
ထားဝယ် သြဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ အပါ အဝင် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အရေးပေါ်အောက်ဆီဂျင် လုံလောက်မှုရရှိစေရန် ရည်ရွယ်လျက် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ အထိ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဝယ်ယူဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ၉ နာရီတွင် ထားဝယ်မြို့ ကမြောကင်းလမ်း တိုင်းဒေသကြီးလွှတ်တော်ရုံး အနောက် ဘက် တည်ဆောက်ရေးလုပ်ငန်းနေရာသို့ ရောက်ရှိပြီဖြစ်သည်။
အဆိုပါစက်ရောက်ရှိရာနေရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြရာ အောက်ဆီဂျင် စက်တည်ဆောက်ရေးကုမ္ပဏီတာဝန်ခံ ဦးမျိုးလွင် က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ အတွက် အောက်ဆီဂျင်စက်မှာ တရုတ်နိုင်ငံထုတ် NZO-1160 NM3 အမျိုးအစားဖြစ်ပါကြောင်း၊ တစ်ရက် လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့အိုး ၂၀၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောက်ဆီဂျင်စက် တည်ဆောက်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကုမ္ပဏီနှင့် တည်ဆောက်ရေးကော်မတီများအနေဖြင့် လည်း ကောင်း၊ စက်တပ်ဆင်ပြီးပါက အောက်ဆီဂျင် ထုတ်လုပ်ပြီး အောက်ဆီဂျင်လိုအပ်သည့် လူနာများ အား အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေးအတွက် တိုင်း ဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် အောက်ဆီဂျင်စက် ထုတ်လုပ်နိုင်ပြီဆိုပါက အောက်ဆီဂျင်ဖြန့်ဝေသည့် လုပ်ငန်းများကို စနစ်တကျဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိ ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အောက်ဆီဂျင်စက်ကို တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လည်းကောင်း၊ ပင်မအဆောက်အအုံ ပေ ၃၀x ပေ ၆၀ ကို တိုင်းဒေသ ကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက တာဝန်ယူဆောက်လုပ်လှူဒါန်းခြင်းဖြင့် လည်း ကောင်း၊ အုပ်ချုပ်မှုအဆောက်အအုံတစ်လုံး ပေ ၄၀x ၁၈ ပေ ကို တိုင်းဒေသကြီး ငါးဆရာများအဖွဲ့က တာဝန်ယူဆောက်လုပ်လှူဒါန်းခြင်းဖြင့် လည်း ကောင်း ဆောင်ရွက်လျက်ရှိပြီး စက်ရုံတည်ဆောက် ပြီးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)