
v အားကြီးခဲ့သည် ၊ ပွားစီးခဲ့သည်
မြန်မာပြည်တည့်
ပြည်သူချင်းချင်း၊ ချစ်ကြည်ခြင်းဖြင့်
မင်း နှင့် ပြည်သူ ၊ ဆန္ဒတူလျက်
ထူထောင်စံပြ
ပထမမြန်မာနိုင်ငံတော်
ဒုတိယမြန်မာနိုင်ငံတော်
တတိယမြန်မာနိုင်ငံတော်။
v နွံနစ်ခဲ့သည်၊ ကျွန်ဖြစ်ခဲ့သည်
မြန်မာပြည်တည့်
ကိုလိုနီ နယ်ချဲ့
လူမဆန်တဲ့ ဖက်ဆစ်
ကျူးကျော်စစ် ရန်၊ ပြန်အာခံလည်း
တုံ့ပြန်မှုများ၊ ချိနဲ့ငြားကြောင့်
အားက မသန်၊ မာန်က လျော့ကျ
ကွာဟ ဘက်စုံ၊ အဖုံဖုံဖြင့်
ဒို့ဂုဏ်နွမ်းညစ်၊ ရေတိမ်နစ်ပြီ
ကျွန်ဖြစ်ခဲ့ရ နှစ်ရာချီ။
v သွေးခွဲမှုနဲ့ ၊ သွေးကွဲခဲ့သည်
ဒို့နောင်ညီတည့်
အဆီကို စား၊ အသားကို မြို
သပ်လျှို အမျိုးမျိုး ၊ အမွေဆိုး နှင့်
ခြေထိုးအကောက်ကြံ၊ ခလောက်ဆန်ကြောင့်
သံသယပွား၊ သားချင်းကြား၌
နားလည်မှုတို့ လွဲခဲ့သည်။
v စုစည်းခဲ့ပြီ ၊ ထုကြီးခဲ့သည်
မြန်မာပြည်တည့်
နောင်ညီ သားချင်း၊ ဒို့သွေးရင်းတို့
ဆောင်ကြဉ်းလှုပ်နှိုး
သခင်မျိုးဟေ့ ဒို့ဗမာ
ခိုင်မာ ထက်သန်၊ ဇာတိမာန်ဖြင့်
ပြန်လည်ဆောင်မြန်း လွတ်လပ်ပန်း။
v အို .. သားချင်းငဲ့
လွတ်လပ်ခဲ့တာ၊ ကြာတောင့်ကြာလည်း
မြန်မာပြည်ကြီး၊ ရှေ့ခရီးကား
အသီးတစ်ရာ၊ အညှာတစ်ခု
ညီညွတ်မှုကို၊ ရရန်လိုသေး ...
ကိုယ်တွေ့သမိုင်း၊ အမှန်တိုင်းလျှင်
နှိုင်းဆင်ခြင်လျက်
ပြည်ခွင်နောင်ရေး၊ ကြောင့်ကြဝေးအောင်
အေးအတူ ပူအမျှ၊ အတူတကွလျှင်
ဦးမှ ပဲ့ဆီ ၊ လက်တွဲညီလျက်
ရည်မျှော် သယ်ပိုးကြပါစို့ ။
ပြည်သူအားလုံး ငြိမ်းချမ်းဖို့ ။
မြန်မာပြည်ကြီး တိုးတက်ဖို့ ။ ။
မျိုးမြတ်မြတ်မြင့်မောင်
( (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့သို့ ဂုဏ်ပြုလျက်)