သူနာပြုနှင့်သားဖွားဒီပလိုမာ (သုံးနှစ် သင်တန်း) နှင့် သားဖွားဒီပလိုမာ (နှစ်နှစ် သင်တန်း) နောက်ဆုံးနှစ်များ၌ အီလက်ထရွန်နစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံထည့်သွင်းကာ စတင်သင်ကြားမည့်အစီအစဉ်မိတ်ဆက်မှု အခမ်းအနားကျင်းပ

သူနာပြုနှင့်သားဖွားဒီပလိုမာ (သုံးနှစ် သင်တန်း) နှင့် သားဖွားဒီပလိုမာ (နှစ်နှစ် သင်တန်း) နောက်ဆုံးနှစ်များ၌ အီလက်ထရွန်နစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံထည့်သွင်းကာ စတင်သင်ကြားမည့်အစီအစဉ်မိတ်ဆက်မှု အခမ်းအနားကျင်းပ

=========================================================================================================================================

 

နေပြည်တော် ဇန်နဝါရီ ၆

 

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ Access  to Health Fund နှင့် Jhpiego – Johns Hopkins University Affiliate တို့ ပူးပေါင်းဆောင်ရွက်သည့် သူနာပြုနှင့်သားဖွား ဒီပလိုမာ (သုံးနှစ် သင်တန်း)နှင့် သားဖွားဒီပလိုမာ (နှစ်နှစ် သင်တန်း) နောက်ဆုံးနှစ်များ၌ အီလက်ထရွန်နစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ထည့်သွင်း ကာ စတင်သင်ကြားမည့် အစီအစဉ်မိတ်ဆက်မှုအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

 

ကဏ္ဍပေါင်းစုံတွင် ထိခိုက်မှုများရှိ

 

ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားရာတွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ဖြစ်စဉ် ကာလ ကဏ္ဍပေါင်းစုံတွင် ထိခိုက်မှုများရှိပြီး ဆေးနှင့် ဆေးပညာနှီးနွှယ်ပညာသင်ကြားရေးကဏ္ဍတွင်လည်း ထိခိုက် မှုများစွာရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဖြစ်စဉ်ကာလအတွင်း ဆေးနှင့် ဆေးပညာနှီးနွှယ်ပညာ တက္ကသိုလ် ၁၆ ခု၌ သင်ကြားမှုများ ခေတ္တရပ်ဆိုင်းထား ရခြင်းကို အမြန်ဆုံးပြန်လည်စတင်နိုင်ရေးနှင့် သင်ကြား သင်ယူမှုလုပ်ငန်းများ ပိုမိုကောင်းမွန်တိုးတက်စေရေးတို့ အတွက် ဆောင်ရွက်လျက်ရှိရာ ခေတ်မီအီလက်ထရွန်နစ် နည်းပညာသုံး ပညာသင်ကြားမှုများလည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း။

 

 

ယခုကဲ့သို့ ခေတ်မီ အီလက်ထရွန်နစ်နည်းပညာသုံး သင်ကြားသင်ယူမှုပုံစံကို အသုံးပြုရန်အတွက် လိုအပ်သည့် ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ ဆောင်ရွက်ပုံနည်းစနစ်များ သင်ကြားခြင်းနှင့် ကနဦးစမ်းသပ်ခြင်းလုပ်ငန်းများကို စီမံ ချက်ပုံစံဖြင့်ပြုလုပ်၍ စနစ်တကျ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ သူနာပြုများနှင့် သားဖွား ဆရာမများသည် ကျန်းမာရေးစနစ်တစ်ခု၏ အဓိကနယ်ပယ် ကြီး လေးခုဖြစ်သော ပြည်သူများ၏ကျန်းမာရေး အဆင့် မြှင့်တင်ရေး၊ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည် သန်စွမ်းရေးဟူသည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အားလုံးတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်ပြီး နိုင်ငံတော် နှင့်ဝန်ကြီးဌာနတို့အတွက် အရေးကြီးသော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့်လည်း ၂၀၁၆ ခုနှစ် ဧပြီလ မှစ၍ အဓိကဦးစားပေး သုံးခုတွင် သူနာပြုနှင့် သားဖွား ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းပြီး သူနာ ပြုနှင့် သားဖွားလောက ပိုမိုအဆင့်အတန်းမြင့်မားလာရေးကို ဦးတည်၍ အထူးအလေးထားကာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများတွင် လည်း သူနာပြုများနှင့် သားဖွားဆရာမများသည် ရောဂါ ကူးစက်ခံရနိုင်ခြေအန္တရာယ်ရှိသည့် ရှေ့တန်းနေရာမှ အစွမ်း ကုန် ကြိုးပမ်းထမ်းဆောင်နေသည်ကို ပြည်သူများအနေဖြင့် လည်း သိရှိမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နေမှု များအပေါ် ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိမှတ်တမ်း တင်အပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရည်အသွေး ပြည့်ဝသော သူနာပြုနှင့် သားဖွားဆရာမ လူ့စွမ်းအားအရင်း အမြစ် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ဧပြီလမှစတင်ကာ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ မွမ်းမံပြင်ဆင်ရေးဆွဲခြင်း၊ ခေတ်မီ သင်ကြားသင်ယူမှု ပုံစံနည်းစနစ်များဖြင့် သင်ကြားစေခြင်း၊ သင်တန်းဝင်ခွင့်များ ပိုမိုတိုးမြှင့်ခေါ်ယူခြင်း၊ သင်တန်း ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် ခေတ်မီ သင်ကြား သင်ယူမှု အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

၂၀၁၆ ခုနှစ် ဧပြီလမှ ယခုအထိ သူနာပြုဆရာ/ဆရာမ ၇၄၅၅ ဦး၊ သားဖွားဆရာမ ၃၈၄၄ ဦးနှင့် အကူ သူနာပြု ၉၃၀ တို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ လက်ရှိတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၅၃ ခုတွင် တက်ရောက်နေသည့် သင်တန်းသား သင်တန်းသူ ၉၅၃၈ ဦးနှင့် သူနာပြုတက္ကသိုလ်များတွင် တက်ရောက်နေ သည့် သင်တန်းသား သင်တန်းသူ ၁၄၉၉ ဦးရှိပြီး အဆိုပါ သင်တန်းသား သင်တန်းသူများအတွက် သင်ကြားသင်ယူမှု လုပ်ငန်းများ အဆက်မပြတ်စေရေးသည် နိုင်ငံအတွက် အရေးကြီးပါကြောင်း၊ ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချကာ သင်ကြားသင်ယူ မှုများကို ဝန်ကြီးဌာန၏ တက္ကသိုလ်များနှင့် သင်တန်း ကျောင်းများတွင် ဆောင်ရွက်လျက်ရှိခဲ့ပြီး ယခုအခါ အီလက်ထရွန်နစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform)ကို သူနာပြုတက္ကသိုလ်များနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ သင်ကြား သင်ယူမှုအစီအစဉ်များတွင် ထည့်သွင်းပေါင်းစပ်ကာ စတင်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုဗီဒီယိုများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် သက်ဆိုင်ရာ တက္ကသိုလ်များ၏ အင်တာနက်စာမျက်နှာများတွင် လွှင့်တင်ထားလျက်ရှိရာ သင်တန်းသား သင်တန်းသူများက သင်ယူလေ့လာနိုင်ရုံ သာမက၊ ဆရာဝန်များ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပညာ ရှင်များ၊ သူနာပြုများ၊ ကျန်းမာရေးမှူးများ၊ အခြေခံကျန်းမာ ရေး ပညာရှင်များနှင့် သားဖွားဆရာမများက မြန်မာနိုင်ငံ နေရာအနှံ့မှ အင်တာနက်ကွန်ရက်အသုံးပြုကာ ပညာရပ် ဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက်များကို လေ့လာနိုင် သဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများကို ပြည်သူများ အား ပေးလျက်ရှိပါကြောင်း။

 

သူနာပြုတက္ကသိုလ်များမှ ပါမောက္ခများနှင့် ဆရာ ဆရာမများအနေဖြင့်လည်းကောင်း၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း ၅၃ ကျောင်းမှ ဆရာ ဆရာမများအနေ ဖြင့်လည်းကောင်း ဘာသာရပ်ဆိုင်ရာ သင်ကြားမှုဗီဒီယို များ ပိုမိုရိုက်ကူးကာ လွှင့်တင်ထားကြရန်ကိစ္စကို ဦးစားပေး အဖြစ်ဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း၊ သင်ကြား သင်ယူမှု လုပ်ငန်းများဆောင်ရွက်ရာတွင် သင်တန်းသား သင်တန်းသူများ၏ သင်ခန်းစာအပေါ် နားလည်သဘော ပေါက်မှုနှင့် သုံးသပ်ချက်အမြင်တို့ကို အမြဲလေ့လာဆန်းစစ် နေရမည်ဖြစ်ပြီး ပိုမိုနားလည် သဘောပေါက်လွယ်စေရေး အတွက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ရိုးညွှန်းတမ်း များကိုလည်း ဆေးနှင့် ဆေးပညာ နှီးနွှယ်လောကရှိ ဘာသာရပ်အလိုက် နောက်ဆုံးပေါ် အချက်အလက်များ၊ တွေ့ရှိချက်များနှင့်အညီ အမြဲတမ်းမွမ်းမံပြင်ဆင်၍ သင်ကြား ရမည်ဖြစ်ပါကြောင်း။

 

တတ်ကျွမ်းရန်အရေးကြီးမှု

 

သင်ကြားသင်ယူမှုများပြုလုပ်ရာတွင် အပြန်အလှန် တက်ကြွစွာဆွေးနွေးခြင်း ပုံစံများဖြင့် ဆောင်ရွက်စေလို ပါကြောင်း၊ ဘာသာရပ်သင်ခန်းစာများသင်ကြားရာတွင် သင်ခန်းစာအားလုံးအတွက် အချိန်တစ်ပြေးညီတည်း မဟုတ်ဘဲ တတ်ကျွမ်းရန်အရေးကြီးမှု အတိုင်းအတာ အလိုက် သင်ကြားချိန်များကို ချိန်ဆဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားဆရာမများအား ဆေးရုံ များ၌ လက်တွေ့သင်ကြားပြသရာတွင် ပိုမိုကောင်းမွန် တတ်မြောက်စေရေးအတွက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆေးရုံများမှ အထူးကုဆရာဝန်ကြီးများ ဆွေးနွေးပြီး ဆောင်ရွက်စေလိုပါ ကြောင်း၊ စာမေးပွဲများတွင်လည်း အလွတ်ကျက်မှတ်ပြီး အကြောင်းအရာများကို မေးမြန်းဖြေဆိုရသည့် ပုံစံဖြင့် မဟုတ်ဘဲ နားလည်သဘောပေါက်နိုင်စွမ်းနှင့် လက်တွေ့ အသုံးချနိုင်စွမ်းတို့ကို စစ်မေးသည့်ပုံစံဖြင့် ဆောင်ရွက်စေလို ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ကျင့်သုံးနေ သည့် စာအုပ်စာတမ်းများကို ကြည့်ရှုကိုးကားပြီး ကိုယ်ပိုင် စဉ်းစားဉာဏ်ဖြင့် စာအုပ်ဖွင့် ဖြေဆိုရသည့်စနစ် (open book exam system) နှင့် မေးခွန်းလွှာကို မိမိနေထိုင်ရာသို့ ယူဆောင်ဖြေဆိုရသည့်စနစ် (take home exam) တို့ကို လည်း ထည့်သွင်းကျင့်သုံးစေလိုပါကြောင်း။

 

ဆရာ ဆရာမများ၏ သင်ကြားမှုစွမ်းရည်များ ပိုမို မြင့်မားစေရေးလုပ်ငန်းများကိုလည်း ဆက်လက်တိုးမြှင့်ဆောင်ရွက်စေလိုပါကြောင်း၊ ပိုမိုကောင်းမွန်သည့် သင်ကြား သင်ယူမှုပတ်ဝန်းကျင်များ ရရှိစေရေးအတွက်လည်း ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သင်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများက ဆောင်ရွက်ကြစေ လိုပါကြောင်း၊ ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၌ လိုအပ်သည့် သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်း များအား ဝန်ကြီးဌာနမှ ဆက်လက်၍ ဦးစားပေးအနေဖြင့် ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ ယခု အီလက်ထရွန်နစ် စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ကို အသုံးပြုရာ၌ တွေ့ကြုံနိုင်သည့် အခက်အခဲနှင့် စိန်ခေါ် မှုများကို အမြဲတမ်းသုံးသပ်၍ ကျော်လွှားကြရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် အင်တာနက်အမြန်နှုန်းနှေးသည့် နေရာအနည်းငယ်၌လည်း ပုံစံတစ်နည်းဖြင့် ဆောင်ရွက် ထားသည်ကို တွေ့ရှိရသည့်အတွက် အဆင်ပြေချောမွေ့ မည်ဟု ထင်မြင်ပါကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် လူတိုင်း လက်လှမ်းမီ လွှမ်းခြုံပေးနိုင်သော ကျန်းမာရေးပန်းတိုင် (UHC) ကို ရရှိအောင်မြင်စေရေးတို့အတွက် အရေးကြီးသည့် အခန်း ကဏ္ဍတွင်ပါဝင်နေသော သူနာပြုနှင့် သားဖွားဆရာမများ ဘက်စုံပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဦးစားပေးသတ်မှတ်ကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး တာဝန်ရှိသူများအနေဖြင့်လည်း စုစည်းညီညွတ်စွာ ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ Jhpiego အဖွဲ့မှ Country Director Ms. Leah Thayer က သင်ကြားသင်ယူမှုကဏ္ဍတွင် E-Learning Platform ၏ အရေးပါမှုနှင့် Jhpiego အဖွဲ့မှ E-Learning Platform ဆောင်ရွက်နိုင်ရေး ပါဝင်ကူညီခဲ့မှု များအား ပြောကြားသည်။

 

ယင်းနောက် Nursing Now Myanmar Video Clip ကို ပြသသည်။

ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဌေးဌေးလှိုင်က E-Learning Platform ၏ နောက်ခံအချက်အလက်များကို လည်းကောင်း၊ Jhpiego အဖွဲ့၏ Deputy Technical and Program Director ဒေါ်နန်းနန်းအောင်က E-Learning Platform ကို ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ သူနာပြု နှင့် သားဖွားသင်တန်းကျောင်း (စစ်တွေ) မှ ကျောင်းအုပ်ကြီး ဒေါ်နုနုဇံက E-Learning Platform အသုံးချသင်ကြား သင်ယူမှု အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)နှင့် သူနာပြု တက္ကသိုလ် (မန္တလေး) တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ သူနာပြုနှင့် သားဖွားသင်တန်း သူများ၊ UNFPA၊ UNICEF၊ Access to Health Fund နှင့် Jphiego အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်