သတင်းထုတ်ပြန်ချက်

 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက 
မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်ကိစ္စ 
 

 

အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ၁၁-၁-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပုံမှန်သတင်းထုတ်ပြန်ချက်ဖြင့် Annual Press Statement ပြောကြားခဲ့ပြီး၊ ထိုသို့ပြောကြားရာ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။
 မြန်မာနိုင်ငံအနေဖြင့် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည့် အောက်ဖော်ပြပါ ရပ်တည်ချက်များအတိုင်း ဆက်လက် ရပ်တည်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးဖော်ပြအပ်သည်-
(က)     မြန်မာနိုင်ငံသည်   အာဆီယံ၏ တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ခြင်းကို မိမိနိုင်ငံ၏ အမျိုးသားရေးအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အဖွဲ့ဝင်တစ်နိုင်ငံမှ မစွက်ဖက်ရေး စသည့်အခြေခံမူများနှင့်အညီ စွဲမြဲစွာ ဆောင်ရွက်လျက်ရှိသည်။ 
(ခ)      မြန်မာနိုင်ငံတွင်  ပါတီစုံဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်း စဉ် (၅) ရပ်အား  လွတ်လပ်သည့်  အချုပ်အခြာအာဏာပိုင်   နိုင်ငံတစ်နိုင်ငံအဖြစ်    ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။ 
(ဂ)       အာဆီယံသည်  စည်းမျဉ်းကိုအခြေခံသည့်  အဖွဲ့အစည်းဖြစ်သည်နှင့်အညီ  အာဆီယံပဋိညာဉ်စာတမ်းပါ   ပြဋ္ဌာန်းချက်များနှင့်  အာဆီယံအခြေခံမူများနှင့်အညီ  တိတိကျကျလေးစားလိုက်နာရန်လိုအပ်ပြီး  မြန်မာအစိုးရမှ ကြေညာထားသည့် မည်သည့်အကြမ်း ဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြုရန်  လိုအပ်ကြောင်းကို ထပ်လောင်းသတိပေးတိုက်တွန်းသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ   ၁၂  ရက်