သမ္မာဒိဋ္ဌိ မှန်ကန်သောအမြင်နဲ့ မှန်ကန်စွာ တွေးတောဆင်ခြင်ခြင်း သမာသင်္ကပ္ပ ဆိုရာဝယ်

Type

 

မောင်မောင်လင်း (သံအမတ်ကြီး) 
 

 

ဗုဒ္ဓမြတ်စွာဘုရားဟာ ပထမဆုံးတရားဖြစ်တဲ့ ဓမ္မစကြာတရားဟောတဲ့အချိန်မှာ မဂ္ဂင်ရှစ်ပါးကို အဓိကထား ဟောထားခဲ့တယ်။ ဒါဟာ နိဗ္ဗာန် ကို မျက်မှောက်ပြုဖို့ တံခါးကြီးဖြစ်ပါတယ်။ မဂ္ဂင်ရှစ်ပါးထဲမှာ  မြတ်စွာဘုရားက အဓိကထားပြီး ဟောလိုက်တာက သမ္မာဒိဋ္ဌိ   မှန်ကန်တဲ့အမြင်၊ မှန်မှန်ကန်ကန် နားလည်သဘောပေါက်ခြင်း အသိပညာပဲ ဖြစ်တယ်။ 
ပြဿနာတစ်ခုခုကို   ဖြေရှင်းရတော့မယ်ဆိုရင်   အဲဒီပြဿနာကို မှန်မှန်ကန်ကန်     နားလည်ဖို့ဆိုတာ   အရေးကြီးဆုံးပဲ။ ဘယ်အရာပဲ ဖြစ်ဖြစ် ပြဿနာတစ်ခုရှိလာပြီဆိုတာနဲ့   နံပါတ်တစ် “ပြဿနာကို ပြဿနာလို့မြင်မှသာ”  ဖြေရှင်းဖို့   ကြိုးစားမှာလေ။  ပြဿနာလို့ မမြင်ထားရင် ဖြေရှင်းဖို့ကြိုးစားမှာ   မဟုတ်ဘူး။ သစ္စာလေးပါးနဲ့ ပြောမယ်ဆိုရင်တော့     ဘဝကို     ဒုက္ခလို့မြင်မှသာ    အဲဒီဒုက္ခက လွတ်မြောက်ဖို့  လမ်းရှာမှာပေါ့။ မမြင်ရင် တွယ်တာပြီး ဖက်တွယ်ထား မိမှာပေါ့။ မြင်လာတဲ့အခါကျတော့ အကြောင်းတရားက ဘာလဲဆိုတာ ရှာလာမယ်။ ဘာကြောင့်ပြဿနာဖြစ်တာလဲ ဆိုတာရှာမယ်။ ပြဿနာ ကို ပြေလည်သွားဖို့နည်းလမ်း   ဆိုတာကိုလည်းမြင်တယ်။ သစ္စာ လေးပါးဆိုတာ အဲဒါကိုပြောတာပါ။ 
မှန်ကန်သောအမြင်ကို မြတ်စွာဘုရားက ဟောကြားခဲ့
ဒုက္ခဆိုတာကို တွေ့ပြီးရင် ဒုက္ခရဲ့အကြောင်းတရား၊ ဒုက္ခချုပ်ငြိမ်း သွားခြင်းရဲ့   အကြောင်းတရားနဲ့  ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်စေတဲ့ အကြောင်းတရားကိုလည်း သိရမှာဖြစ်တယ်။ ဒါကြောင့် မှန်ကန်သော အမြင် ဆိုတာကို မြတ်စွာဘုရားက သစ္စာလေးချက်သာ ဖြစ်တယ်လို့ ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။
လောကီကိစ္စတွေဖြစ်တဲ့  နေ့စဉ်ဘဝမှာလည်း  တကယ်စဉ်းစားရင် ဒီလေးချက်ပဲဆိုတာ  တွေ့ရမှာပါ။   ဥပမာအားဖြင့်  ဆရာဝန်တွေ ဆေးကုပေးတဲ့အခါ ဗိုက်ထဲကနာနေတယ်ဆိုတာ   ပြဿနာ၊  ဗိုက် ဘာကြောင့် နာရတာလဲ၊ ဒါကို  ပျောက်အောင်ကုနိုင်လား၊ ကုလို့ မရဘူး လား၊ ပျောက်အောင်ကုနိုင်တယ်ဆိုရင် ဘယ်နည်းနဲ့ပျောက်အောင် ကုမလဲဆိုတာ   ရှာရမယ်လေ။  ဒါသစ္စာလေးပါးစနစ်ဖြစ်တယ်လို့ ဆရာတော်ကြီးက ဟောကြားတာ နာဖူးခဲ့ပါတယ်။ 
ဒါကြောင့်လည်း သမ္မာဒိဋ္ဌိ၊   မှန်ကန်သောအမြင်   ဆိုတာကို ရဖို့ ဆိုရင် တကယ့်ပညာရှိ သူတော်ကောင်းလို့ဆိုတဲ့ သူတစ်ပါးထံမှ မှန်ကန် စွာ ဟောပြတဲ့ တရားသံကို နာခံမှုရှိရမယ်။ တရားနာတာဟာ သမ္မာဒိဋ္ဌိ ရဖို့ အကြောင်းတစ်ခုပဲဖြစ်တယ်။ တရားကို နာယူရုံမျှသာမဟုတ်ဘဲ ပုဂ္ဂိုလ်ရဲ့ အတွင်းသန္တာန်မှာရှိတဲ့  မှန်မှန်ကန်ကန်  နှလုံးသွင်းစဉ်းစား တတ်ဖို့လည်း လိုသေးတယ်။ မဟုတ်လို့ တလွဲတွေးမိသွားရင် သမ္မာဒိဋ္ဌိ ဖြစ်လာမှာ မဟုတ်ဘူး။ 
သမ္မာဒိဋ္ဌိဖြစ်ဖို့ဆိုရင် တရားဓမ္မနဲ့  အစထားမှန်ကန်တဲ့ သဘာဝ တရားတွေကို ဟောပြောနေတဲ့အပေါ် နာယူတာနဲ့ မိမိကိုက စဉ်းစား တတ်ခြင်းဆိုတဲ့ ဒီအကြောင်း နှစ်ချက်ရှိရင် မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ ဖြစ်ပေါ်လာမယ်။ ကိစ္စရပ်တိုင်းမှာ အတွင်းအကြောင်းတရားနဲ့ အပြင် အကြောင်းတရားနှစ်ရပ် ပေါင်းစပ်ပေးတတ်ဖို့လိုအပ်တယ်။ အတွင်း အကြောင်းတရားက မှန်ကန်သော၊ သင့်လျော်သော၊ ယုတ္တိရှိသော နှလုံးသွင်းမှု၊ ပညာပါသော နှလုံးသွင်းမှုဖြစ်ပြီး အပြင်အကြောင်းတရား ဖြစ်တဲ့   မိမိရဲ့မှန်မှန်ကန်ကန်   စဉ်းစားတတ်ခြင်းနဲ့   ပေါင်းစပ်မှသာ အမြင်မှန်မှု     သမ္မာဒိဋ္ဌိဆိုတာ  ဖြစ်လာပါတယ်လို့   နာယူခဲ့မှုအရ လက်တွေ့ဘဝမှာ မိမိတို့ ဘယ်လိုတွေးနေကြလဲဆိုတဲ့အပေါ် ပြန်လည် ဆင်ခြင် သုံးသပ်ကြည့်မိပါတယ်။
လူတွေမှာ  Perception ရှိနေပါတယ်။  လူတစ်ယောက် တစ်ခုခု ဖြစ်နေတာတွေ့ လိုက်တာနဲ့ အဲဒီလူဟာ ဒါပဲဆိုပြီး ချက်ချင်းကောက်ချက် ချလိုက်တယ်။   အဲဒါကို  Correspondent  Inference  လို့ ခေါ်တယ်။  လှေကားပေါ်မှ   ခြေချော်ကျတဲ့   လူတစ်ယောက်ကို  တွေ့လိုက်တာနဲ့ “ဒီလူနမော်နမဲ့နိုင်လှပါလား” ဆိုတာ မျိုးပေါ့။ လူတစ်ယောက်ရဲ့စားပွဲ ရှုပ်ပွနေတာတွေ့ရင် စနစ်မကျတဲ့လူလို့ တချို့ကထင်မယ်၊ တချို့က လည်း ဉာဏ်ကြီးရှင်တွေဟာ ဒီလိုပဲနေတတ်တယ်ပေါ့။  အမှန်တကယ် က အဲဒီနေ့မှာ သူအလုပ်များနေလို့လည်း ဖြစ်နိုင်သလို စားပွဲရှင်းပြီး ပစ္စည်းတွေ   နေရာချနေတုန်း   တန်းလန်းလည်း  ဖြစ်နိုင်တာပဲလေ။ အလုပ်ဆင်းချိန် နောက်ကျနေတဲ့လူဆိုရင်လည်း တော်တော်အလုပ် ကြိုးစားတဲ့   လူဖြစ်နိုင်သလို    အလုပ်လုပ်တာနှေးကွေးလို့ အချိန်မီ မပြီးတာ၊ ဒါကြောင့် နောက်ကျတာလို့ အမျိုးမျိုးထင်ကြေးပေးတတ် ကြပါတယ်။  
အဲဒီလူက မိန်းမနဲ့ တစ်ခုခုပြဿနာရှိနေတာကြောင့် အချိန်တန် အိမ်မပြန်ချင်လို့   ရုံးမှာ   အလုပ်များချင်ယောင်ဆောင်နေတာကော မဖြစ်နိုင်ဘူးလား။ ဒီလိုထင်ကြေးနဲ့ ဆုံးဖြတ်တာ မှန်မှန်ကန် တိတိ ကျကျ ပြုလုပ်နိုင်ဖို့အတွက် ကယ်လီရဲ့ အလွတ်သဘော ကောက်ချက် ဆွဲသီအိုရီ (Kelly's Casual Attribution Theory) ကို မှတ်သားထားရှိ စေလိုပါတယ်။  အမေရိကန်လူမျိုးစိတ်ပညာရှင် Bernard Weiner က ၁၉၇၂ ခုနှစ်မှာ အစပြုခဲ့တဲ့ သီအိုရီကို ၁၉၇၃ ခုနှစ်မှာ Harold Kelly က ချဲ့ပြီး တီထွင်ခဲ့တာပါ။  သူက  လူတစ်ဦးရဲ့  အပြုအမူဟာ ပင်ကို စိတ်(Internal) ကြောင့် ဖြစ်နိုင်သလို ပြင်ပမှသက်ရောက်မှု (External) အကြောင်းရင်းခံကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ အဲဒီအကြောင်းရင်းခံ နှစ်ခုကိုလည်း   Consensus   အားလုံးသဘောညီ   ဖြစ်တာလား၊ Consistency  အမြဲလိုဖြစ်နေတာလားနဲ့  Distinctiveness  ထူးထူး ခြားခြားဖြစ်နေတာမျိုးလားဆိုတဲ့ အချက်သုံးချက်အပေါ် အခြေခံပြီးမှ ကောက်ချက်ချတာမျိုးလုပ်ရမယ်လို့ အကြံပြုထားပါတယ်။ ဥပမာ တစ်ခုပေးပြီး ရှင်းပြပါ့မယ်။  သင်က လူအေးလို့ထင်ထားတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ ဆိုပါစို့၊ တစ်နေ့မှာ သူဟာ ပါတီပွဲတစ်ခုမှာ အခြား လူတစ်စုနဲ့အတူ    အော်ဟစ်မြူးတူးနေတာတွေ့ရင်    ဘယ်လိုမျိုး ကောက်ချက်ချရမလဲ။ 
-    Consistency  အရ   သူဒါမျိုး   မကြာခဏ  လုပ်လေ့ရှိသလား ပြန်စဉ်းစားကြည့်ပါ။ လုပ်တယ်ဆိုရင်  သူဟာ  ပုံမှန်ချိန်မှာ လူအေးလေးလို့ ထင်ရပေမယ့် ပါတီပွဲတွေရောက်ရင် ကဲတတ်သူ မျိုးပေါ့။ အဲဒီလိုမျိုးလုပ်တာကို ခုမှပထမဆုံး တွေ့ဖူးခြင်းဆိုရင် တော့ ဒါဟာအခြေအနေကြောင့် ဖြစ်သွားတာလား၊  သူနဲ့အတူ ကဲနေတဲ့ လူတွေကြောင့်လားဆိုတာမျိုးကိုပါ စဉ်းစားဖို့ လိုအပ် ပါတယ်။
-    Distinctiveness အရ  အခုပါတီပွဲလိုအခြေအနေမျိုး၊  ဒါမှမဟုတ် သူနဲ့အခုကဲနေတဲ့ သူတွေနဲ့ကျမှ သူဒီလိုပြုမူတာလား၊ တခြား အခြေအနေမျိုးနဲ့ အခြားသူတွေနဲ့ဆိုရင်ရော အဲဒီလိုပြုမူလား ဆိုတာကိုလည်း    ဆန်းစစ်ကြည့်ပါ။   ထူးထူးခြားခြား   အဲဒီ အခြေအနေ၊  အဲဒီလူတွေနဲ့မှဆိုရင်တော့ သူငယ်ချင်းကို အပေါ် မှာ ထင်ထားခဲ့သလိုမျိုး ပါတီပျော်လေးလို့ မထင်ပါနဲ့တဲ့။  ဒီလို မဟုတ်ဘဲ   လူတိုင်းနဲ့   အခုလိုပဲ ဖြစ်နေခဲ့ရင်တော့  အပေါ်မှာ ထင်ထားသလို ပါတီပျော်လေးလို့ ယူဆနိုင်ပါပြီ။
-    Consensus အရ    တခြားသောသူတွေဆိုရင်လည်း   ဒီလို အခြေအနေမျိုးမှာ ဒီလိုပဲဖြစ်မှာလားလို့ စဉ်းစားဖို့လည်း လိုပါ တယ်။ ပါတီမှာရှိတဲ့  လူအားလုံး  ဒီလိုပဲ   ကဲနေကြတာလား၊ တခြားလူတွေ   ငြိမ်နေကြပြီး သူငယ်ချင်းတစ်ယောက်တည်းသာ ကဲနေတာလားကိုလည်း ချိန်ထိုးကြည့်ပါ။
ချိန်ထိုးမှုအားလုံးပြီးသွားမှ    အဆုံးသတ်ကောက်ချက်ချတဲ့ အခါ…….
ပါတီပွဲမှာရှိတဲ့ လူအားလုံးဒီလိုကဲနေကျရင်တော့ Distinctiveness အရ ဒါဟာထူးခြားတာမှ မဟုတ်တာ ။ သူငယ်ချင်း ဒီလိုလုပ်တဲ့ဟာက လုပ်နေကျလား၊  သဘောညီမို့လားဆိုတဲ့အပေါ် စဉ်းစားပြီးမှ သူငယ်ချင်း ဟာ ပါတီပျော်လေး ဟုတ်/မဟုတ် ဆုံးဖြတ်ပါ။   ဥပမာအားဖြင့် သူငယ်ချင်းဟာ  ဒါမျိုး မကြာခဏလုပ်လေ့ရှိတယ်၊   ပါတီပွဲတက် တခြားသူတွေကတော့ ငြိမ်ငြိမ်ဆိမ်ဆိမ် ဖြစ်နေကြတယ်။ ဒါမျိုးဆိုရင် တော့   သူဟာ   ယခင်ကထင်ထားသလိုမျိုး    လူအေးတစ်ယောက် မဟုတ်ဘူးလို့  ကောက်ချက်ချသင့်ပါတယ်။
မိုဒယ်ပုံစံ နှစ်ခုရှိလာ
ဘာဖြစ်လို့ အဲဒီသီအိုရီကို   အသုံးချဖို့   အကြံပြုရတာလဲဆိုရင် လူတွေတွေးတော ဆင်ခြင်ရတဲ့အခါ မိုဒယ်ပုံစံ နှစ်ခုရှိလာခြင်းကြောင့် ဖြစ်ပါတယ်။ လူရဲ့ ဦးနှောက်အတွင်းက စနစ်-၁  (System 1)  နဲ့ စနစ်-၂ (System 2) ဆိုတဲ့ စနစ် နှစ်ခုကြောင့်ပါ။ System 1 က အားထုတ်စရာမလိုဘဲ   သူ့အလိုလို   ချက်ချင်းလုပ်ဆောင်လေ့ရှိတယ်။ စိတ်ဆိုးနေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာကိုမြင်တာနဲ့ ဒီလူစိတ်ဆိုး နေတယ်ဆိုတာကို  ချက်ချင်းသိရှိ   ခံစားလိုက်ရတာမျိုးပါ။ ၂ နဲ့ ၂ ပေါင်းရင် ဘယ်လောက်ရမလဲဆိုတာနဲ့ ၄ ဆိုပြီး အလိုအလျောက် (Automatic) သိလိုက်တာမျိုးဖြစ်ပါတယ်။ System 2 ကတော့ မိမိရဲ့ အသိစိတ်နဲ့    ဦးနှောက်ကို   အလုပ်ပေးစေခိုင်းတာမျိုးဖြစ်ပါတယ်။ တွေးတောစဉ်းစားဖို့    လိုအပ်လာတာမျိုးဖြစ်ပါတယ်။    ဒါကြောင့် အသိဉာဏ်အားထုတ်မှု(Cognitive Effort) လုပ်ရတော့မယ်ဆိုတာ သိရှိသွားပါတယ်။   ဝင်ငွေခွန်ကြေညာလွှာဖြည့်ရရင်    တော်တော် ဂရုစိုက်ပြီးမှ ဖြည့်ရသလိုမျိုးဖြစ်ပါတယ်။ System 2 နဲ့ လုပ်ဖို့ဆိုရင် Attention ထားဖို့ လိုအပ်လာပါတယ်။ Attention ဟာ ရှားပါးရင်းမြစ် (Scared resource) ဖြစ်လို့ မလိုအပ်တဲ့နေရာမှာ သွားမဖြုန်းတီးမိဖို့ လိုအပ်တာကြောင့်   မလိုအပ်တဲ့နေရာတွေမှာ   အာရုံမများမိစေဖို့နဲ့ စိတ်မထွေပြားမိစေဖို့ ဂရုပြုရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း တချို့ အလုပ်တွေကို Checklist နဲ့လုပ်တာမျိုး၊ အောင်မြင်ပြည့်စုံတဲ့လူတွေဟာ နေ့စဉ်ဝတ်ရမယ့် အဝတ်အစားအတွက် အာရုံစိုက်မနေတော့တာမျိုး စသည်တို့ဖြစ်ပါတယ်။ System 1  စအလုပ် လုပ်ပြီဆိုတာနဲ့ System 2 က အမှန်ကန်ဆုံးသော အဆုံးအဖြတ်တစ်ခု ထွက်ပေါ်လာစေရေး အတွက် ထိန်းကျောင်းပေးနေရမှာ ဖြစ်ပါတယ်။
(ဥပမာ) ပင်ပေါင်ဘောလုံးတစ်လုံးနဲ့ ဘတ်တံတစ်ချောင်းဝယ်တာ ၁ ဒေါ်လာနဲ့၁၀ ဆင့်ကျပြီး ဘတ်တံက ဘောလုံးထက် ၁ ဒေါ်လာ ပိုတယ်ဆိုပါတော့။ ဒါဆို ဘတ်တံက ဘယ်လောက်တန်ပြီး ဘောလုံး က ဘယ်လောက်တန်လဲဆိုတဲ့မေးခွန်းကို အလွယ်ဖြေမယ့်  သူက ဘက်တံက ၁ ဒေါ်လာ၊ ဘောလုံးက ၁၀ ဆင့်တန်တယ်လို့ဖြေမိလိမ့်မယ်။ တကယ့်အဖြေမှန်ကတော့ ဘတ်တံက ၁ ဒေါ်လာနဲ့ ၅ ဆင့်၊ ဘောလုံး က ၅ ဆင့် ဖြစ်ပါတယ်။ ဒါကြောင့် ကိစ္စရပ်တိုင်းမှာ System 2 ကို ခုန်ကျော်ပြီး ကောက်ချက်မချ စေလိုခြင်းဖြစ်ပါတယ်။ System 1 ဟာ Heuristics(စိတ်မှန်းတွက်ဆမှု)နဲ့ Biases (အစွဲများ) ငြိတွယ်နေ တတ်လို့ အမှောင်ဖုံးပြီး အမှန်မမြင်နိုင်တတ်တဲ့အပေါ် သတိရှိစေ ချင် လို့ဖြစ်ပါတယ်။ Heuristics လေးခုရှိပါတယ်-
(၁)    Anchoring (အာရုံမှာစွဲထင်နေမှု)။    အချက်အလက်၊ ဖြစ်စဉ် ကြောင်းရာ၊   ကိန်းဂဏန်းတစ်ခုဟာ   အာရုံမှာငြိတွယ်  စွဲထင် နေရင် ဆုံးဖြတ်ရချိန်မှာ အဲဒီနောက်ကိုပဲ  လိုက်သွားလေ့ရှိတယ်။ Will Smith ပါတဲ့ ရုပ်ရှင်ကားတစ်ကားမှာ သူလိမ်လိုတဲ့ သူကို ကြိုတင်ရွေးချယ်ထားပြီး   အဲဒီလူသွားလေရာ   နေရာတိုင်းမှာ အမေရိကန် ဘောလုံးသမားတစ်ယောက်ရဲ့ပုံနဲ့ သူဝတ်ဆင်တဲ့ ကြော နံပါတ်ကို အမြဲမြင်နေအောင် ဖန်တီးထားပြီး အာရုံထဲမှာ စွဲထင်နေအောင်   လုပ်ထားလိုက်တယ်။  ပြီးမှ  ပြိုင်ပွဲတစ်ခုမှာ ခွင်ဆင်ပြီး “စိတ်ကြိုက်နံပါတ်ကို ရွေးစမ်း၊ ငါဖြေပြမယ်”ဆိုပြီး လောင်းကြေးထပ်ချိန်    အဲဒီလူက   သူ့အာရုံထဲစွဲနေပြီးဖြစ်တဲ့ နံပါတ်ကိုပဲ ရွေးလိုက်မိတာမျိုး ဖြစ်ပါတယ်။ 


(၂)    Representatives  (ကိုယ်စားပြုမှု)။           ရုံးဌာနတစ်ခုကို ရောက်သွားချိန်မျိုးမှာ   မြက်ခင်းကို  မြက်ဖြတ်ထားတာက လည်းညီ၊   ပတ်ဝန်းကျင်ကလည်း သန့်ရှင်းသာယာလှပ   စိုပြည်၊ ဝန်ထမ်းလေးတွေကလည်း သပ်ရပ်လှပစွာ ဝတ်စားထားတာ မျိုးတွေ့လိုက်တာနဲ့ပဲ အဲဒီဌာနဟာ အင်မတန်မှ စည်းစနစ်ကျ နဲ့  စီမံခန့်ခွဲမှုကောင်းမှာပဲလို့ တန်းပြီးကောက်ချက်ချမိတာမျိုး ဖြစ်ပါတယ်။
(၃)    Availability (ဒါမျိုးကြီးတွေပဲရရှိနေမှု)။ မီဒီယာမှာ ဒါကိုပဲ ထပ်တလဲလဲ တွေ့နေရတော့ ဟုတ်မှာပဲလို့ အမှန်ထင်သွားတတ် တာမျိုး။ ၉/၁၁ ဖြစ်စဉ်ဖြစ်ပြီးခါစက လူတွေ လေယာဉ်စီးရမှာ အရမ်းကြောက်သွားပြီး    ကားနဲ့ပဲခရီးသွားကြတယ်။   အမှန် ကတော့ Road accident ဖြစ်စဉ်နဲ့ လူထိခိုက်သေဆုံးတာ လေယာဉ်မှာဖြစ်တာထက် အဆများစွာပိုပါတယ်။ 
(၄)    The law of small numbers   (ကိန်းဂဏန်းနည်းနည်းပေါ် အခြေခံပြီး အဖြေရှာခြင်း)။ ကျောင်းသား ၄၀ ပဲရှိတဲ့ ကျောင်းက တန်းလုံးကျွတ်စာမေးပွဲအောင်တာကို  ၁၀၀   မှာ  တစ်ယောက်ထဲ ကျတဲ့    ကျောင်းနဲ့နှိုင်းယှဉ်ပြီး   အကောင်းဆုံးကျောင်းလို့ သတ်မှတ်တာမျိုး။ ဒီကြားထဲမှာ အချက်အလက်တွေကလည်း
အစွဲ ( Biased data) ပါနေခဲ့ရင် ပိုဆိုးသွားလေ့ ရှိပါတယ်။
လူပုဂ္ဂိုလ်တိုင်းဟာ အမှားနဲ့အမှန်ကို ခွဲခြားဆင်ခြင်ဝေဖန်ပိုင်းခြား ဆုံးဖြတ်တတ်စေရေးအတွက် အသိပညာရပ်တွေကို ရှာဖွေသင်ယူဖို့ လိုအပ်သကဲ့သို့ လုပ်ငန်းခွင်တွင်းသာမက နေ့စဉ်နေထိုင်မှုဘဝမှာပါ အဆုံးအဖြတ်တွေကို ချမှတ်နေရလေ့ရှိတယ်။  ကိစ္စရပ်တိုင်းအပေါ် တုံ့ပြန်ပြီး “ဘယ်လို ပြောလိုက်ရမှာလဲ”၊ “ဘယ်လိုပြုမူလိုက်ရမလဲ” စတာတွေကို အချိန်တိုင်း  ဆုံးဖြတ်နေရတယ်။ လူတစ်ဦးချင်းအတွက် မှန်ကန်စွာ ဆုံးဖြတ်တတ်နိုင်ဖို့အတွက် သင်ကြားပေးခြင်း ၊ နားလည် လက်ခံသွားစေခြင်းနဲ့ စဉ်းစားဆင်ခြင်စေခြင်းဆိုတဲ့ နည်းလမ်း သုံးမျိုး နဲ့ လူတစ်ဦးချင်းစီ၏ အသိဉာဏ်ရရှိစေရေးမှာ အထောက်အပံ့ဖြစ်စေပြီး ထိုသူရဲ့ စဉ်းစားချင့်ချိန်နိုင်မှုအပေါ်  ဖန်တီးပြုပြင်ပေးလျက်ရှိတယ်။ အသိဉာဏ်နဲ့အတွေ့အကြုံများရရှိစေရေးအပေါ် အထောက်အကူ ပေးတဲ့   သင်ကြားသင်ယူရရှိနိုင်မှုအတွက်    ပြင်ပမှပေးနိုင်တဲ့   နေရာ သုံးနေရာရှိပါတယ်-
(က)    ခေါင်းဆောင်များ (Leadership)။ ကိုယ့်ကိုဦးဆောင်မှု ပေးနေ တဲ့ ပုဂ္ဂိုလ်များထံမှ  အတုခိုးသင်ယူခြင်း၊ သို့မဟုတ် အထင်ကြီး လေးစားတဲ့ပုဂ္ဂိုလ်များနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများကို စာအုပ်စာစောင်များမှ ဖတ်ရှုလေ့လာသင်ယူခြင်း၊
(ခ)    အခြားသောလူပုဂ္ဂိုလ်များ(Individual Brokers)။    မိမိရဲ့ လုပ်ငန်းခွင်၊ လူမှုပတ်ဝန်းကျင်၌ တွေ့ကြုံဆုံစည်းခဲ့သူ အခြား သောလူပုဂ္ဂိုလ် တစ်ဦးချင်းထံမှ လေ့လာသင်ယူခြင်း၊ 
(ဂ)    အဖွဲ့အစည်းများ(Organizational Brokers)။   သင်ကြားမှု ပြုလုပ်ပေးနေတဲ့  စာသင်ကျောင်း၊ တက္ကသိုလ်မှသည် အကြံပေး အဖွဲ့အစည်းများတွင်  သင်တန်းတက်ရောက်မှု၊  Conference၊ Seminar နဲ့  Workshop စသည်များမှ   သင်ယူလေ့လာခြင်း တို့ဖြင့် ရယူနိုင်သကဲ့သို့ မိမိကိုယ်တိုင် ရဲ့ အတွေ့အကြုံများမှလည်း သင်ခန်းစာယူခဲ့ရမှုမျိုးတွေလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် မိမိရရှိလိုက်တဲ့ အတွေ့အကြုံတစ်ခုအပေါ် သင်ခန်းစာ တစ်ရပ်အနေနဲ့ အပြီးမှတ်ယူရမယ့်အခါမျိုးမှာ အဲဒီအရာဟာ တကယ့် ကို    ကျိုးကြောင်းညီညွတ်မှုနဲ့     ခိုင်လုံမှုဖြစ်ရဲ့လားဆိုတာ   အလွန် အရေးကြီးတယ်။ ဥပမာအားဖြင့် ကြောင်တစ်ကောင်ဟာ မီးဖွင့်ထား တဲ့ လျှပ်စစ်မီးဖိုပေါ် တက်ထိုင်မိလို့ အပူလောင်သွားပြီးရင် မီးဖိုတစ်ခု ဟာမီးမဖွင့်ထားလို့   အေးနေလည်း  နောင်ကိုဘယ်တော့မှ တက်မထိုင် ရဲတော့သလိုမျိုး  မဖြစ်ဖို့တော့ လိုတာမျိုးပေါ့။ အဲဒီလိုမျိုးပဲ ပြင်ပက သင်ယူလေ့လာခဲ့မှုအပေါ်    သင်ခန်းစာရယူတော့မယ်ဆိုရင်လည်း ရှေ့မှာဖော်ပြခဲ့တဲ့အတိုင်း ကျိုးကြောင်းညီညွတ်မှုနဲ့ ခိုင်လုံမှု  (Valid) ဖြစ်ဖို့   မဖြစ်မနေ လိုအပ်တဲ့အပြင် Unbiased အစွဲကင်းတဲ့ အချက် အလက်များကို   လုံလောက်တဲ့ပမာဏ  Substantial ရှိရှိ အခြေခံပြီး တွက်ချက်အဖြေ ရှာထားမှုလည်း ဖြစ်ရမှာဖြစ်တယ်။ ထွက်ပေါ်လာ တဲ့   ရလဒ်ဟာလည်း   အကြောင်းနဲ့အကျိုး  (Cause and Effect) တိုက်ရိုက်ကိုက်ညီမှုရှိရမယ်ဆိုတဲ့   စံနှုန်းများနဲ့   ကိုက်ညီမှု ရှိ၊ မရှိ စဉ်းစားဆင်ခြင်ပြီးမှသာ လက်ခံရမယ်လို့ သင်ယူခဲ့ရပါတယ်။ “Valid, Substantial Sample Size and unbiased, and the link between cause and effect is clear” ဆိုတဲ့ စံနှုန်းနဲ့ တိုင်းတာဖို့လိုအပ်ချက် ရှိတယ်။    ဘာဖြစ်လို့လဲဆိုတော့        ဖြစ်စဉ်ဖြစ်ရပ်တစ်ခုဟာ Simillarity ဆိုတဲ့  ဆင်တူမှုရှိတယ်ဆိုပေမယ့်လည်း အမြဲတမ်း ပုံသေ ကားချပ် ထပ်တူညီတာမျိုးမဖြစ်နိုင်လို့ပါ။ ဖော်ထုတ်တွေ့ရှိချက်တစ်ခု အပေါ်မှာလည်း   Sampling   လို့ခေါ်တဲ့   စာရင်းကောက်ယူမှုပမာဏ ဘယ်၍ဘယ်မျှသုံးပြီး တွက်ချက်အဖြေထုတ်ထားတာမျိုးလဲ၊ အဲဒီလို စာရင်းကောက်ယူရာမှာလည်း အစွဲကင်းမှု   ဖြစ်ရဲ့လားဆိုတဲ့အချက် ကလည်း  အရေးကြီးလို့ပါ။   နောက်တစ်ခုက   ဖြစ်စဉ်ဖြစ်ရပ်အပေါ် ဘယ်လိုအဓိပ္ပာယ် ဖွင့်လိုက်တာလဲဆိုတဲ့အချက်ကလည်း  ရှိနေလို့ပါ။ ဥပမာအားဖြင့် လေယာဉ်တစ်စင်းရေထဲကို ထိုးဆင်းသွားရတဲ့ ဖြစ်စဉ် တစ်ခုထဲမှာပင်   လေယာဉ်ရေထဲကို  ပျက်ကျတာလို့ အဓိပ္ပာယ်ဖွင့်တဲ့ လူရှိသလို ရေပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်မှုလို့  အဓိပ္ပာယ် ဖွင့်တာမျိုးလည်း ရှိနိုင်လို့ပါ။ နောက်ဆုံးတစ်ခုကတော့ အခွင့်အလမ်း၊ အခွင့်အရေးရရှိမှုကြောင့် ရသွားတဲ့ ရလဒ်မျိုးကို ပုံသေမှတ်ပြီး ကိုင်ဆွဲ ထားတတ်တာမျိုးဖြစ်တတ်လို့ပါ။
လူတွေကို  တွန်းအားပေးမှုကအလွယ်ကူဆုံးနဲ့   အမြန်ဆုံးနည်းလမ်းဖြစ်
ဒါ့အပြင် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့  သင်ယူမှုအပေါ် ဘယ်တော့မှမရပ် လိုက်ပါနဲ့၊   ဘာဖြစ်လို့လဲဆိုတော့   ဘဝကြီးက  သင်ကြားပေးနေမှု ရပ်မသွားလို့ပါ (Never stop learning because life never stops teaching) ဆိုတဲ့အတိုင်း ၂၁ ရာစုမှာ Lifelong Continuous Learning အပေါ် အဓိကထား တိုက်တွန်းနေတာကို  တွေ့ရှိရတယ်။   ဒါ့အပြင် မှန်ကန်စွာဆုံးဖြတ်တတ်ဖို့ အထောက်အပံ့ပေးတဲ့ နည်းလမ်း သုံးမျိုး ရှိတဲ့အထဲမှာ Education ဟာ အချိန်ပေးရမှုရှိနေပြီး Nudge မှာလည်း မှန်ကန်တဲ့ပုံစံ(Model) တစ်ခုရမှသာ မိမိဖြစ်စေချင်တဲ့ လမ်းကြောင်း မှန်ပေါ်    ရောက်ရှိစေမှာဆိုတဲ့    ကန့်သတ်ချက်တွေ   ရှိနေတယ်။   Nudge နဲ့ Education နှစ်ရပ်ကိုပေါင်းပြီး ယုံကြည်လက်ခံထားရှိမှုကို ပြောင်းလဲပေးလိုက်ကာ တစ်ဦးတစ်ယောက်ရဲ့ အပြုအမူကို ပြောင်းလဲ စေမလား(Beliefs to Behavior)နဲ့ ပြုမူနေထိုင်မှုပုံစံ ပြောင်းလဲစေခြင်း ဖြင့် ယုံကြည်လက်ခံထားရှိမှုကို ပြောင်းလဲစေမလား(Behavior to Beliefs) (B2B) နည်းလမ်းနှစ်မျိုးအပေါ် ရွေးချယ်ရတဲ့ ပြဿနာလည်း ရှိနေတာကြောင့်    မဖြစ်မနေအချိန်ယူရတဲ့    လုပ်ငန်းစဉ်(Process) လည်း ဖြစ်နေပါတယ်။ အကောင်းဆုံးကတော့   လူတွေကို   စဉ်းစား ဆင်ခြင်ပြီးမှ  (Make People Think) ဆုံးဖြတ်ကြဖို့ တွန်းအားပေးမှု ကသာ အလွယ်ကူဆုံးနဲ့   အမြန်ဆုံးနည်းလမ်းဖြစ်တယ်ဆိုတာကို ဖော်ထုတ်တွေ့ရှိထားပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့  အကြောင်းအရာနဲ့ စပ်လျဉ်းပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်ကတည်းက မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးက သုတ္တန်တစ်ခု  ဟောထားတာရှိခဲ့ကြောင်း ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသရဲ့  “ကာလာမသုတ် အနှစ်ချုပ် တရားတော်” မှာ  နာယူခဲ့ရပါတယ်။   ကောသလတိုင်းရှိ  ကာလမ အမျိုးသားတွေက    မြတ်စွာဘုရားနဲ့တွေ့တဲ့အခါ    ဗြဟ္မဏတွေရဲ့ အယူဝါဒအမျိုးမျိုးကြောင့် သူတို့အနေနဲ့ ဘယ်ဟာအမှန်လဲဆိုတာ ဝေခွဲရခက်နေကြောင်း လျှောက်တဲ့အပေါ် မြတ်စွာဘုရားက ကိုယ် ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်အောင် စဉ်းစားစရာ အချက် ၁၀ ချက်ပေးပြီး သွန်သင်ဆုံးမသွားခဲ့ပါတယ်။ ဒါဟာ Make People Think လုပ်တတ် တဲ့ အလေ့အထဖြစ်စေဖို့ ရှေ့ဆောင်လမ်းပြပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်- 
(၁)    တစ်ဆင့်ကြားဖြင့် အမှန်ဟု မယူဆကြနှင့်ဦး။ (Gossip and Report)
(၂)    ရှေးအစဉ်အလာစကားဖြစ်ရုံဖြင့် အမှန်ဟု မယူဆကြနှင့်ဦး။ (Tradition)
(၃)    ဤသို့ဖြစ်ခဲ့ဖူးသတဲ့ဆိုရုံဖြင့်   အမှန်ဟု   မယူဆကြနှင့်ဦး။ (Hearsay)
(၄)    ပိဋကတ်ကျမ်းဂန်နှင့် ညီညွတ်သည်ဆိုရုံဖြင့် အမှန်ဟု မယူဆကြ နှင့်ဦး။ (Publications)
(၅)    ကြံဆ၍ယူခြင်းမျိုးဖြင့် အမှန်ဟု မယူဆကြနှင့်ဦး။ (Logic)
(၆)    နည်းမီ၍ ယူခြင်းမျိုးဖြင့် အမှန်ဟု မယူဆကြနှင့်ဦး။ (Inference)
(၇)    အကြောင်းခြင်းရာကို ရှာကြံထောက်ပြညီညွတ်သည်ဆိုရုံဖြင့် အမှန်ဟု မယူဆကြနှင့်ဦး။ (Reasonable)
(၈)    မိမိတို့ကြံစည်နှစ်သက်လက်ခံထားသော အယူနှင့် ကိုက်ညီရုံဖြင့် အမှန်ဟု မယူဆကြနှင့်ဦး။ (Agree to preconditions)
(၉)    လက်ခံထိုက်ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ အချက်နှင့်လည်း အမှန်ဟု မယူဆကြနှင့်ဦး။ (Possibility)
(၁၀)    မိမိတို့  လေးစားအပ်သောဆရာ၏   စကားဖြစ်ရုံဖြင့် အမှန်ဟု မယူဆကြနှင့်ဦး။ (Learning from Leadership)
မြတ်စွာဘုရားဟာ မစဉ်းစားဘဲ လက်ခံတာကို သဘောမကျဘူး၊ ဝိမံသကသုတ်မှာ ဘုရားက “မင်းတို့စူးစမ်းကြ၊ လေ့လာကြ၊ ငါပြောတဲ့ အတိုင်း ငါ့ကိုမယုံကြနဲ့ ကျေနပ်လောက်စရာရှိလား၊ ကျေနပ်လောက်မှ လက်ခံ”    ဒီလိုဟောကြားခဲ့ပါတယ်။   ကာလာမသုတ်  အနှစ်ချုပ်ကို ကြည့်မယ်ဆိုရင်
-    အထက်ပါ ၁၀ ချက်နဲ့ အမှန်တရားကို မဆုံးဖြတ်နဲ့။
-    ဆုံးဖြတ်ပြီး လက်ခံကျင့်သုံးလို့ အပြစ်ရှိရင်၊ မကောင်းကျိုးတွေ့ရင် ချက်ချင်း စွန့်လိုက်ပါ။
-    လက်ခံကျင့်သုံးလို့ ကောင်းကျိုးချမ်းသာရမယ်ဆိုရင် ချက်ချင်း ကျင့်သုံးပါ။
-    အဲဒီလို  မကောင်းတာကို  စွန့်ပယ် ကောင်းတာတွေကို ကျင့်သုံး တဲ့အခါ အားလုံးအတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရတရားကို ပွားများအားထုတ်ပါ။
-    အဲဒီလို အားထုတ်ပြီးတော့နေလို့ရှိရင်  နောင်ဘဝ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကုသိုလ် ကံရဲ့ အကျိုးရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ   ဘာမှစိတ်ပူစရာမရှိဘူးလို့   မြတ်စွာဘုရားက  ဒီလို အဆုံးသတ် ဟောကြားထားခြင်းဖြစ်ပါတယ်။
ဆရာတော်ကြီးက    မြတ်စွာဘုရားရဲ့   ဒေသနာတော်ပါအတိုင်း “ဒီအတိုင်းအတာတွေနဲ့ ဆင်ခြင်သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ် ကာ လက်တွေ့ကျင့်ကြံ အားထုတ်နိုင်ကြပါစေလို့” ဟောကြားတော် မူခဲ့ပါကြောင်း ။       ။