သုံးခွမြို့ပေါ်သို့ ရေဂါလန် သန်း ၃၀ ခန့် နှစ်စဉ်ဖြည့်တင်းပေးနိုင်မည့် ရေကူဖြည့်တင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

 

ရန်ကုန်  မတ်  ၁၉


သုံးခွမြို့နေပြည်သူများ    သောက်သုံးရေဖူလုံရေး အတွက် ခရမ်းချောင်းရေကို မြို့ပေါ် (၂) ရပ်ကွက်ရှိ ၃၁ ဧက မိုးရေကန်သို့ ရေကူဖြည့်တင်းခြင်းလုပ်ငန်း ဖွင့်ပွဲကို  မတ် ၁၈  ရက်က ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး        ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး  ဝန်ကြီးများနှင့်  တိုင်းအဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်က ရေကူ ဖြည့်တင်းခြင်းလုပ်ငန်း     ဆောင်ရွက်မှုအခြေအနေ များကို   ရှင်းလင်းတင်ပြပြီး  ရေကူဖြည့်တင်းခြင်း လုပ်ငန်းပြီးစီးမှုကို  တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  စက်ခလုပ်နှိပ်၍    ဖွင့်လှစ်ပေးကာ ဝန်ကြီးချုပ်နှင့်    အဖွဲ့က     လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
သုံးခွမြို့  ဒေသခံပြည်သူများသည်  မြေအောက် ရေသုံးစွဲနိုင်ခြင်းမရှိသည့်အတွက်       မြေသားမိုး ရေလှောင်ကန်များ  တူးဖော်ပြီး  သောက်သုံးရေကို သုံးစွဲနေရကြောင်း၊   မြို့ပေါ်ရပ်ကွက်  ၁၂    ခုတွင် မြေသားမိုးရေကန်  ၅၈ ကန်ရှိရာ  ၂၀၁၂  ခုနှစ် နောက်ပိုင်းမှစတင်ပြီး မိုးရွာသွန်းမှု နည်းပါးခြင်း၊ ရာသီဥတုပိုမိုပူပြင်းလာခြင်းနှင့် လူဦးရေတိုးပွားလာခြင်းများကြောင့်   နှစ်စဉ်နွေရာသီကာလဖြစ်သော ဧပြီလနှင့်မေလတို့တွင်  သောက်သုံးရေအခက်အခဲကို နှစ်စဉ်ကြုံတွေ့ရကြောင်း၊ ထိုအခက်အခဲကို ဖြေရှင်း ပေးနိုင်ရန်အတွက်    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်  တိုင်းဒေသကြီး   စည်ပင် သာယာရေးအဖွဲ့က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်    အထွေထွေပိုလျှံရန်ပုံငွေ၊ သုံးခွမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး ဘတ်ဂျက် လျာထားငွေများဖြင့် ခရမ်းချောင်းရေကို မြို့ပေါ် (၂)ရပ်ကွက်ရှိသည့်   ၃၁    ဧက   မိုးရေကန်သို့   ရေကူဖြည့်တင်းခြင်းလုပ်ငန်းကို      အကောင် အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ယခု  ဖွင့်လှစ်သော    ရေကူဖြည့်တင်းခြင်း လုပ်ငန်းသည်  သုံးခွမြို့ သောက်သုံးရေလိုအပ်ချက် အတွက်    ရေဂါလန်သန်း  ၃၀   ခန့်ကို   နှစ်စဉ်  ဖြည့်တင်းပေးနိုင်မည်ဖြစ်သလို ရေပိုက်သွယ်တန်း ခြင်းလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့်  စီမံကိန်း သည်    မြို့ရေပေးရေးအတွက်သာမက        ကျေးရွာ များ     ရေရရှိရေးကိုပါ       အထောက်အကူပြု မည်ဖြစ်ကြောင်း၊       ဒေသခံပြည်သူလူထုအနေဖြင့်     ကာလကြာရှည်စွာ     ခံစားခဲ့ရသည့်      လူမှုဒုက္ခများ     ကင်းဝေးစေရန်  အကောင်အထည်ဖော်ပေးခဲ့သော  စီမံကိန်းဖြစ်သည့်အတွက်       ဒေသခံပြည်သူများက ယခု       တည်ဆောက်ထားသော      အခြေခံ အဆောက်အအုံများ   ပျက်စီးယိုယွင်းမှုမရှိအောင် ဝိုင်းဝန်းထိန်းသိမ်း     စောင့်ရှောက်ပေးကြရန်   ရန်ကုန်တိုင်းဒေသကြီး        စည်ပင်သာယာရေးအဖွဲ့    ဒုတိယညွှန်ကြားရေးမှူးချုပ်က  ပြောကြားသည်။ 

ဆန်းကျော်ဦး(ပြန်/ဆက်)