သွင်းအားစုစရိတ်နှင့် စက်သုံးဆီဈေးနှုန်းများကြောင့် တောင်သူများ အခက်အခဲကြုံတွေ့နေ

 

နောင်ချို  ဇန်နဝါရီ  ၂၁
ဓာတ်မြေဩဇာ၊  ပိုးသတ်ဆေး၊   မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး အစရှိသော သွင်းအားစုစရိတ်များ နှင့် စက်သုံးဆီဈေးနှုန်းများ  မြင့်တက်နေသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)    နောင်ချိုမြို့နယ်မှ နှစ်ရှည်ပင်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးတွင် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
နောင်ချိုမြို့နယ်မှ   ထောပတ်ခြံလုပ်ငန်း လုပ်ကိုင်သူ  ကိုလှထွန်းအောင်က   “တစ်ကီလိုမှ ၇၀၀၀၊ ၈၀၀၀  တန်တွေက   အခုချိန်မှာဆိုရင်  ၁၅၀၀၀၊ ၂၅၀၀၀ လောက်အထိ ပေးနေရတယ်။ ပိုးဆေးဆိုရင် ၁၈၀၀၀၊  ၁၅၀၀၀ လောက်ရှိတဲ့ဟာ တွေက အခုချိန်မှာ ၃၅၀၀၀၊ ၄၀၀၀၀ ပေါ့။ ဈေးတွေ က တက်နေတဲ့အခါကျတော့ ကျွန်တော်တို့ စိုက်ပျိုး ထုတ်လုပ်တဲ့လူတွေအဖို့ တစ်ကြိမ်ဖျန်းရင် တစ်ကြိမ် ကုန်တာဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ အဲဒါလေး တွေကတော့ အဓိက အခက်အခဲပဲ” ဟု ပြောသည်။
နှစ်ရှည်သီးနှံ   စိုက်ပျိုးသည့်ခြံများအနေဖြင့် မိုးရာသီတွင် မိုးရေကို အမှီပြုနိုင်သော်လည်း မိုးခေါင် သည့် ကာလများနှင့် နွေရာသီ၊ ဆောင်းရာသီတို့တွင်မူ အပင်များရှင်သန်ကြီးထွားရေးအတွက် ရေပေးဝေ ရန် လိုအပ်သည်။ ယခုနှစ်တွင် ယခင်နှစ်များကထက် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသောကြောင့် စိုက်ပျိုးစရိတ်မှာလည်း  ပိုမိုကုန်ကျနေခြင်း  ဖြစ် သည်။
“အခုဆိုရင် ၁၂  လပိုင်းမှာ  အသီးတွေလည်း ရှိသေးတယ်။ နောက်ပွင့်မယ့်  အပွင့်တွေအတွက် လည်း ရေပေးရတယ်။ ဒီဇယ်ဆီဆိုရင် ကျွန်တော်တို့ က  တောင်ပေါ်ဒေသဖြစ်တဲ့အတွက်  ရန်ကုန်တို့ ဘာတို့ထက်  ပိုပြီးတော့ ဈေးများတယ်။ ကျွန်တော် တို့ ရေတစ်ကြိမ်ပေးရင်  တစ်ရက်ကို   ဒီဇယ်ဆီ သုံးဂါလန်နဲ့ လေးဂါလန်ကြား ကုန်တယ်။ ‌အသီးအပွင့် ဖြစ်နေတဲ့အခါကျတော့ ရေကလည်းဖြတ်မရဘူး။ တစ်လကို ရေက သုံးကြိမ်လောက်ပေးရတယ်” ဟု ၎င်းက ဆက်ပြောသည်။
နှစ်ရှည်သီးနှံပင် စိုက်ပျိုးရာတွင် ဈေးကွက် ကောင်းမွန်ချိန်ဖြစ်စေ၊ ဈေးကွက်ပိုင်း အားနည်းချိန် တွင်ဖြစ်စေ အပင်ပြုစုစောင့်ရှောက်ရေးလုပ်ငန်း များကိုမူ   နှစ်စဉ်   ပုံမှန်ဆောင်ရွက်ပေးရကြောင်း သိရသည်။                            
နန်းထက်ထက်ချစ်