
မောင်ခိုင်မာ(အထက်မင်းလှ)
မြန်မာနိုင်ငံတွင် ကမ္ဘာသိရှေးဟောင်းအမွေအနှစ်များစွာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ရှေးအတီတေကာလများကတည်းက ယဉ်ကျေးမှုထွန်းကားခဲ့သောကြောင့် ဖြစ်သည်။ ပြီးခဲ့သောနှစ်ရှစ်သန်းမှ ၁၂ သန်းအတွင်း လူသားမျိုးနွယ်များ မြန်မာနိုင်ငံတွင် ရှိခဲ့သည်ဟူသော သဲလွန်စများ ကို ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင်များနှင့် မြန်မာပညာရှင်တို့ ပူးတွဲဖော်ထုတ်ထားပြီးဖြစ်ပါသည်။ ထိုကဲ့သို့ လူသားမျိုးနွယ်သာမက မြို့ပြအမွေအနှစ်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအမွေအနှစ်များသည် အကြောင်းကြောင်းကြောင့် အချို့သော ဂုဏ်ယူဖွယ်ရာ ရှေးဟောင်းအမွေအနှစ် အချို့ တိမ်မြုပ်ခဲ့ရသည်များလည်း ရှိနိုင်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဦးတည်ချက်(၉)ရပ် အနက် လူမှုရေးဦးတည်ချက်အပိုဒ်ခွဲ(ခ)တွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ် အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ရေး”ဟူ၍ ဖော်ပြပါ ရှိပါသည်။ ထို့ကြောင့်လည်း ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅) ယဉ်ကျေးမှု ရတနာခန်းမ နေပြည်တော်၌ ကျင်းပသည့် “ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ” တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက “ မြန်မာနိုင်ငံသည် လူသားမျိုးနွယ်အစ ဖြစ်ထွန်းတည်ရှိခဲ့မှုကို အခိုင်အမာဖော်ပြနိုင်သည့် ကျောက်ဖြစ်ရုပ်ကြွင်း ပရိုင်းမိတ်များတွေ့ရှိရာ နေရာများစွာ တွေ့မြင်နိုင်သလို ရှည်လျားလှသော သမိုင်းကြောင်းနှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များ နှင့် သဘာဝအမွေအနှစ်များ ပေါများလှသည့် နိုင်ငံ ဖြစ်ကြောင်း ... ” “... ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ယဉ်ကျေးမှုအမွေ အနှစ်များဖြစ်သည့် ရှေးဟောင်းနေရာဒေသများ၊ ရှေးဟောင်း အဆောက်အအုံများနှင့်တကွ ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ ဓလေ့ထုံးတမ်းအစဉ် အလာများကို ထာဝရတည်တံ့စေရန်နှင့် ပျက်စီး ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အမျိုးသားအဆင့်မှသည် တစ်ကမ္ဘာ လုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့အမွေအနှစ်များအဖြစ် ပြဋ္ဌာန်းသတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း...” ထည့်သွင်းပြောကြားခဲ့ပါသည်။
မြန်မာမှုအနုလက်ရာများ
မြန်မာရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် များတွင် မြန်မာမှုအနုလက်ရာများ ပါဝင်သည်၊၊ မြန်မာမှုအနုပညာဆိုင်ရာ အတတ်ပညာများကို ခြုံငုံ၍ ခေါ်ဆိုသော “ဘုရားမတင်၊ ခေါင်းမဆင်၊ လူ တွင် ပန်းဆယ်ပွင့်” ဟူသော ဆိုရိုးစကားရှိ၏။ အဆိုပါ ပန်းဆယ်မျိုးမှာ “ပန်းချီ၊ ပန်းပု၊ ပန်းရံ၊ ပန်းပွတ်၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတမော့၊ ပန်းယွန်း၊ ပန်းပဲ၊ ပန်းတော့” တို့ ဖြစ်သည်။ ထိုအတတ်ပညာ အားလုံးသည် လက်မှုအတတ်ပညာဖြစ်သည် သာမက အနုပညာဂုဏ်မြောက်သော ပညာများ လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းအတတ် ပညာတို့နှင့် တစ်ဆက်တစ်စပ်တည်း ကြေးသွန်း အတတ်ပညာများလည်း ထွန်းကားခဲ့သည်။ အိမ် အသုံးအဆောင် ကြေးဖလား၊ ကြေးမုံ၊ ကြေးလင်ပန်း မှအစ ကြေးတူရိယာပစ္စည်းများသည်လည်း ကောင်း အထူးပြောင်မြောက်သော အတတ်ပညာ များ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကြေးသွန်းအတတ်ပညာကို ပျူခေတ်ကာလကပင် ရှိနေပြီဖြစ်ကြောင်း လေ့လာ တွေ့ရှိရသည်၊၊ သရေခေတ္တရာ ပျူတို့သည် ပန်းဆယ် မျိုး အတတ်ပညာကို ကျွမ်းကျင်နိုင်နင်းခဲ့ကြောင်း၊ “သရေခေတ္တရာမြို့ဟောင်း၏ အရှေ့မြောက်ဘက် ဘုရားမာစေတီအနီးရှိ ကုန်းအမှတ်(၈)မှ တူးဖော် တွေ့ရှိရသည့် ဗုဒ္ဓကြေးဆင်းတုတော်၊ သီရိဝစ္စပုံပါ ကြေးခေါင်းလောင်း၊ တီးမှုတ်ကခုန်နေဟန် ကြေးရုပ် များနှင့် အရိုးအိုး” တို့က သက်သေခံနေပါသည်။
ခေါင်းလောင်းသွန်းလုပ်ခြင်း
မြန်မာတို့သည် ခေါင်းလောင်းထိုး၍ အမျှဝေ လေ့ရှိသည်။ ခေါင်းလောင်းသွန်းလုပ်ခြင်းကို လွန်ခဲ့ သော နှစ်ပေါင်းလေးထောင်လောက်က တရုတ်နိုင်ငံ တွင် စတင်သည်ဆို၏။ မြန်မာနိုင်ငံတွင်မူ မှတ်တမ်း များအရ ကွမ်းခြံကုန်းမြို့နယ် လက်ခိုက်ကျေးရွာရှိ မြန်မာသက္ကရာဇ် ၈၀၀ ပြည့်နှစ်ထိုး ခေါင်းလောင်းက အစောဆုံးဖြစ်မည်ထင်သည်။ ဒုတိယအစောဆုံးမှာ မော်လမြိုင်မြို့ မြသိန်းတန်စေတီရှိ သက္ကရာဇ် ၈၉၉ ခုနှစ်ထိုး ခေါင်းလောင်းဖြစ်ပြီး ဘုရင့်နောင် ခေါင်းလောင်းသည် တတိယအစောဆုံးဖြစ်ကြောင်း ပညာရှင်များက ဆိုပါသည်၊၊ ကမ္ပည်းရေးထိုးသည့် ခေါင်းလောင်းကိုမူ ရခိုင်ပြည်နယ် ဝေသာလီမြို့ ဟောင်းအနီး ပြိုင်းထောင်ကျေးရွာမှ တွေ့ရှိရသည့် အမြင့်ပေ ၁၁ ဒသမ ၈ စင်တီမီတာရှိသော ကြေး ခေါင်းလောင်းဟု ဆိုပါသည်။ ခေါင်းလောင်းစာကို လေ့လာရခြင်းအားဖြင့် ထိုခေတ်ကာလက မြန်မာ အက္ခရာ အရေးအသား(မူရင်းအရေးအသား) နှင့် ကြေးသွန်းအတတ်ပညာ (ပန်းတဉ်းမြန်မာမှု အနုပညာ) အဆင့်အတန်းကို ဂုဏ်ယူဖွယ် တွေ့မြင် နိုင်ပါသည်။
မြန်မာ့ကြေးခေါင်းလောင်းများသည် ကမ္ဘာတွင် ထင်ရှားသည်။ ဥပမာအားဖြင့် (၁) သက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ကဆုန်လဆန်း ၅ ရက်နေ့တွင် ဗဒုံမင်း သွန်းလုပ်လှူဒါန်းသည့် ကြေးအလေးချိန် ၅၅၅၅၅ ပိဿာ၊ တန်ချိန်အားဖြင့် ၉၀ ဒသမ ၅၂ တန်ရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး (ရှေးဟောင်းသုတေသန ထုတ် ရှေးဟောင်းအဆောက်အအုံများ ပြင်ဆင်ချက် စာရင်းအရ) (Amended List of Ancient Monuments in Burma, Sagaing Divison, Serial .5,P.4) ဖြစ်သည့် “မင်းကွန်းခေါင်းလောင်း ”။ (၂) ဗြိတိသျှနယ်ချဲ့တို့ အလွန်မက်မောသဖြင့် သယ်ဆောင်ရန် ကြိုးပမ်းသော်လည်း မအောင်မမြင် ဖြစ်ခဲ့သော သက္ကရာဇ် ၁၁၄၀ ပြည့်နှစ် တပို့တွဲ လဆန်း ၁ ရက်နေ့တွင် “စဉ့်ကူးမင်း” သွန်းလုပ် လှူဒါန်းသည့် ကြေးပိဿာချိန် ၁၅၅၅၅ ပိဿာ ရှိသည့် “မဟာဃဏ္ဍ” ဘွဲ့အမည် ကမ္ပည်းထိုးထား သည့် “စဉ့်ကူးမင်း” ခေါင်းလောင်းတော်နှင့် (၃) သက္ကရာဇ် ၁၂၀၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့တွင် သာယာဝတီမင်း သွန်းလုပ် လှူဒါန်း သည့် အလေးချိန်ကြေးပိဿာ ၂၅၉၄၀ ပိဿာ နှင့် ၄၉ ကျပ်သားရှိသော “မဟာတိသဒ္ဒ ဃဏ္ဍ” ဘွဲ့အမည်ရ “သာယာဝတီမင်း ခေါင်းလောင်း တော်” တို့ ဖြစ်ပါသည်။
စာရေးသူတို့၏ မြို့မင်းလှ (မကွေးတိုင်းဒေသ ကြီး) တွင်လည်း အမှတ်(၁) ရပ်ကွက် (မြောက်ရပ် ကွက်) ရှိ မှန်ကျောင်း (ကိုးနဝင်းမဟာစည်ရိပ်သာ) ပရိဝုဏ်အတွင်း၌ မြန်မာသက္ကရာဇ် ၁၂၂၉ ခုနှစ်က “မဟာမင်းလှကျော်ထင်” လှူဒါန်းသည့်စာကြောင်း ရေ ၁၃ ကြောင်းပါသော သက်တမ်းအားဖြင့် ၁၅၄ နှစ်ရှိပြီဖြစ်သည့် “တူရိ” ဘွဲ့အမည်ရကြေး ခေါင်းလောင်းတော်ရှိပါသည်။
ခေါင်းလောင်းစာ
ခေါင်းလောင်းစာအရ မြို့ဝန်မဟာမင်းလှ ကျော်ထင်သည် သက္ကရာဇ် ၁၂၂၈ ခုနှစ် ဒုတိယဝါဆို လပြည့်ကျော် ၇ ရက်နေ့တွင် ဗိုလ်ချုပ်ရာထူးခန့်ထားခံရပြီးနောက် ၁၂၂၉ ခုနှစ် တော်သလင်းလဆန်း ၁ ရက် ကြာသပတေးနေ့တွင် မြတ်စွာဘုရားအား ရည်မှန်း၍ ခေါင်းလောင်းတော်နှင့်တကွ ဓာတ်တော် မွေတော် ရုပ်ပွားတော်မြတ်အား လှူဒါန်းသည်ဟု ရေးထိုးထားပါသည်။ ခေါင်းလောင်းစာတွင် အလှူ ပြုပုံ၊ ဆုတောင်းပုံ၊ အမျှဝေပုံတို့ကို အဆင့်လိုက် စနစ်တကျ မှတ်တမ်းတင်ထားကြောင်း တွေ့ရှိရ သည်။ ခေါင်းလောင်းတော်၏ အတိုင်းအတာမှာ-
(၁) ခေါင်းလောင်း = ၂၄ လက်မခန့်
အမြင့်
(၂) ထိပ်ဝအကျယ် = ၆၀ လက်မခန့်
ပတ်လည်
(၃) ခေါင်းလောင်းအချင်း = ၁၈ လက်မခန့်
(၄) ကြေးသားအထူ (ဒု) = ၂ လက်မခန့်
(၅) ခေါင်းလောင်းကို = ၁၈ လက်မခန့်
ချိတ်ဆွဲထားသည့်
ကြေးကွင်း (ပေါင်း
ကိုင်း) နှင့် ကြေး
ခြင်္သေ့ရုပ်၊ တိုးနယား
ရုပ်တို့၏ အမြင့်
ရှိပါသည်။ ယခုအခါ ခေါင်းလောင်းအား အချင်းသုံး လက်မရှိသော သံပိုက်တွင် ချိတ်ဆွဲထားပြီး မူလ အုတ်တိုင်ကိုငုံ၍ မွမ်းမံထားသော ဘေးအုတ်တိုင် နှစ်တိုင်မှာ တစ်တိုင်လျှင် အမြင့် ခုနစ်ပေခန့်၊ တိုင်လုံးပတ် ၁၉ လက်မပတ်လည် ရှိပါသည်။ ၎င်း တိုင်နှစ်လုံး၏ အကွာအဝေးမှာ လေးပေခန့် ဖြစ်ပါ သည်။
ဆရာဟန်ဝင်းအောင် (PIC) ၏ လေ့လာတွေ့ရှိ ချက်အရ အလှူရှင်မှာ မကွေး၊ မြင်ကွန်း နှစ်မြို့ အတွက် အမတ်စာရေးကြီးအဖြစ် မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်တွင် အမှုထမ်းခဲ့ကြောင်း၊ အမတ်မှတစ်ဆင့် ဝန်ထောက်ဖြစ်လာကြောင်း၊ ရာထူးအမည်အပြည့်အစုံမှာ “မြေတိုင်းဝန်ထောက် မင်း မဟာမင်းလှကျော်ထင်၊ မြင်ကွန်း၊ မကွေး နှစ် မြို့ဝန်” ဖြစ်ကြောင်း၊ မဟာမင်းလှကျော်ထင်၏ အထက်တွင် မကွေးမင်း ဦးကြာဥ၊ မကွေးမင်းကြီး ဦးမောင်ကို၊ ဦးအောင် (မဟာမင်းလှမင်းခေါင်) တို့ ရှိကြောင်း၊ မကွေးမင်းကြီး ဦးအောင် ရာထူးကျမှသာ နှစ်မြို့ဝန်အမတ်စာရေးကြီးအဖြစ်မှ ဝန်ထောက်ဖြစ် လာကာ ၁၉၀၇ ခုနှစ်တွင် ကွယ်လွန်ကြောင်း သိရပါ သည်။
အလှူရှင် လှူဒါန်းသော “ရွှေသာလျောင်းရုပ်ပွား တော်”မှာ ၁၈ ပေနှင့် ၈ လက်မခန့် အရှည်ရှိပြီး တောင်ဘက်အရပ်သို့ ဦးခေါင်းပြုထားပါသည်။ ဦးခေါင်းတော်အား ထောက်မထားသည့် ရုပ်ပွား တော်၏ လက်ယာလက်တံတောင်မှ ဦးခေါင်းတော် အထိ လေးပေနှင့် နှစ်လက်မခန့် မြင့်ပါသည်။ ဘယ် ဘက်ပခုံးတော်မှ သလွန်ကြမ်းပြင်ထိ လေးပေခန့် မြင့်ပါသည်။ ၁၃၆၈ ခုနှစ် နယုန်လပြည့်ကျော် ၁၅ ရက် (၁၀-၆-၂၀၀၆) ရက်နေ့က ကမ္ဘာ့သာသနာပြု အပ်ချည်မျှင်ဆရာတော်က ရုပ်ပွားတော်အား မွမ်းမံ ထားကြောင်း မှတ်တမ်းတွေ့ရှိရပါသည်။ အဆိုပါ ရုပ်ပွားတော်မြတ်မှာလည်း ထိုခေတ်ကာလ၏ “ပန်း တော့” အနုပညာလက်ရာမြောက်မှုကို ဖော်ညွှန်း ပြသနေပါသည်။
ထိန်းသိမ်းစောင့်ရှောက်သင့်
မင်းလှခံတပ်မှာ မြန်မာသက္ကရာဇ် ၁၂၂၂-၁၂၂၃ (ခရစ်နှစ် ၁၈၆၀-၁၈၆၁) က စတင်တည်ဆောက် ခဲ့ပြီး ၁၂၂၅ ခုနှစ်တွင် ပြီးစီးခဲ့သည်ဖြစ်ရာ ယခု ရုပ်ပွားတော်နှင့် ခေါင်းလောင်းမှာ သမိုင်းဝင် မင်းလှ ခံတပ် (အင်္ဂလိပ်-မြန်မာတတိယကျူးကျော်စစ်တွင် အသုံးပြုခဲ့)၊ ကြေးနန်းရုံနှင့် စစ်သူကြီးမဟာဗန္ဓုလ အရိုးအိုးစေတီတို့ကို ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသကဲ့သို့ ယခု ခေါင်းလောင်းနှင့် ရွှေသာလျောင်းရုပ်ပွားတော် မြတ်ကိုလည်း မပျက်စီးစေရန် တစ်နည်းနည်းဖြင့် နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်သင့်ပါ ကြောင်း တင်ပြလိုက်ရပေသည်။ ။
ကိုးကား
အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း
(ဒုတိယတွဲ၊ ဒုတိယပိုင်း)
- Log in to post comments