ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်   အောက်တိုဘာ   ၂၆


ထောပတ်သီးနှံ  စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်လာ စေရန်၊ ထောပတ်သီးနှံမှ ပြည်ပပို့ကုန် ဝင်ငွေတိုးမြှင့် ရရှိစေရန်နှင့်  ထောပတ်သီးနှံ၏  တန်ဖိုးကွင်းဆက် တစ်လျှောက် အားသာချက်၊ အားနည်းချက်၊ အခွင့်  အလမ်းနှင့် စိန်ခေါ်မှုများကို ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်ကျင်းပသည့်    “ထောပတ်သီးနှံ   စိုက်ပျိုး ထုတ်လုပ်မှု၊    ပြည်ပတင်ပို့မှုနှင့်     စိန်ခေါ်မှုများ” အလုပ်ရုံဆွေးနွေးပွဲကို     ယနေ့       နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။  

 
 ဆွေးနွေးပွဲသို့   စိုက်ပျိုးရေး၊     မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် မြန်မာနိုင်ငံ ထောပတ်အသင်း တာဝန် ရှိသူများ    တက်ရောက်ကြပြီး    တိုင်းဒေသကြီး၊ ပြည်နယ်များမှ  လယ်ယာကဏ္ဍဆိုင်ရာ  တာဝန်ရှိ သူများနှင့်    ထောပတ်စိုက်ပျိုးထုတ်လုပ်သူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး က   မြန်မာ့ရေမြေ   ရာသီဥတုတွင်   အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ထောပတ်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင် လျက်ရှိပြီး    အရည်အသွေးကောင်းသော     မြန်မာ့ ထောပတ်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေး၊    တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ နိုင်ရေးနှင့် ဈေးကွက်ကျယ်ပြန့်စွာ ရရှိရေးတို့အတွက်  အလေးထား        ဆောင်ရွက်သွားလျက်ရှိကြောင်း၊ ထောပတ်သီးနှံကို ကမ္ဘာ့ကုန်သွယ်မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်    ၂၀၂၁  ခုနှစ်တွင်    တန်ချိန် နှစ်ထောင့်လေးရာခန့်၊   ၂၀၂၂    ခုနှစ်တွင်    တန်ချိန် ခုနစ်ရာကျော်ခန့်ကို       ထိုင်း၊        ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ တရုတ်၊ မလေးရှား၊ ဗြိတိန်နိုင်ငံများသို့  တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရကြောင်း၊ တင်ပို့ သည့်  ပမာဏ  ၃ ဆကျော် လျော့ကျသွားခြင်းကို သေချာစွာ ဆန်းစစ်လေ့လာရန် လိုအပ်ပါကြောင်း။ 


နှစ်စဉ် ကမ္ဘာ့ထောပတ်သီး ဈေးကွက်ဝယ်လိုအား  မြင့်တက်လာလျက်ရှိရာ  မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးသစ်များ တင်သွင်း ခြင်း၊ ဒေသကိုက်ညီမှု  သုတေသနများ ဆောင်ရွက် ခြင်း၊ ခေတ်မီစိုက်ပျိုးနည်းပညာများ ကျင့်သုံးခြင်း၊ GAP နှင့် အော်ဂဲနစ်လက်မှတ်များ ရယူခြင်း၊ တန်ဖိုးမြင့် ထောပတ်သီး ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို အကောင်အထည်ဖော်    ဆောင်ရွက်ရန်      လိုအပ်ပါ ကြောင်း၊ အလားတူ ထောပတ်သီး အနှစ်၊ ထောပတ် သီး အဆီ၊ အလှကုန်နှင့် ဆေးဝါးများ ထုတ်လုပ်ရန် ကုန်ကြမ်း  စသည်ဖြင့်  ဈေးကွက်တောင်းဆိုမှုအရ ဆန်းသစ်တီထွင်သောနည်းလမ်းများဖြင့် တန်ဖိုးမြင့် ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ပြီး ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု  ကွင်းဆက်တစ်လျှောက်တွင် အကျိုးစီးပွား   ပိုမိုဖြစ်ထွန်းစေရေး   ကြိုးပမ်းကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူ များက “ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပ တင်ပို့မှုနှင့် စိန်ခေါ်မှုများ” အလုပ်ရုံဆွေးနွေးပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များ၊ ထောပတ်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေနှင့် ထောပတ်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု နည်းပညာပိုင်းဆိုင်ရာ သုတေသနလိုအပ် ချက်များကို တင်ပြဆွေးနွေးကြသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာနမှ ထောပတ် သီးနှံပညာရှင်များ၊ မြန်မာနိုင်ငံ ထောပတ်အသင်း  တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များ၊  ထောပတ်စိုက်    တောင်သူများက     မြန်မာနိုင်ငံ ထောပတ်သီးနှံ စိုက်ပျိုးထုတ်လုပ်နေမှု၊ ဈေးကွက် တင်ပို့ရောင်းချမှု၊   အရည်အသွေး    ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ ထောပတ်သီးနှံ ဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိက အခန်းကဏ္ဍ၊ ပြည်ပတင်ပို့ ရေးဆိုင်ရာ စိန်ခေါ်မှုများ  နှင့်ပတ်သက်၍ ဆွေးနွေးကြသည်။


ထောပတ်သီးနှံကို လွန်ခဲ့သည့် ၇၅ နှစ်ခန့်က စတင်၍  မြန်မာနိုင်ငံ၌ စိုက်ပျိုးခဲ့ရာ  ရှမ်းပြည်နယ်၊  ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်ဒေသတစ်ဝိုက်တွင် အဓိက စိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး ထုတ်လုပ်မှုအနေဖြင့်     တန်ချိန်       တစ်သိန်းခန့် ထွက်ရှိ ခဲ့ကြောင်း၊ ဗီတာမင်နှင့် သတ္တုဓာတ် အမျိုး ၂၀ ကျော်ခန့် ပါဝင်ပြီး အာဟာရဓာတ်ကြွယ်ဝသည့် ထောပတ်သီးနှံကို     နိုင်ငံတကာ     ဈေးကွက်တွင်    ရေပန်းစားလျက်ရှိရာ အလားအလာကောင်းသော     ပြည်ပပို့ကုန်အဖြစ်   စီးပွားဖြစ်   ထုတ်လုပ်နိုင်ရေး အတွက်     ကြိုးပမ်း    ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


သတင်းစဉ်