
တိုကျို မေ ၂
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် သမ္မတ ယွန်ဆက်ယိုးလ်နှင့် တွေ့ဆုံဆွေးနွေးရန် မေ ၇ ရက်မှစတင်ပြီး တောင်ကိုရီးယားနိုင်ငံသို့ နှစ်ရက် ကြာခရီးသွားရန် စီစဉ်ထားကြောင်း ပြောသည်။ မေ ၁ ရက်က ဂါနာနိုင်ငံသို့ရောက်ရှိစဉ် ဂျပန် - တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်နေကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု
မြှင့်တင်ရေးကို အတည်ပြုသွားဖွယ်ရှိ
ထို့ကြောင့် အဆိုပါ ခရီးစဉ်သည် ၂၀၁၈ ခုနှစ်က ရှင်ဇိုအာဘေး အလည်အပတ်ရောက်ရှိပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ ဂျပန်ဝန်ကြီးချုပ်တစ်ဦး အနေဖြင့် ပထမဆုံးသွားရောက်သည့် ခရီးစဉ်လည်း ဖြစ်လာမည် ဖြစ်သည်။ ထိုကဲ့သို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို အတည်ပြုသွားဖွယ် ရှိကြောင်း သိရသည်။
ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား ပို့ကုန်ထိန်းချုပ်မှုများအပြင် ဆီမီး ကွန်ဒတ်တာနှင့် အခြားသောနယ်ပယ်ကဏ္ဍများတွင် စီးပွားရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ကိုလည်း ဆွေးနွေးသွားဖွယ်ရှိသည်။
ကီရှီဒါနှင့် ယွန်ဆက်ယိုးလ်တို့သည် မတ်လ တွင် တိုကျို၌ တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်လည်တည်ဆောက်ရန်နှင့် ဆယ်စုနှစ်တစ်စုကျော်အတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်လည်ပတ်မှု ပြန်လည်စတင်ရန် သဘောတူခဲ့ကြသည်။
မေ ၅ ရက်တွင် ဂျပန်သို့ ပြန်လည်ရောက်ရှိမည်
ကီရှီဒါသည် လက်ရှိတွင် အာဖရိက လေးနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့သို့ ခရီးထွက်ခွာလျက်ရှိပြီး မေ ၅ ရက်တွင် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတရုံးကလည်း ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် ၎င်း၏ဇနီး ယူကိုတို့ တောင်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာလာရောက် မည်ဖြစ်ကြောင်း မေ ၂ ရက်က ထုတ်ပြန်ကြေညာ ထားသည်။
အင်န်အိတ်ချ်ကေ