
နေပြည်တော် မေ ၃
နေပြည်တော်ကောင်စီကကြီးမှူး၍ ကဆုန် လပြည့် ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီ မိနစ်၂၀ တွင် နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ရှိ မဟာဗောဓိညောင်ပင်တော်တွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၏ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက်၍ ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ကြသည်။
ဦးစွာ အခမ်းအနားမှူးက ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ရန် ပန်ကြား သည့် မဟာဗောဓိရုက္ခသိဉ္စန ပူဇာဂါထာကို ဖတ်ကြားပူဇော်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၏ဇနီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများက သတ်မှတ်ထားသည့်နေရာများ အလိုက် မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်ကို လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)