သရက်(ပြည်ညောင်) ဘိလပ်မြေစက်ရုံ တန် ၆ဝဝဝ ကျ စက်ရုံအဖြစ် တိုးမြှင့်ထုတ်လုပ်မည်

ရန်ကုန်   ဇန်နဝါရီ   ၁၁ 


မြို့တော်    ဘိလပ်မြေစက်ရုံ (ပြည်ညောင်)ကို   အမေရိကန် ဒေါ်လာသန်း ၇၆ဝ ခန့်   ရင်းနှီးမြှုပ်နှံ ပြီးတစ်နေ့လျှင် တန် ၆ဝဝဝ ကျ စက်ရုံအဖြစ် တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း      သိရ သည်။ 


စတင်တည်ဆောက်


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ်ရှိ ရန်ကုန် မြို့တော်        စည်ပင်သာယာရေး ကော်မတီပိုင် သရက်(ပြည်ညောင်) ဘိလပ်မြေစက်ရုံကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁ ရက်က မြေဧက ၅ဝဝ ပေါ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ကာ တစ်ရက်လျှင် ဘိလပ်မြေတန် ၅ဝဝ ကို ထုတ်လုပ် ခဲ့သည်။



ထို့နောက် ၂၀၁၃ ခုနှစ်တွင် Max Myanmar Manufacturing ကုမ္ပဏီလီမိတက်သို့ ၄၅ နှစ် နှစ်ရှည်ငှားရမ်းခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် မြန်မာအမျိုးသားပိုင်ရတနာစိုင်းကောင်းမြတ်ကျော် သတ္တု တူးဖော်ရေး   ကုမ္ပဏီလီမိတက်သို့    မူလစာချုပ်ပါအတိုင်း လွှဲပြောင်းငှားရမ်းခဲ့သည်။ 


ယခုအခါ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီလီမိတက် သည် မူလငှားရမ်းစဉ်က West Process စနစ်ဖြင့် တည်ဆောက် ထားသောတန် ၅ဝဝ ကျ စက်ရုံနှင့် အဆောက်အအုံများကို ပြန်လည်အပ်နှံပြီး  New Dry Process စနစ်ဖြင့် တစ်ရက်လျှင် တန် ၆ဝဝဝ ကျ ဘိလပ်မြေစက်ရုံအဖြစ် ထပ်တိုးရင်းနှီးမြှုပ်နှံတည်ဆောက်ရန် ဒုတိယအကြိမ်ပြင်ဆင်သည့် စာချုပ်ကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီလီမိတက် တို့ ချုပ်ဆိုခဲ့သည်။ 


အဆိုပါ စက်ရုံမှထွက်ရှိသော ဘိလပ်မြေများကို မြို့တော် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ရာ ပြည်ပမှ မှာယူတင်သွင်းရမှုလျော့နည်းပြီး နိုင်ငံခြားငွေကုန်ကျမှုလည်း သက်သာလာမည်ဖြစ်သည်။ 


စောလှိုင်ဝင်း