
သံတွဲ မတ် ၂၅
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင် ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် သံတွဲ - ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း ၁၆ ဒသမ ၆၇ မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် လယ်၊ ဥယျာဉ်မြေနှင့် ကိုင်းမြေများအတွက် ကျေးရွာအုပ်စု ငါးအုပ်စုမှာ တောင်သူ ၁၂၄ ဦးအတွက် မြေယာ၊ သီးနှံလျော်ကြေး ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး ဝင်းဗိုလ်က မြေယာ/သီးနှံလျော်ကြေးငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနိုင်က တောင်သူများအား မြေယာ/သီးနှံလျော်ကြေးငွေ ပေးအပ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရမှုအခြေအနေများနှင့် လုပ်ထုံးလုပ်နည်း၊ ငွေစာရင်း စည်းမျဉ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြေယာ/သီးနှံလျော်ကြေးငွေများကို ပေးအပ်ရာ နန်ချောင်းကျေးရွာအုပ်စုမှ တောင်သူ ၁၄ ဦး၊ ပဒဲကောကျေးရွာအုပ်စုမှ တောင်သူ ၂၉ ဦး၊ သာယာကွင်းကျေးရွာအုပ်စုမှ တောင်သူ ၁၅ ဦး၊ မဲနယ်ကွင်းကျေးရွာအုပ်စုမှ တောင်သူ ၃၀ နှင့် ကညင်ကွင်းကျေးရွာ အုပ်စုမှ တောင်သူ ၃၆ ဦး စုစုပေါင်း တောင်သူ ၁၂၄ ဦးအတွက် လျော်ကြေးငွေ ၂၄၆၈၅၅၀၀ ကို သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ပေးအပ်သည်။
သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာအုပ်စုမှ တောင်သူဦးတင်ဖေက “ကျွန်တော်တို့အပေါ် နိုင်ငံတော်က ထောက်ပံ့ကြေးအနေနဲ့ပေးတဲ့ အတွက် အားလုံးဝမ်းသာအားရဖြစ်မိပါတယ်။ ကျွန်တော်တို့က လည်း နိုင်ငံတော်အပေါ် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကြည်ကြည်ဖြူဖြူ နဲ့ ဝမ်းမြောက်ဝမ်းသာ ပေးအပ်နိုင်ပါတယ်။ ယခုလို ၂၄ နာရီ လျှပ်စစ်မီးရရှိတဲ့အတွက် ပိုပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်” ဟု ပြောသည်။
ဆက်လက်၍ မဲနယ်ကွင်းကျေးရွာအုပ်စုမှ တောင်သူ ဦးတင်လှ က “နိုင်ငံတော်က အခုလိုမြေယာလျော်ကြေးငွေများ ပေးအပ်တဲ့ အတွက် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်၊ နိုင်ငံတော်က ပြည်သူတွေအပေါ် ယခုလိုစနစ်တကျ ပေးအပ်တဲ့အတွက် နိုင်ငံတော် အကြီးအကဲများကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ပြောသည်။
သန့်ဇင်(ခရိုင်ပြန် /ဆက်)