
ရွှေဘို ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ သဖန်းဆိပ်ဆည်ရေဖြင့် နွေစပါးဧက ၂၅၀၀၀၀ ကျော်အတွက် ရေပေးဝေသွားမည်ဖြစ်ပြီး နွေစပါးမျိုးသစ် ချမ်းမြေ့မေနှင့် အာဗွီ 43 စပါးမျိုးများကို ဧက ၄၀၀၀၀ ခန့် စိုက်ပျိုးရန် ရည်ရွယ်ထားကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေထံမှ သိရသည်။
“နွေစပါးမျိုးတွေကတော့ သက်တမ်းတိုမျိုးဖြစ်တဲ့ ရွှေဆည်ရင်၊ ရွှေသွယ်ရင်၊ ၇၄၇၊ ရက် ၉၀ စပါးတွေကို ဦးစားပေးစိုက်ပျိုးတယ်။ ဒီနှစ် မှာ သဖန်းဆိပ်ဆည်ရေမှာ ကန်ထရိုက်လယ်ယာစနစ်နဲ့ စပါးမျိုးသစ် ချမ်းမြေ့မေစပါးမျိုးနဲ့ အာဗွီ 43 စပါးမျိုးတွေကို တိုးချဲ့စိုက်ပျိုးမှာဖြစ်ပါ တယ်။ ချမ်းမြေမေစပါးမျိုးနဲ့ အာဗွီ 43 စပါးမျိုးကို ဧက လေးသောင်းခန့် စိုက်ပျိုးဖို့ ရည်ရွယ်ထားတယ်။ လက်တွေ့မှာ ဘယ်လောက်စိုက်နိုင် မလဲဆိုတာမသိသေးဘူး။ ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်နိုင်အောင် ကုမ္ပဏီအနေနဲ့ တောင်သူတွေကို စည်းရုံးဆောင်ရွက်ထားပါတယ်”ဟု ဦးတင်မောင်ဆွေက ပြောသည်။
သဖန်းဆိပ်ဆည်ရေသောက်အနေဖြင့် နွေစပါးဧက ၂၇၀၀၀၀ ကျော်ရေပေးမည်ဖြစ်ရာ ရွှေဘိုခရိုင်အတွက် ဧက နှစ်သိန်းခွဲကျော် ရေပေးမည်ဖြစ်သည်။ အခြားသီးနှံအတွက် သဖန်းဆိပ်ဆည်တစ်ခုလုံးဧကတစ်သိန်းကျော် ရေပေးမည်ဖြစ်ပြီး ရွှေဘိုခရိုင်အတွက် ဧက ခုနစ်သောင်းခွဲအထိ ရေပေးမည်ဖြစ်ကြောင်း သိရသည်။
စတင်ပေးမည်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် သဖန်းဆိပ်ဆည်ရေကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ရေပေးဝေမည်ဖြစ်ရာ တောင်သူများအနေ ဖြင့် နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးနိုင်ရေးအတွက် မျိုးစုဆောင်းခြင်း၊ ချမ်းမြေဇေယျာကုမ္ပဏီက ကန်ထရိုက်စနစ်ဖြင့် နွေစပါးစိုက်နိုင်ရန် ကြိုတင်ဆောင်ရွက်နေကြောင်း သိရသည်။
“တောင်သူတွေက နွေစပါးနဲ့ အခြားသီးနှံစိုက်ပျိုးနိုင်ဖို့ မျိုးရရှိ ရေး ကြိုတင်ပြင်ဆင်နေတာတွေရှိပြီး ဆည်မြောင်းဌာနကလည်း ရေမြောင်းပြင်ဆင်တာတွေလုပ်ဆောင်နေပါတယ်။ စိုက်ပျိုးရေးဦးစီးဌာန က တောင်သူတွေ မျိုးရရှိရေး ဆောင်ရွက်ပေးနေပြီး ကန်ထရိုက်လယ်ယာ စနစ် အကောင်အထည်ဖော်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး နေပါတယ်”ဟု ဦးတင်မောင်ဆွေက ပြောသည်။
နွေစပါးတစ်ဧက တင်း ၁၂၀ ထွက်ရှိရေး နီးစပ်ရာပညာပေး လုပ်ငန်းများဆောင်ရွက်နေပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေလျက်ရှိသည်။ အချို့ မိုးစပါးရိတ်သိမ်းသည့်နေရာတွင် စောသည့် တောင်သူများအနေဖြင့် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကို ကြိုတင် စိုက်ပျိုးထားရာ နွေစပါးမစိုက်မီ ပိုက်ဆံလျှော်ပန်းပွင့်ချိန်၌ ထယ်ထိုးပြီး သစ်စိမ်းမြေသြဇာရရန် စိုက်ပျိုးထားခြင်းများရှိသည်။ တချို့တောင်သူများသည် ကြားကာလတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြကြောင်း သိရသည်။
လူလေး