
သမားအို
“ပြည်သူများ ဆေးကုသမှုခံယူတဲ့အခါမှာ စိတ်အေးချမ်းသာစွာနဲ့ ဘေးကင်းလုံခြုံ စိတ်ချရပြီး အရည် အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုများ ရရှိနိုင်ရေးအတွက် ကုသရေးဆိုင်ရာနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားဖို့လည်း မှာကြားလိုပါတယ်။”
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အဖွင့်အမှာစကားကို အကြိမ်(၅၀) မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖွင့်ပွဲမှာ ကြားနာခဲ့ရပါတယ်။ ဒီစကားဟာ ပြည်သူတွေအားလုံးကြားချင်ကြတဲ့ စကားပါပဲ။
ဒုက္ခထုပ်ကြီးကိုပိုက်ပြီး ဆေးကုသဖို့ ဆေးရုံ ရောက်လာတဲ့ သူတိုင်းဟာ စိတ်အေးချမ်းသာစွာ ကုသမှုခံယူချင်ပါတယ်။
ဘေးကင်းလုံခြုံ စိတ်ချစွာ ကုသမှုခံယူချင်ပါ တယ်။
အရည်အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှု ကို ခံယူချင်ပါတယ်။
အသက်သခင် ကျေးဇူးရှင်
ဒီလိုအားကိုးတကြီးနဲ့ ဆေးရုံရောက်လာပြီး ကုသပျောက်ကင်းသွားတဲ့အခါ တစ်သက်တာ ကျေးဇူးတင်လို့ မဆုံးတော့ပါဘူး။ ကုသပေးတဲ့ သူတွေကိုပါ အသက်သခင် ကျေးဇူးရှင်လို့ သဘောထားကြတာပါ။ ကံမကောင်းလို့ ဆုံးပါး သွားရင်တောင် လူနာရှင်တွေက ခွင့်လွှတ်ပြီး ကျေးဇူးတင်မြဲပါ။ မြန်မာတို့ရဲ့ ယဉ်ကျေးမှုတစ်ရပ်လို စွဲမြဲနေတာမို့ အနောက်တိုင်းကလာတဲ့ ယဉ်ကျေးမှု နဲ့ ကွာခြားလှပါတယ်။ အနောက်တိုင်းမှာတော့ တစ်နေရာမှာ ဆေးခန်းဖွင့်လိုက်တာနဲ့ အနီးအနား မှာ ရှေ့နေရုံးခန်းက ဖွင့်တော့တာပဲလို့ မိတ်ဆွေတွေ က ပြန်ပြောပြကြပါတယ်။ ဆေးဆရာ မှားတာနဲ့ တရားစွဲဖို့ အဆင်သင့်ပါ။
အနောက်တိုင်းမှာ ပညာသင်ခဲ့တဲ့ ဆေးဆရာ တော်တော်များများမှာပါ ရှေ့က အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ အသားဖြူ လူနာတွေကို ထိခွင့်၊ ကိုင်ခွင့် မရပါဘူး။ ကုသခွင့်က အဝေးကြီးပါ။ လူ့အခွင့်အရေး ကို အပိုင်သုံးပြီး အရှေ့တိုင်းကလာတဲ့ ပညာသင်ယူ သူတွေကို “ဘလက်ကီ မလာနဲ့”၊ “ဘရောင်နီ မလာ နဲ့”၊ “မျောက်ဝါမလာနဲ့” ဆိုပြီး ငြင်းပယ်ကြလို့ ဒေသခံ လူမည်း၊ လူညို၊ လူဝါတွေကိုသာ ကုသ လေ့လာပြီး ပြန်လာကြရတာပါ။
မြန်မာ့ကျန်းမာရေးစနစ်အဆင့်
ဒါမျိုးတွေ ဒီမှာ မရှိပါဘူး။ မြန်မာ့ကျန်းမာရေး စနစ်အဆင့်ဟာ မနိမ့်ကျခဲ့ပါဘူး။ အခု အရှေ့တိုင်း မှာ ရှေ့ရောက်နေတဲ့ စင်ကာပူရဲ့ ကျန်းမာရေးစနစ် ကို မြန်မာဆရာဝန်ကြီးတွေက မျိုးစေ့ချပေးခဲ့တာပါ။ မြန်မာတို့ကြိုက်တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေ ထဲက မင်းသမီး မင်းသားတွေရဲ့ မျက်လုံးပြူးပြူး၊ နှာခေါင်းချွန်ချွန်တွေ(တခြားအဖုအထစ်တွေလည်း ပါပါတယ်) အားလုံးဟာ ပင်ကိုမဟုတ်ဘဲ ခွဲစိတ် ပြုပြင်ထားတဲ့ ပလတ်စတစ်ဆာဂျရီ (Plastic Surgery) ကြောင့်ပါ။ ဒီပညာကိုလည်း မြန်မာပါရဂူ တွေက စခဲ့တယ်ဆိုတာ သေချာသိပါတယ်။ လက်ရှိ အခြေအနေမှာလည်း ဘရူနိုင်းနိုင်ငံမှာ နန်းတွင်း သမားတော်တွေအဖြစ် ခစားနေတဲ့ မြန်မာ ဆေးပညာရှင်တွေ၊ မလေးရှားနိုင်ငံမှာ ပါမောက္ခ တွေအဖြစ် ပညာသင်နေတဲ့ မြန်မာပညာရှင်တွေ အများကြီးပါ။
သမားအိုတို့ခေတ်က အင်္ဂလန်နိုင်ငံ General Medical Council(GMC) ရဲ့ အသိအမှတ်ပြုမှုကြောင့် ဗြိတိသျှဓနသဟာယနယ်ပယ်ထဲက ဆေးရုံတွေမှာ ဆရာဝန်တွေအဖြစ်နဲ့ ကုသခွင့်ရခဲ့ကြပါတယ်။ ဟောင်ကောင်မှာ၊ ကနေဒါမှာ၊ အင်္ဂလန်မှာ နေရာ ရခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ဖို့ ကတော့ စနစ်မတူတဲ့အတွက် ဝင်ခွင့်စာမေးပွဲတွေ ဖြေကြရပါတယ်။ နေရာလေးတစ်ခုရဖို့အတွက် ကျားကုတ်ကျားခဲ ရုန်းကန်ခဲ့ကြရပါတယ်။ ဖီဂျီ၊ တောင်အာဖရိက စတဲ့ နိုင်ငံတွေမှာလည်း မြန်မာ ဆရာဝန်တွေ အလုပ်လုပ်နေကြပါတယ်။
သမိုင်းကြောင်းကောင်းခဲ့တဲ့ မြန်မာဆေး လောကဟာ အခုအခြေအနေကို ကြည့်ပြီး သုတေသနတွေလုပ်ကာ အဖြေရှာဖို့လိုပါတယ်။
လက်တွေ့အသုံးချ
သုတေသနလုပ်ငန်းတွေ
“မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းက ၆၇ ဒသမ ၄၂ နှစ်ခန့်သာ ရှိနေတာမို့ ဒေသတွင်း နိုင်ငံများနဲ့ နှိုင်းယှဉ်လျှင် နိမ့်ကျလျက်ရှိပါတယ်” ဆိုတဲ့ အရှိတရားကို လက်ခံပြီး အကြောင်းရင်းကို ရှာဖွေဖို့၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းတွေ ကို တိုးမြှင့်ဆောင်ရွက်သွားဖို့ အမှန်ပဲ လိုအပ်နေပါ တယ်။ တွေ့ရှိချက်များကို လက်ခံပြီး အမြန်ပြုပြင် ဖို့လည်း လိုပါတယ်။
အခု သုတေသနညီလာခံမှာ “မျှဝေခံစား အသိ တိုးပွား၊ ကိုဗစ်-၁၉ တတိယလှိုင်း အတွေ့အကြုံ များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်သွင်းဆွေးနွေးကြတဲ့ သုတေသန စာတမ်းတွေကို ကြည့်ရင် “ကိုဗစ်-၁၉ လူနာကုသရေး အတွေ့အကြုံများ” နဲ့ “စီမံ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ” ဆိုပြီး အပိုင်း နှစ်ပိုင်းကို တွေ့ရပါတယ်။
မကြုံဖူးတဲ့လှိုင်းကြမ်း
လက်ရှိကျန်းမာရေးဝန်ထမ်းတွေရဲ့ တစ်သက် တာ အတွေ့အကြုံတွေထဲမှာ မနှစ်က ကိုဗစ်-၁၉ တတိယလှိုင်းဟာ တစ်ခါမှ မကြုံဖူးတဲ့ လှိုင်းကြမ်း ကြီးပါပဲ။ ဆေးကုသပေးခဲ့တဲ့ ပါရဂူတစ်ဦးရဲ့ မှတ်ချက်ကတော့-
- ဆေးပညာရှင်တွေရဲ့ အင်အားနဲ့ စုစည်းမှု ဟာ ကိုဗစ်-၁၉ တတိယလှိုင်းကို ကျော်လွှား နိုင်ခဲ့တဲ့ မလျှော့တမ်းဇွဲကြောင့် ချီးကျူးစရာ ဖြစ်ခဲ့တယ်။
- လူနာခုတင် မလောက်တာ၊ အောက်ဆီဂျင် ပေးဖို့ မလုံလောက်တာတွေ ရှိခဲ့တာ ကြောင့် ကြိုတင်ပြင်ဆင်မှုဆိုတာ မရှိမဖြစ် လိုအပ်တယ်။
- လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေ အပေါင်းအဖော်တွေ၊ ဆရာသမားတွေ၊ သက်ကြီးရွယ်အိုတွေကို ကြည့်ရင်း နောင်ဘယ်သောအခါမှ ဒီလိုအခြေအနေမျိုး မကြုံတွေ့ပါရစေနဲ့လို့ ဆုတောင်းပါကြောင်း စာတမ်းထဲမှာတင်သွင်း ဖတ်ကြားသွား ပါတယ်။
သူ့အတွေ့အကြုံနဲ့ မှတ်ချက်ကိုကြည့်ပြီး သမားအိုရဲ့ ကိုယ်တွေ့တွေဟာ “ဆောင်းအိပ်မက် ကယောက်ကယက်” ဆိုတာလို တဖျတ်ဖျတ် ပေါ်လာခဲ့တယ်။
ဆေးရုံကြီးရှေ့က ကတ္တရာလမ်းပေါ်မှာ မွန်းတည့်နေပြင်းဒဏ်ကိုခံပြီး စောင့်နေရတဲ့ အသည်းအသန်လူနာတွေ၊ အရေးပေါ်လူနာတင် ယာဉ်တွေနဲ့ပါလာပြီး ဆေးရုံထဲ ဝင်ခွင့်မရလို့ စောင့်ရင်းစောင့်ရင်း လက်လျှော့လိုက်ရတဲ့ လူနာ တွေ၊ ဆေးရုံတက်ခွင့်ရပေမယ့် ဆေးကုသဆောင် ထဲမှာ တဖြုတ်ဖြုတ်သေသွားကြတဲ့ လူနာတွေ၊ အလောင်းထုပ်တဲ့အိတ်တွေထဲမှာ ပါသွားတဲ့ အထီးကျန်အသုဘတွေ၊ ဆေးစစ်ဖို့လည်း အချိန်မမီ၊ ဆေးကုခံရဖို့လည်း အချိန်မမီတဲ့ စာရင်းပျောက် ကွယ်လွန်သူတွေ များစွာ များစွာ ရှိခဲ့ပါတယ်။
ကာကွယ်ဆေး စနစ်တကျထိုးနှံရေး
စိန်ခေါ်ချက် ခုနစ်ချက်
ကိုဗစ်-၁၉ တတိယလှိုင်းတုန်းက ဆေးရုံတွေ မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနည်းတူ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးဖို့ စီစဉ်ဆောင်ရွက် ရတဲ့လူတွေရဲ့ အတွေ့အကြုံတွေကိုလည်း ကြားနာ ခွင့်ရပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာ လှိုင်းသစ်အဖြစ် ရောက်လာတဲ့ အိုမီခရွန်(Omicron)ကို တိုက်ဖျက်ဖို့ အခြေခံတစ်ခုဖြစ်တဲ့ ကာကွယ်ဆေး စနစ်တကျ ထိုးနှံရေးအတွက် စိန်ခေါ်ချက် ခုနစ်ချက်ကိုလည်း မှတ်သားမိရပါတယ်-
• ကျွမ်းကျင်ဝန်ထမ်းရင်းမြစ်အားနည်းမှု
• ညှိနှိုင်းဆောင်ရွက်ရာမှာ ကြုံရတဲ့ အခက်အခဲ များ၊
• ထိုးပေးနေရတဲ့ ကာကွယ်ဆေးအမျိုးမျိုးရဲ့ သဘာဝ၊
• နိုင်ငံခြားကလာတဲ့ ကာကွယ်ဆေးတွေကို ထိုးပေးရာ နေရာအထိ စဉ်ဆက်မပြတ် စောင့်ကြပ်ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်၊
• ဆေးထိုးခံတဲ့ လူတွေနဲ့ ပတ်သက်တဲ့စာရင်း ဇယားတွေ ကွဲပြားမှု၊
• လူထုရဲ့လက်ခံနိုင်မှု၊ တောင်းဆိုမှုများ၊
• ဦးစားပေးအုပ်စု၊ မြို့ပြနဲ့ကျေးလက် ကွာခြား မှု။
အဲဒီအချက်တွေကို ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်နိုင်မှ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်း တွေရဲ့ ထိရောက်အောင်မြင်မှုကို စိတ်ချရမှာလည်း ဖြစ်ပါတယ်။
သတ္တိခဲပညာရှင်တွေ
မြန်မာ့ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိကြတယ်။ ယနေ့ထိလည်း ကိုဗစ်-၁၉ ရဲ့ ဖိအားဒဏ်ကို ကြံ့ကြံ့ ခံနေကြတယ်။ ဒါပေမယ့် စိန်ခေါ်ချက်တွေက များ လွန်းတယ်။ ကာကွယ်ဆေးထိုးတဲ့ကိစ္စလေး တစ်ခု တည်းတင် ကြုံတွေ့နေရတဲ့ အချက်ခုနစ်ချက်ကို ဖြေရှင်းဖို့ရာ မလွယ်လှပါဘူး။ လူထုကျန်းမာရေး (Public Health)နဲ့ အဓိကဆိုင်တဲ့ကိစ္စတွေ များလှ ပါတယ်။ လိုအပ်ချက်တွေလည်း များလှပါတယ်။
ကုသရေးဆိုင်ရာကဏ္ဍမှာရော၊ ကာကွယ်ရေး ဆိုင်ရာ ကဏ္ဍမှာပါ အလုပ်လုပ်ရင်း ရလာတဲ့ အတွေ့အကြုံတွေကို စိတ်ခံစားချက်နဲ့ မျှဝေနေ ကြတဲ့ သုတေသီပညာရှင်တွေကို ကြည့်ရင်း ပီတိဖြစ်ရပါတယ်။ သမားအိုအတွက် ကြီးစွာသော ခွန်အားကို ဖြစ်စေတယ်။ အဓိကကျတဲ့ အချက်က တော့ သူတို့အားလုံးဟာ ဘယ်လောက်ပဲ အခက်အခဲ တွေနဲ့ ကြုံကြုံ မိမိတို့ရဲ့ တာဝန်ကျရာနေရာကို စွန့်ခွာမသွားဘဲ နေခဲ့ကြတဲ့ သတ္တိခဲပညာရှင်တွေပါ။
သူတို့တစ်တွေ သုတေသနစာတမ်းတွေ ဖတ်ကြား၊ ဆွေးနွေးနေကြတဲ့ အချိန်မှာပဲ မြန်မာပြည်ကို “အိုမီခရွန်” ကိုဗစ်-၁၉ မျိုးကွဲက ခြိမ်းခြောက်နေပါပြီ။ သူတို့ဘက်က လက်လျှော့မယ့် အရိပ်အရောင် နည်းနည်းလေးမှ မမြင်မိပါဘူး။
သုတေသန ညီလာခံမှာ တင်ပြနေတဲ့ အခက်အခဲတွေက သူတို့ကိုယ်တိုင်ဖြေရှင်း နိုင်မယ် ဆိုရင် ပြောဖို့တောင် မလိုပါဘူး။ သူတို့ကိုယ်တိုင် လက်လှမ်းမမီတဲ့ ကိစ္စတွေ၊ ဌာနဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရမယ့် ကိစ္စတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ စေတနာရှင်တွေက ကူညီရမယ့်ကိစ္စတွေ၊ တစ်ဦးချင်း လူထုကိုယ်တိုင်က လိုက်နာ ဆောင်ရွက်ရမယ့် စည်းကမ်းတွေ၊ မိသားစုအလိုက်၊ ရပ်ရွာအလိုက် ပူပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေ များစွာ ရှိနေပါတယ်။
ဖြေရှင်းရမယ့်ကိစ္စတွေ
ဒါတွေအားလုံးဟာ အပြောတွေမဟုတ်ဘဲ အလုပ်နဲ့ ဖြေရှင်းရမယ့် ကိစ္စတွေပဲ ဖြစ်ပါတယ်။ ပြဿနာဖြေရှင်းမှု (Problem Solving Approach) နဲ့သွားရမှာဖြစ်ပြီး ချက်ချင်းလုပ်ရင်တောင် နည်းနည်းနောက်ကျနေပြီဖြစ်ပါတယ်။ မကြာခင်မှာ စတုတ္ထလှိုင်းဟာ ထပ်ရောက်လာလိမ့်မယ်။ မကြာဘူး ဆိုတာလည်း လပိုင်းလေးပါပဲ။
ဖေဖော်ဝါရီ ၂၅ ရက်ကဆို ကိုဗစ်-၁၉ ပိုး တွေ့မှုနှုန်းဟာ ၁၂ ဒသမ ၄၉ ရာခိုင်နှုန်းရှိတယ်။ အရေအတွက်အားဖြင့် ၃၃၉၁ ယောက်ရှိတယ်။ သုံးယောက်သေတယ်။ ဒါ့ကြောင့် ပေါ့လို့မရဘူး။ အိုမီခရွန်ဟာ ကူးစက်မြန်သလောက် ရောဂါကြောင့် အသေအပျောက် နည်းတယ်လို့ ဆိုပေမယ့် မြန်မာ ပြည်ထဲမှာ ဒယ်လ်တာ (Delta) မျိုးကွဲက ရှိနေတုန်း ပဲ။ သူက ပြင်းထန်တဲ့ ရောဂါပေးပြီး သေစေနိုင်တယ်။
ကိုဗစ်-၁၉ တတိယလှိုင်းတုန်းက အတွေ့ အကြုံတွေ သုတေသနတွေကို သင်ခန်းစာယူပြီး အမြန်ပြုပြင်ကာ ကိုဗစ်- ၁၉ စတုတ္ထလှိုင်းကို ရင်ဆိုင်ကြဖို့ လူတိုင်း သတ္တိမွေးကြပါ။ ။
- Log in to post comments