ရောက်ခဲ့ပါသည်။ UNCAC ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူ မှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ရေးဆွဲ ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အမိန့် အမှတ် (၁၉/၂၀၁၄)ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။
ကောင်းမွန်သောအုပ်ချုပ်မှုစနစ်
ယခုလက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို (၂၀-၂-၂၀၂၁) ရက်တွင် ဖွဲ့စည်း ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသား ရေးတာဝန်အဖြစ်ခံယူလျက် တားဆီးကာကွယ် ခြင်း၊ အသိပညာပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်းဟူသည့် နည်းလမ်း(၃)သွယ်ဖြင့် မှန်ကန်ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ကို အဆင့်ဆင့်ကြိုးပမ်းဖော်ဆောင် လျက်ရှိပါသည်။
ကျင့်ဝတ်များ
ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက် များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိ ဆုံးဖြတ် ဆောင်ရွက်နိုင်ရန်နှင့် တစ်ဦးတစ်ယောက်တည်း၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်း မရှိစေရန် ကော်မရှင်အဖွဲ့ဝင်များပါဝင်သည့် လုပ်ငန်း ကော်မတီ(၆)ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါသည်။
အဆင့်ဆင့်စိစစ်ဆောင်ရွက်
ထိုသို့ဆောင်ရွက်ရာတွင် တိုင်ကြားစာများနှင့် စပ်လျဉ်း၍ တိုင်ကြားစာစိစစ်သုံးသပ်ရေး လုပ်ငန်း ကော်မတီဖွဲ့စည်း၍ ကော်မရှင်သို့ရောက်ရှိလာ သည့် တိုင်ကြားစာများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ စိစစ်ပြီး ပုဒ်မ၂၁ နှင့် ကိုက်ညီပြီး ပုဒ်မ ၂၂ နှင့် ငြိစွန်းခြင်းမရှိသည့် တိုင်ကြားစာများကို စုံစမ်းစစ်ဆေးရန်၊ သက်ဆိုင်ရာ ဌာနများမှ ဖြေရှင်းပေးရန်သင့်သည့် တိုင်ကြားစာ များကို လွှဲပြောင်းရန်နှင့် တိုင်ကြားသူထံ အကြံပြု ချက်နှင့်တကွ အကြောင်းပြန်ကြားရမည့် တိုင်ကြား စာများဟူ၍ စိစစ်ပြီး ကော်မရှင်အစည်းအဝေးသို့ တင်ပြရပါသည်။ ကော်မရှင်အစည်းအဝေးက တိုင်ကြားမှုအပေါ် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရပါသည်။ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တိုင်းတွင် အဖွဲ့အစည်း စနစ်ဖြင့်ဆောင်ရွက်သည့်အတွက် အပြန်အလှန် စောင့်ကြည့်ထိန်းကျောင်းသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။
တိုင်ကြားစာများ
ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် စိစစ်ဆဲ လက်ကျန်တိုင်ကြားစာများအပါအဝင် ၂၀၂၁ ခုနှစ် အတွင်း တိုင်ကြားစာပေါင်း ၁၆၃၃ စောင် လက်ခံ ရရှိခဲ့ပါသည်။ တိုင်ကြားစာများအား တိုင်ကြားစာ စိစစ်သုံးသပ်ရေးလုပ်ငန်းကော်မတီမှ စိစစ်ခဲ့ရာ အဂတိလိုက်စားကြောင်း ဖော်ပြတိုင်တန်းသည့် တိုင်ကြားစာ ၃၆ စောင်ရှိပြီး စီမံခန့်ခွဲရေး၊ အုပ်ချုပ် ရေးဆိုင်ရာ လွဲမှားဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် တိုင်ကြားစာ ၃၉၀၊ လယ်ယာမြေစီမံခန့်ခွဲမှု နှင့်စပ်လျဉ်းသည့် တိုင်ကြားစာ ၂၂၇ စောင်၊ တရားရုံးမှ စစ်ဆေးဆဲ/တရားရုံးမှ ဆုံးဖြတ်ပြီး အမှုနှင့်စပ်လျဉ်းသည့် တိုင်ကြားစာ ၁၇၅ စောင်၊ ဌာနတွင်း ပုဂ္ဂိုလ်ရေးမမှန်မကန်ဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် တိုင်ကြားစာ ၇၅၄ စောင်၊ တိုင်ကြား ပြီး ပြန်လည်ရုပ်သိမ်းသွားသည့် တိုင်ကြားစာ ကိုးစောင်နှင့် စိစစ်ဆဲ ၄၂ စောင် ဖြစ်ပါသည်။
အရေးယူဆောင်ရွက်ချက်
ကော်မရှင်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင် ဘာလအထိ စုံစမ်းစစ်ဆေးခဲ့သည့် တိုင်ကြားစာ ၃၆ စောင်အပေါ် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူ ၅၆ ဦး၊ အဆင့်မြင့်အရာရှိ လေးဦး၊ အရာထမ်း ခြောက်ဦးနှင့် ပြင်ပပုဂ္ဂိုလ် သုံးဦး စုစုပေါင်း၆၉ ဦး အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အညီ တရားစွဲဆိုဆောင်ရွက်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တိုင်ကြားစာ ၁၆၃၃ စောင်အနက် ၃၅၃ စောင်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင် ခြင်းမရှိသော်လည်း သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်သာ စီမံဆောင်ရွက်ရမည့် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ တိုင်ကြားစာများဖြစ်ကြောင်း စိစစ်တွေ့ရှိရသည့် အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၆(ဍ)အရ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များသို့ လွှဲပြောင်းပေးပို့ခဲ့ပါသည်။ လွှဲပြောင်း ပေးပို့ခဲ့ပြီးသည့် တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ပြန်ကြားပေး ရန် ညှိနှိုင်းအကြောင်းကြား ဆောင်ရွက်လျက်ရှိရာ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ၃၄၇ ဦး အပေါ် အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေ အား ကော်မရှင်သို့ ပြန်လည်ပေးပို့ပြန်ကြားခဲ့ ပါသည်။ ထိုသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိသည့် တိုင်ကြားစာများကို လွှဲပြောင်းပေးပို့ခြင်း၊ ပြန်ကြား ချက် တောင်းခံခြင်းတို့သည် သက်ဆိုင်ရာဝန်ကြီး ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်အပေါ် ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ဘဲ နစ်နာသူပြည်သူ နှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အကြား ပြေလည်စေရန် ရည်ရွယ် ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
၎င်းအပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေး ပေါ်ပေါက်ချက်အရ အဆင့်မြင့်အရာရှိ တစ်ဦး၊ အရာထမ်း ၄၁ ဦး၊ အမှုထမ်း တစ်ဦးတို့အား အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀(ခ)ဖြင့် အရေးယူဆောင်ရွက်ရန် သက်ဆိုင်သည့်ဝန်ကြီး ဌာနအဖွဲ့အစည်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်အတွင်း လက်ခံရရှိသည့် တိုင်ကြား စာများအနက် အဂတိလိုက်စားမှုနှင့် သက်ဆိုင်ခြင်း မရှိသည့်တိုင်ကြားစာ ၄၉၈ စောင်အား နစ်နာသူ ပြည်သူများထံသို့ မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်း အကြံပြု အသိပေးပြန်ကြားပေးခဲ့သဖြင့် ပြည်သူ များ၏ ကော်မရှင်အပေါ် တုံ့ပြန်ယုံကြည်မှုကို ရရှိခဲ့ ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်
အကျုံးဝင် သက်ဆိုင်ခြင်းမရှိသော တိုင်ကြားစာများ
လက်ခံရရှိသည့် တိုင်ကြားစာများအနက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အကျုံး ဝင် သက်ဆိုင်ခြင်းမရှိသည့် တိုင်ကြားစာ ၇၀၄ စောင်ရှိပြီး ၎င်းတိုင်ကြားစာများမှာ ကော်မရှင်သို့ မိတ္တူပေးစာများ၊ အထောက်အထားမဲ့ ပစ်စာများ၊ ရုပ်သိမ်းစာများ၊ ဥပဒေနှင့်အကျုံးမဝင်သည့် တိုင်ကြားစာများဖြစ်၍ ကော်မရှင်မှ အရေးယူ ဆောင်ရွက်မပေးနိုင်သည့် တိုင်ကြားစာများဖြစ် ကြောင်း စိစစ်တွေ့ရှိရပါသည်။ ကော်မရှင်သို့ တိုင်ကြားလာသည့် တိုင်ကြားစာအများစုမှာ အဂတိ ကျူးလွန်၍ တိုင်ကြားခြင်းဟု ဖော်ပြထားသော် လည်း ခိုင်လုံသည့်သက်သေအထောက်အထား များ မပါရှိခြင်း၊ တိုင်ကြားစာပေးပို့ရာတွင် အမည် များလွှဲ၍ ဖော်ပြထားခြင်း၊ အချို့တိုင်ကြားစာများ တွင် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာများ မှန်ကန်မှုရှိသော်လည်း ကြိုတင်ထောက်လှမ်းစုံစမ်း ရာ၌ ကာယကံရှင်ကိုယ်တိုင် ၎င်းတိုင်ကြားစာနှင့် စပ်လျဉ်း၍ မသိရှိခြင်း၊ အချို့မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်းသည့်တိုင်ကြားစာများတွင် အဂတိမြောက် ကြောင်း ဖော်ပြတိုင်ကြားထားသော်လည်း အဂတိ လိုက်စားကြောင်း ခိုင်လုံသည့်သက်သေအထောက် အထားမပါရှိဘဲ စီမံခန့်ခွဲမှုအလွဲများနှင့် သက်ဆိုင် နေခြင်း၊ အချို့မှာ သိမ်းဆည်းမြေပြန်လည်ရယူလိုမှုကြောင့် တင်ပြသည့်အသနားခံစာများ ဖြစ်ခြင်း၊ အချို့မှာ စီးပွားရေးအရ ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက် လုပ်ငန်းရှင်မှ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသွားသည့် အတွက် မကျေမနပ်တိုင်တန်းခြင်း၊ အချို့မှာ တရားရုံးမှဆုံးဖြတ်ပြီးသည့် အမှုအပေါ် အယူခံဝင်ရ မည့်အစား ကော်မရှင်သို့တိုင်ကြားခြင်း စသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အကျုံး မဝင်သည့်၊ ကော်မရှင်မှ အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိသော တိုင်ကြားစာများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
တိုင်ကြားရာတွင် သတိပြုရမည့်အချက်များ
“မည်သူမဆို အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာ လာခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ သတ်မှတ်ချက် များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ ဖြစ်စေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ဖွဲ့စည်းသောလုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့ အစည်းတစ်ခုခုသို့ဖြစ်စေ၊ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကိုပေးပို့နိုင်ပြီး” အဂတိလိုက် စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်သည့် ထိရောက်သော တိုင်ကြား စာများ ဖြစ်စေရန် တိုင်ကြားစာများပေးပို့ရာတွင် “ကော်မရှင်ထံ မိတ္တူပေးပို့ခြင်း မပြုဘဲ ကိုယ်တိုင် လိပ်မူပေးပို့ရပါမည်”။ တိုင်ကြားသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ၊ ဖုန်းနံပါတ်များ ပါဝင်ရပါမည်။ ၎င်းအပြင် အရေးကြီးသော မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ အသံဖိုင်၊ ဗီဒီယိုဖိုင် စသည့် သက်သေခံချက်များ ရှိကြောင်း ဖော်ပြနိုင်ရပါမည်။
တိုင်ကြားစာပေးပို့ရာတွင် “ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေရန်၊ ဂုဏ်သရေပျက်စေ ရန် တမင်ပြုလုပ်တိုင်ကြားပါက အရေးယူခံရနိုင်” သည်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၉ တွင် “မမှန်မကန် သတင်းပေးပို့ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ဖော်ပြထားသည်ကို သတိပြုကြရပါမည်။
ပူးပေါင်းဆောင်ရွက်ကြပါစို့
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် သည် အဂတိလိုက်စားမှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း နည်းလမ်း သုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများထံမှပေးပို့လာသည့် တိုင်ကြားစာများ အပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပေးပို့တိုင်ကြားသည့်နည်းလမ်းနှင့် အကြောင်းအရာ မှန်ကန်ရန် စိစစ်နိုင်သည့်မှတ်တမ်း၊ သက်သေခံချက် များ ပူးတွဲပါရှိရန် လိုအပ်၍ ပြည်သူများထံမှ ပေးပို့လာသည့် တိုင်ကြားစာများကိုလည်း အလေး ထား စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများ မလိုလားသော အဂတိအမှုအခင်းများ တဖြည်းဖြည်း လျော့ပါးကင်းစင်၍ အမိနိုင်ငံတော်၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်း နှိုးဆော်ဖော်ပြအပ်ပါသည်။ ။
ကိုးကား
- အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး Website (www.accm.gov.mm) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် အခြားအချက်အလက်များ
- အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က ထုတ်ပြန်သော တိုင်ကြားရာတွင်သတိပြု ရမည့်အချက်များ
- အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
- Log in to post comments