သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး

Type
5

 

အိအိချော (စားသုံးသူရေးရာဦးစီးဌာန)
 

“သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး” ဟူသော စကားပုံကို ကြားဖူးကြပါလိမ့်မည်။ အနက်အဓိပ္ပာယ်အားဖြင့် ကောင်းကျိုး၊ ဆိုးကျိုးတို့ကို ဒွန်တွဲပိုင်ဆိုင် ထားသော တစ်စုံတစ်ခု၏ အကြောင်းအရာများကို ဂဃနဏသိရှိကာ စည်းစနစ်တကျ မှန်ကန်စွာသုံးစွဲတတ်လျှင် ကောင်းမွန်သော အကျိုးဆက်များကို ခံစားရ မည်ဖြစ်ပြီး သုံးစွဲမှုမမှန်ကန်ပါက ဆန့်ကျင်ဘက်အနေဖြင့် ဆိုးကျိုးများသက်ရောက်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
စားသုံးဆီသည်  လူသားတို့နေ့စဉ် စားသောက် နေသော  အစားအစာများထဲတွင် အင်အားဓာတ်ကို ပေးစွမ်းနိုင်သော   ပင်မရင်းမြစ်တစ်ခုဖြစ်ပါသည်။ ဆီထွက်ပင်ရင်းအပေါ်    မူတည်ပြီး   အပင်ထွက်ဆီ (Vegetable Oil) နှင့် တိရစ္ဆာန်ထွက်အဆီ (Animal Fat) ဟူ၍  နှစ်မျိုးခွဲခြားထားရာ နေ့စဉ်ချက်ပြုတ် စားသောက်ကြရာ၌      အပင်ထွက်ဆီများကိုသာ အများဆုံး  အသုံးပြုကြသည်ကို တွေ့ရှိရမည်ဖြစ်ပါ သည်။ အဆိုပါ အပင်ထွက်ဆီ အမျိုးမျိုးတို့ကို မိမိတို့ ချက်ပြုတ်ကြော်လှော်လိုသည့်             နည်းစနစ်နှင့် ကိုက်ညီစွာသုံးစွဲတတ်စေရန် ၎င်းတို့၏ ထူးခြားသော ဝိသေသလက္ခဏာများအား  သိရှိနားလည်ထားရန် လိုအပ်လှပါသည်။ 
ကြော်လှော်သည့် နည်းစနစ်များ
နေ့စဉ်လူနေမှုဘဝတွင် စားသုံးဆီကို ရည်ရွယ် ချက်အမျိုးမျိုးဖြင့်   အသုံးပြုကြပါသည်။ အချို့က သာမန်ချက်ပြုတ်ကြော်လှော်ရန် အသုံးပြုကြသကဲ့ သို့ အချို့ကမုန့်ဖုတ်ရန်နှင့်  ဆီဆမ်းစားရန်စသည် ဖြင့် အသုံးပြုကြပါသည်။ ချက်ပြုတ်ကြော်လှော်ရာ၌ လည်း နှစ်ကြော် (Deep Fat Frying)၊ အိုးကပ်ကြော်/ မွှေကြော် (Pan / Shallow Frying and Stir Frying) နှင့် ဆာတေးကြော် (Sauté Frying) တို့မှာ အသုံး များသော ကြော်လှော်သည့် နည်းစနစ်များ ဖြစ်ကြပါ သည်။ နှစ်ကြော်ကြော်သည့်နည်းစနစ်တွင် အကြော် အိုး၏   သုံးပုံနှစ်ပုံခန့်   ဆီထည့်ပြီးကြော်လိုသည့် အရာကို ဆီပူထဲတွင်  နစ်မြုပ်စေလျက်  ကြော်ရမည် ဖြစ်ပါသည်။ 
အိုးကပ်ကြော်နည်းစနစ်တွင်           ဆီပမာဏ ခပ်တိမ်တိမ်သာ  အသုံးပြုရပါမည်။  နှစ်ကြော်နှင့် အိုးကပ်ကြော်တို့အတွက် လိုအပ်သောဆီ၏ အပူချိန် မှာ ယေဘုယျအားဖြင့်   ၃၅၀   ဒီဂရီဖာရင်ဟိုက်မှ ၃၇၅ ဒီဂရီဖာရင်ဟိုက်ထိ (၁၇၇ ဒီဂရီစင်တီဂရိတ်မှ ၁၉၁ ဒီဂရီစင်တီဂရိတ်)ဖြစ်ပါသည်။ ဆာတေးကြော် နည်းစနစ်တွင်  အနည်းငယ်မျှသော ပမာဏရှိသည့် ဆီကို အကြော်အိုးတွင်  ရွှဲရွှဲသုတ်လိမ်းပြီးကြော်လိုသည့်အရာကို   ခပ်ပါးပါးလှီးဖြတ်၍ဖြစ်စေ၊ အတုံး ငယ်များ လှီးဖြတ်၍ဖြစ်စေ ဆီပူတွင် ရွှေညိုရောင် ပြောင်းသည်အထိ  ကြော်ရပါမည်။   ယင်းနည်းစနစ် အတွက် ဆီ၏ယေဘုယျအပူချိန်သည် ၃၀၀ ဒီဂရီ ဖာရင်ဟိုက်မှ ၃၅၀ ဒီဂရီဖာရင်ဟိုက်ထိ (၁၄၉ ဒီဂရီ စင်တီဂရိတ်မှ ၁၇၇ ဒီဂရီစင်တီဂရိတ်)  လိုအပ်မည် ဖြစ်ပါသည်။
စားသုံးဆီ၏ ဓာတုဗေဒဆိုင်ရာဖွဲ့စည်းပုံ
စားသုံးဆီသည်  ဓာတုဗေဒဆိုင်ရာဖွဲ့စည်းပုံအရ ဂလစ်စရောနှင့် ဖက်တီးအက်ဆစ်တို့၏ ရောနှော ခြင်းမှ   ဖြစ်ပေါ်လာသော ထရိုင်ဂလစ်စရိုက် (Tri-glyceride)    ဖြစ်ပါသည်။    ဂလစ်စရောနှင့်အတူ ပေါင်းစပ်နေသော ဖက်တီးအက်ဆစ်ပုံစံ သုံးမျိုးရှိရာ ပြည့်ဝအဆီ အက်ဆစ်   (Saturated FattyAcid)၊ မိုနို  မပြည့်ဝအဆီအက်ဆစ် (Mono  Unsaturated Fatty Acid) နှင့်   ပိုလီ   မပြည့်ဝအဆီ   အက်ဆစ် (Poly Unsaturated Fatty Acid)တို့ဖြစ်ပါသည်။ ၎င်းအဆီအက်ဆစ်များ၏ ပါဝင်ပေါင်းစပ်မှု  အချိုး အစားအပေါ်မူတည်၍     စားသုံးဆီများ၏     အသွင် သဏ္ဌာန်နှင့် ဂုဏ်အရည်အသွေးများ  ကွဲပြားသွား ခြင်းဖြစ်ပါသည်။  စားသုံးဆီတစ်မျိုးစီတွင် ကွဲပြား သော ဂုဏ်အရည်အသွေးများ  ပိုင်ဆိုင်ထားကြရာ မီးခိုးမှတ် (Smoke Point) နှင့် မီးလောင်မှတ် (Flash Point)တို့လည်း အပါအဝင် ဖြစ်ပါသည်။ 
စားသုံးဆီကို   အဖုံးဖွင့်အိုးထဲတွင်   ထည့်ပြီး အပူပေးခြင်းဖြင့်   မီးခိုးများ  စတင်ထွက်လာသော အပူချိန်ကို   ၎င်းဆီ၏   မီးခိုးမှတ်ဟုလည်းကောင်း၊ မီးခိုးထွက်ပြီးမှ မီးတောက် စတင်ထွက်ပေါ်လာသော အပူချိန်ကို             မီးလောင်မှတ်ဟုလည်းကောင်း သတ်မှတ်ထားပါသည်။   ထို့ကြောင့်   စားသုံးဆီကို အသုံးပြု၍   မိမိနှစ်သက်ရာ   ချက်ပြုတ်နည်းများ အတိုင်း   ပြုလုပ်မည်ဆိုပါက   အသုံးပြုသောဆီ၏ မီးခိုးမှတ်ကို  သိရှိထားရမည်ဖြစ်ပါသည်။ နှစ်ကြော် နှင့် အိုးကပ်ကြော်များအတွက် မီးခိုးမှတ်မြင့်သော စားသုံးဆီများကို အသုံးပြုရပါမည်။
ဘေးအန္တရာယ်ရှိသော အစားအစာများ
မီးခိုးမှတ်နိမ့်သော   စားသုံးဆီများကိုဖြစ်စေ၊ မပြည့်ဝမှုများသော   ပိုလီဆီများကိုဖြစ်စေ အပူချိန် အမြင့်တွင်     အချိန်ကြာကြာအသုံးပြုသည့်အခါ စားသုံးဆီ၏  ဓာတုဖွဲ့စည်းပုံပျက်စီးလာပြီး   အဆီ အက်ဆစ်လွတ်များ (Free Fatty Acid) နှင့် ပိုလာ ဒြပ်ပေါင်းများ   (Polar Compounds)   ထွက်ပေါ် လာကာ    အပူကြောင့်ဓာတ်တိုးခြင်း   (Thermal Oxidation) ဖြစ်စဉ် ဖြစ်ပေါ်လာပါသည်။ ၎င်းဖြစ် စဉ်ကြောင့် ဆီ၏  ပါရောက်ဆိုက်တန်ဖိုးမြင့်တက် လာခြင်းနှင့်အတူ  ဆီသားတည်မြဲမှု (Oil Stability) လည်းကျဆင်းလာလေ့ရှိပါသည်။  ထိုကဲ့သို့ အသုံးပြု နေသည့်   အချိန်အတွင်း၌ပင်   ဆီသားပျက်စီးမှု ဖြစ်လာသောဆီဖြင့်     ကြွပ်ကြွပ်ရွရွဖြစ်အောင် ကြော်လှော်ထားသော အစားအစာများသည် လူတို့ ၏   ကျန်းမာရေးအတွက်   ဘေးအန္တရာယ်ရှိသော အစားအစာများဖြစ်ပါသည်။
မီးခိုးများထွက်လာသည်အထိ အသုံးပြုပြီးသော စားသုံးဆီသည် အရည်အသွေး ကျဆင်းနေသော ဆီသာဖြစ်ပါသည်။ ၎င်းဆီမျိုးကို နောက်တစ်ကြိမ် ပြန်သုံးပါက    ပြန်ကြော်ဆီ   (Reused Oil)ဟု သတ်မှတ်နိုင်ပြီး   ပထမကြော်ပြီးသော  ပစ္စည်း၏ အနံ့၊   အရသာနှင့်   အမှုန်အမွှားများသည် ဒုတိယ အကြော်ခံပစ္စည်းပေါ်သို့ ကူးစက်ခြင်း၊ ဖွဲ့စည်းပုံပျက် နေသော ဆီဖြင့်ကြော်ထားသော အစားအစာဖြစ်ခြင်း တို့ကြောင့်    စားသုံးသူ၏     ကိုယ်ခန္ဓာအတွင်း၌ ဓာတ်တိုးမှုများဖြစ်ပေါ်လာရပြီး     အရွယ်မတိုင်မီ   အိုမင်းခြင်း၊ အဝလွန်ခြင်းများအပြင် ကင်ဆာဖြစ်ပွား စေသော   ဆဲလ်များကိုပါ   တိုးပွားစေခြင်းစသည့် ကျန်းမာရေးဆိုင်ရာ  ပြဿနာများဖြစ်ပေါ်လာနိုင် ပါသည်။
နည်းလမ်းမှန်ကန်စွာ စားသောက်ခြင်းဖြင့်
ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil)အုပ်စုဝင် ဆီများ၏   ဓာတ်ဖွဲ့စည်းပုံအရ    ဂလစ်စရောနှင့် အဆီအက်ဆစ်များအပြင် အနံ့ပေးပစ္စည်း၊ အရောင် ပေးပစ္စည်းများနှင့်အတူ သဘာဝအတိုင်း  ပါဝင်နေ သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants)   လည်း  တွဲဆက်လျက်ရှိနေပါသည်။ ဥပမာအားဖြင့် ဖွဲနုဆီတွင်   တိုကိုဖီရောလ် (Tocopherols) တို့ကို ထရိုင်အီနော (Tocotrienols) စသည့် ဗီတာမင်အီး ဒြပ်နှော (Vitamin E Complex)၊  အပင်ထွက် စတီ ရော(Phytosterols)၊ ပိုလီဖီနောလ် (Polyphenol) တို့အပြင် အားကောင်းသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်ခုဖြစ်သည့်    ဂမ်မာအိုရီဇနော   (γ- Orizanol) ပါဝင်နေပါသည်။ 
နှမ်းဆီ၌မူ ဖီနောလ်အုပ်စုဝင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများဖြစ်သည့် (Sesamol) နှင့် (Sesaminol)တို့ ပါဝင်နေပါသည်။ ၎င်းဓာတ်တိုးဆန့်ကျင်ပစ္စည်း များသည်  လူတို့၏ကျန်းမာရေးအတွက်   များစွာ အထောက်အကူပြုရုံမျှမက အရွယ်မတိုင်မီ အိုမင်း ရင့်ရော်ခြင်းဘေးမှလည်း   ကင်းဝေးစေနိုင်သည့် ဂုဏ်သတ္တိများရှိကြပါသည်။ ၎င်းဓာတ်များကိုလူတို့ ၏ ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့်        ထိုဓာတ်များပါဝင်နေသော စားသုံးဆီများကို နည်းလမ်းမှန်ကန်စွာ စနစ်တကျ စားသောက်ခြင်းဖြင့်   ကျန်းမာရေးကို အထောက် အကူဖြစ်စေပါသည်။ 
စားသုံးဆီတွင် သဘာဝအတိုင်းပါဝင်နေသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည်   အပူကြောင့် ပျက်စီးတတ်ကြပါသည်။ ထို့ကြောင့် မီးခိုးမှတ်မြင့် သော    စားသုံးဆီများဖြစ်စေကာမူ     လူတို့၏ ကျန်းမာရေးအတွက်    အလွန်အကျိုးရှိစေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို    မပျောက်ပျက် စေခြင်းအလို့ငှာ   အပူချိန်အနိမ့်၌ ချက်ပြုတ်သင့်ပါ သည်။   သို့မဟုတ်ပါက      အပူပေးရန်မလိုသော လက်သုပ်ဆီ/   ဟင်းလျာပြုပြင်ရာတွင်  အသုံးပြု သောဆီ (Salad Oil/ Dressing/ Finishing Oil) အဖြစ်သာ အသုံးပြုသင့်ပါသည်။ 
ဆီများ၏ မီးခိုးမှတ်များ
မိမိတို့နိုင်ငံတွင် အများဆုံးအသုံးပြုနေကြသော ဟင်းသီးဟင်းရွက်ဆီများမှာ  မြေပဲဆီ၊ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီနှင့်   နှမ်းဆီတို့ဖြစ်ကြပါ သည်။  မီးခိုးမှတ်စစ်ဆေးချက်အနေဖြင့်   မြေပဲဆီ (၄၅၀  ဒီဂရီဖာရင်ဟိုက်၊ ၂၃၂  ဒီဂရီစင်တီဂရိတ်)၊ စားအုန်းဆီ (၄၄၆  ဒီဂရီဖာရင်ဟိုက်၊ ၂၃၀ ဒီဂရီ စင်တီဂရိတ်)၊ နေကြာဆီ(၄၅၀ ဒီဂရီဖာရင်ဟိုက်၊၂၃၂ ဒီဂရီစင်တီဂရိတ်)၊ ပဲပုပ်ဆီ (၄၅၀ ဒီဂရီဖာရင်ဟိုက်၊ ၂၃၂ ဒီဂရီစင်တီဂရိတ်)၊ ဖွဲနုဆီ(၄၉၁ ဒီဂရီဖာရင်ဟိုက်၊ ၂၅၅ ဒီဂရီစင်တီဂရိတ်)နှင့်  နှမ်းဆီ (၄၁၀ ဒီဂရီ ဖာရင်ဟိုက်၊ ၂၃၂ ဒီဂရီစင်တီဂရိတ်) တို့ဖြစ်ပါသည်။ (http:// curiouscuisiniere.com> Smoke Point of Common Cooking Fats)
မီးခိုးမှတ်စစ်ဆေးချက်များအရ မိမိတို့နိုင်ငံတွင် စားသုံးနေကြသော စားသုံးဆီများသည်  မီးခိုးမှတ် မြင့်သော စားသုံးဆီများဖြစ်ကြပါသည်။ ဓာတုဗေဒ ဆိုင်ရာ ဖွဲ့စည်းပုံအရ မြေပဲဆီနှင့် ဖွဲနုဆီသည် မိုနို မပြည့်ဝဆီများဖြစ်ကာ    နေကြာဆီ၊   ပဲပုပ်ဆီနှင့် နှမ်းဆီတို့သည် ပိုလီ မပြည့်ဝဆီများ ဖြစ်ကြပါသည်။ ထူးခြားမှုအနေဖြင့်  စားအုန်းဆီသည်  ၎င်း၏အဆီ အက်ဆစ်ဖွဲ့စည်းပုံအရ   ပြည့်ဝအဆီအက်ဆစ်နှင့် မပြည့်ဝအဆီအက်ဆစ်တို့   ဆတူနီးပါး    ပါဝင် ပေါင်းစပ်ထားသော   ဆီဖြစ်ပါသည်။   ထို့ကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ    ပါဝင်နေသော နေကြာဆီနှင့် ပဲပုပ်ဆီတို့ကို အပူချိန်နိမ့်နိမ့်တွင်သာ ချက်ပြုတ်ရန်၊ မပြည့်ဝအဆီ အက်ဆစ်အပိုင်းများစွာ ပါဝင်ပြီး  ပေါ်လီဖီနောလ်အုပ်စုဝင်   ရနံ့ပေးပစ္စည်း ကြွယ်ဝစွာပါဝင်သော နှမ်းဆီသန့်ကိုမူ အပူပေးရန် မလိုအပ်သော လက်သုပ်ဆီအဖြစ် အသုံးပြုရန်နှင့် မြေပဲဆီ၊    စားအုန်းဆီတို့ကို   အပူချိန်အမြင့်တွင် နှစ်ကြော်/ အိုးကပ်ကြော်ကြော်ရာ၌ အသုံးပြုရန် တို့ကို အကြံပြုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင်   မိမိတို့   အသုံးပြုနေ သည့်    စားသုံးဆီအမျိုးအစားနှင့်   သင့်လျော်မည့် ချက်ပြုတ်နည်းစနစ်များကို  သေချာစွာသိရှိခြင်းဖြင့် နေ့စဉ်ချက်ပြုတ်စားသောက်နေရသော လူနေမှုဘဝ များအတွက် ကျန်းမာရေးဆိုင်ရာ   နောက်ဆက်တွဲ ဆိုးကျိုးများမှ   ကင်းဝေးကြစေရန်    ရည်သန်၍ ရေးသားတင်ပြလိုက်ရပါသည်။        ။