
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကြေညာချက်အမှတ် ၁ / ၂၀၂၂
၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်
ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့်
စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ဖိတ်ကြားခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟု အစိုးရ အနေဖြင့် မူဝါဒချထားပါသည်။
အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း အကြိမ်(၂၀)ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် မြန်မာ နိုင်ငံသို့ အလုပ်သဘောရောက်ရှိခဲ့သည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံသဘောတူထုတ်ပြန်ချက်တွင် ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် “၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့ နှစ်ပဲဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက် နေ့ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်တဲ့အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်တွေနဲ့ပြည့်စုံဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် စတုတ္ထအချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူများ၊ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ပြောကြားခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ ၇၅ နှစ်ခန့်ရှိပြီး ဖြစ်သော်လည်း ပြည်တွင်းလက်နက် ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာခိုင်မာမှုနှင့် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ ရှိသင့်သလောက် မရှိဘဲ ခွန်အားများ၊ စွမ်းအားများ ဆုံးရှုံးလျက်ရှိပါသည်။ ၎င်းခွန်အား၊ စွမ်းအားများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားပြည့် အသုံးပြုနိုင်ရန်အတွက် ထာဝရငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ပါသည်။
၄။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် ထာဝရ ငြိမ်းချမ်းရေးရရှိရေးသည် လွန်စွာအရေးကြီးပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီအများစုမှလည်း ၅ နှစ်အတွင်း ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ဦးတည်ဆွေးနွေးခဲ့ကြပါသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီ ၃ ရပ်ကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါသည်။ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းရေးကော်မတီသည် ယနေ့အထိ NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၁၆)ကြိမ်၊ NCA လက်မှတ်ရေးထိုးထား ခြင်း မပြုသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၉)ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၇) ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် (၂) ကြိမ်၊ စုစုပေါင်း(၃၄) ကြိမ် တွေ့ဆုံခဲ့ပါသည်။
၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ဆက်လက် စီမံဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သာမက NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်ပါသည်။ ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင်ကန့်သတ်ချက် မထားဘဲ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိကြောင်း လည်း အလေးထားဖော်ပြအပ်ပါသည်။
၆။ နိုင်ငံတော်၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၃)ရပ်အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်မှာ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဖြစ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ် မှာ “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ဖြစ်ပါသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ်အဖြစ် ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင်မည်ဖြစ်ပါသည်။
၇။ မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည့် သမိုင်းအစဉ်အဆက်ဖြစ်ပေါ် တည်ရှိလာသည့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရေးအတွက် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ စေ့စပ်ညှိနှိုင်း အဖြေရှာရေးနည်းလမ်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့် အခါသမယတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးတို့သည် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ အချိန်မီ တက်ရောက်ကြပါရန်နှင့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပမည့် ထာဝရ ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးကြပါရန် အထူးဖိတ်ကြားအပ်ပါသည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရ၏ ထာဝရငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး ကြိုတင် ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စိန်ရတု ပြည်ထောင်စုနေ့သို့ သက်ဆိုင်သူအားလုံး တက်ရောက်နိုင်ရေး ဝိုင်းဝန်းအကျိုးဆောင်ပေးနိုင်ပါရန် တိုက်တွန်းနှိုးဆော် မေတ္တာ ရပ်ခံအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ