သီးနှံစိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ၊ သစ်စိမ်းနှင့် ဇီဝမြေဩဇာများ၏ အရေးပါမှုအခန်းကဏ္ဍ (၁)

 

ဒေါက်တာနိုင်ကြည်ဝင်း(စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

 

သဘာဝမြေသြဇာများဟူသည် တိရစ္ဆာန်များနှင့်သက်ဆိုင်သောပစ္စည်း များ၊ တိရစ္ဆာန်နှင့် လူတို့၏ အညစ်အကြေးများ၊ ဟင်းသီးဟင်းရွက် နှင့် သီးနှံများ၏ စွန့်ပစ်ပစ္စည်းများမှ ပြုလုပ်ထားသည့် မြေသြဇာများ ကို ဆိုလိုသည်။ သဘာဝမြေသြဇာသည် ဓာတ်မြေသြဇာနှင့် နှိုင်းယှဉ် ပါက    အာဟာရပါဝင်မှု     နည်းပါးသည်ဆိုသော်ငြား     မြေဆီလွှာ ကောင်းမွန်ရေးအတွက်မူ မရှိမဖြစ်လိုအပ်ပေသည်။  မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိအခြေအနေများကို ပြုပြင်ပြောင်းလဲပြီး ရေရှည်မြေဆီ လွှာကောင်းမွန်မှုကို ဖြစ်ပေါ်ထိန်းသိမ်းနိုင်စွမ်းရှိသည်။ ဓာတ်မြေသြဇာ ကို   အပင်များက   တိုက်ရိုက်စားသုံးပြီး   သဘာဝမြေသြဇာများကို မြေတွင်းရှိ အဏုဇီဝသက်ရှိများက စားသုံးချေဖျက်၍ အပင်စားသုံး နိုင်သည့်   အာဟာရဓာတ်များအဖြစ်  ပြောင်းလဲပြီး  အပင်က  ရယူ စားသုံးခြင်းဖြစ်သည့်အတွက် ရေရှည်တွင် မြေဆီလွှာကို ပိုမိုကောင်း မွန်စေမည်ဖြစ်သည်။ ယနေ့ကာလတွင် ဓာတ်မြေသြဇာ အလွန်အကျွံ သုံးစွဲမှုကြောင့် လယ်ယာမြေများအတွက် မြေဆီလွှာပျက်စီးမှုဒဏ်ကို ကြုံတွေ့ခံစားနေရပြီဖြစ်သည်။ သို့ဖြစ်၍ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပစ္စည်းများနှင့် သဘာဝပစ္စည်း များကိုအသုံးပြု၍ ဆောင်ရွက်နိုင်သည့် ကုန်ကြမ်းအတွက် အရင်းအနှီး မလိုအပ်ဘဲ လုပ်အားသာလိုအပ်သည့် အောက်ပါ သဘာဝမြေသြဇာနှင့် ဇီဝမြေသြဇာများ ပြုလုပ်ပုံနည်းလမ်းများကို မိမိတို့ စိုက်ပျိုးရေးသုတေ သန ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော သုတေသန တွေ့ရှိချက်  များနှင့်အတူ တောင်သူလယ်သမားများ သိရှိနိုင်စေရန် ဗဟုသုတ အဖြစ် ဖြန့်ဝေပေးလိုက်ရပါသည်။
၁။ သဘာဝမြေသြဇာများ
မြေဆွေးမြေသြဇာ 
သဘာဝမြေဆွေးမြေသြဇာ  ပြုလုပ်ရန်အတွက်  သီးနှံအကြွင်း အကျန်များဖြစ်သော (ကောက်ရိုး၊ စပါးခွံ၊ နှမ်းရိုး၊ နေကြာပွင့်ဖတ်၊ ပြောင်းဖူးဖတ်၊ ပြောင်းဖူးအူတိုင်၊ ပဲရိုး၊ ပဲခွံ၊ ပေါင်းမြက်အမှိုက်များ) နှင့် ပုလဲဓာတ်မြေသြဇာ၊ နုန်းမြေ၊ နွားချေး၊ တင်လဲရည် သို့မဟုတ် ကုက္ကိုသီး၊ ထရိုင်ခိုဒါးမား၊ ဖွဲနုတို့ လိုအပ်မည်ဖြစ်သည်။
မြေဆွေးပုံလုပ်ရာတွင် မြေဆွေးပုံသည် အလျား ပေ ၃၀၊ အနံ ရှစ်ပေ၊ အမြင့် သုံးပေခန့်ရှိရန် လိုအပ်ပြီး အမြင့် ခြောက်လက်မရှိသော အလွှာခြောက်လွှာရရှိရန် ဆောင်ရွက်ရမည်ဖြစ်သည်။ အလွှာ တစ်လွှာ ရရှိရန် ပထမဦးစွာ သီးနှံပင်အကြွင်းအကျန်များကို  ညီညာစွာဖြန့်၍ ရေဖျန်းပြီး ခြေထောက်ဖြင့် နင်းရပါမည်။ ၎င်းနောက် ပုလဲမြေသြဇာ (Urea) နို့ဆီ လေးဘူး၊ နွားချေး နှစ်ပြည်တို့ကို ညီညာစွာ ဖြန့်ပေးရပါ မည်။ နွားချေးအပေါ်၌ ထရိုင်ခိုဒါးမား တစ်ထုပ်နှင့် ဖွဲနု နှစ်ပြည်ကို ရောပြီး အပေါ်မှ ညီညာစွာထပ်မံဖြူးပြီး ၎င်းအပေါ်မှ နုန်းမြေကို မျက်နှာပြင်တစ်ခုလုံးလုံအောင် ဖုံးပေးရပါမည်။ နုန်းမြေအပေါ်မှ တင်လဲရည် (သို့မဟုတ်) ကုက္ကိုသီး တစ်တင်းကို  ဖြန့်ပေးပြီး ၎င်းပုံစံ အတိုင်း အလွှာခြောက်လွှာ ပြုလုပ်ပေးရပါမည်။ မြန်မြန်ဆွေးမြည့် စေရန်နှင့် အစိုဓာတ်ထိန်းပေးရန်အတွက် ပလတ်စတစ်ဖြင့် ဖုံးအုပ် ပေးရမည်။
မြေဆွေးပုံကို ၄၅  ရက်အကြာတွင် အထက်အောက် သမအောင် ရောမွှေ၍ စနစ်တကျ ပြန်လည်ပုံပေးရမည်။ အစိုဓာတ်ရရှိရန် ရေကို လုံလောက်စွာ ဖျန်းပေးပြီးနောက် နောက်ထပ် ၄၅  ရက် အကြာတွင် အလွယ်တကူအသုံးပြုနိုင်သောမြေဆွေး ရရှိမည်ဖြစ်သည်။ မြေဆွေးပုံ တစ်ပုံမှ မြေဆွေးတန်ချိန် နှစ်တန်ခန့် ရရှိနိုင်ပြီး တစ်ဧကအတွက် နှစ်တန်/သုံးတန် ထည့်ပေးပါက လုံလောက်မည်ဖြစ်သည်။ 
တီကျစ်စာမြေဆွေး
တီကျစ်စာမြေဆွေး    ဆိုသည်မှာ    တီကောင်မျိုးများဖြစ်သော အာဖရိကမျိုး၊ အိန္ဒိယမျိုး၊ အမေရိကမျိုးနှင့် မြန်မာမျိုးတို့နှင့် သီးနှံ အကြွင်းအကျန်  (ကောက်ရိုး၊ စပါးခွံ၊ ပေါင်းပင်)များ၊  နွားချေးနှင့် ငှက်ပျောအူတို့ကို ဆွေးမြည့်စေခြင်းမှ ရရှိလာသော မြေဆွေးဖြစ်သည်။ တီကျစ်စာမြေဆွေးပြုလုပ်နည်းမှာ ပထမဦးစွာတီကောင်များ မွေးမြူ ရမည်ဖြစ်သည်။ တီကောင်များ မွေးမြူရာတွင် (၆ ပေx၃ ပေx၂  ပေခွဲ) ရှိ အမိုးအကာအောက်တွင် မြေကျင်းကန်၊  ပလတ်စတစ်ကန်၊ မိုးကာ ကန်တို့ဖြင့်ဖြစ်စေ၊    ဝါးကပ်များ၊   သစ်သားများ  ကာ၍ဖြစ်စေ၊  ကွန်ကရစ်ခွေများ အသုံးပြု၍ဖြစ်စေ နည်းလမ်းမျိုးစုံဖြင့်   ကန်ပြုလုပ် ပြီး မွေးမြူနိုင်ပါသည်။
ထို့နောက် တီကျစ်မြေဆွေးပြုလုပ်ရန် အောက်ခြေကြမ်းပြင်ကို ဆင်ခြေလျှော ပြုလုပ်ခြင်းနှင့် အောက်ခံတွင် အရည်များ စစ်နိုင်ရန် ၁ ဒသမ ၅ လက်မ အရွယ်အစားရှိ ကျောက်ခဲ သို့မဟုတ် အုတ်ခဲကျိုး တို့ကို တစ်ထပ်ခင်းပါ။ ၎င်းအပေါ်မှ နွားချေးအခြောက် ခြောက်လက်မ ခန့်ထု ရရှိအောင် ထည့်သွင်းရပါမည်။ ထို့နောက် သီးနှံအကြွင်းအကျန် များ၊ သစ်ရွက်များ ထည့်ပေးခြင်း၊ တီကောင်များအတွက် အစာစိမ်း များဖြစ်သော ငှက်ပျောအူ၊ ဗေဒါ၊ ပေါင်းမြက်များကို စုစည်းပြီး  ၈ လက်မမှ  ၁၂ လက်မခန့် ထပ်မံ ထည့်ပေးရမည်။ ၎င်းအလွှာများအပေါ်မှ ကောင်းစွာဆွေးမြည့်သော နွားချေးကို ခြောက်လက်မခန့် အလွှာ ရအောင် ၁ ဒသမ ၅ တင်းဝင်သုံးအိတ် ဖြည့်ထည့်ပေးပြီး ၎င်းအပေါ်မှ သစ်ရွက်ခြောက်များကို လေးလက်မမှ ခြောက်လက်မခန့် ရအောင် ထည့်သွင်းရပါမည်။ ထို့နောက် ကန်အတွင်းသို့ တီကျစ်မြေဆွေး ထုတ်လုပ်ပေးမည့် တီကောင် အကောင် ၂၀၀  ခန့်  ထည့်ပေးရပါမည်။
တီကောင်မွေးမြူပွားများထားသော ကန်ထဲတွင် အစိုဓာတ်ထိန်းရန် ရေလောင်းပေးပြီး လိုအပ်ပါက အပေါ်မှ ဂုန်နီအိတ်ခွံဟောင်း၊ ဓနိ ရွက်၊ အုန်းလက်များ၊ သက်ငယ်ရွက်များဖြင့် ဖုံးအုပ်ပေးထားရပါမည်။ နှစ်လခန့်ကြာပြီးနောက် တီကောင်အတွက် အစာထပ်မံဖြည့်ပေးခြင်း ပြုလုပ်ရမည်ဖြစ်ပြီး သုံးလခန့်ကြာပြီးနောက် အညိုရောင် တီကျစ်စာ မြေဆွေးကို ရရှိနိုင်မည်ဖြစ်သည်။ 
တီကျစ်စာမြေဆွေးသုံးစွဲခြင်းဖြင့် အပင်ကြီးထွားခြင်း၊ အရွက်သစ် ထွက်မြန်စေခြင်း၊ သီးနှံအရည်အသွေး ကောင်းမွန်စေခြင်းနှင့် သီးနှံ သက်တမ်းကို တိုစေခြင်း အကျိုးကျေးဇူးများ ရနိုင်ပါသည်။ တီကျစ်စာ မြေဆွေးသည် မြေဆီလွှာတည်ဆောက်ပုံကောင်းစေခြင်း၊  လေဝင် လေထွက်နှင့်  ရေထိန်းနိုင်စွမ်း  ကောင်းစေခြင်းအပြင် မြေဆီလွှာ တိုက်စားမှုကိုလည်း ကာကွယ်ပေးသည်။ ရိုးရိုးမြေဆွေးနှင့် နှိုင်းယှဉ် လျှင် နိုက်ထရိုဂျင်(N)၊ ဖော့စဖိတ်(P)နှင့် ပိုတက်စီယမ်(K) ပါဝင်မှု ပိုမိုများပြားသည်။
စပါးစိုက်ပျိုးရေးတွင် နှမ်းရိုးအသုံးပြုခြင်း
စပါးစိုက်ပျိုးရာ၌ လက်တွေ့အသုံးပြုနည်းမှာ နှမ်းခါပြီးရရှိသော နှမ်းရိုးများကို လက်တစ်ဆုပ်စီခန့် အစည်းငယ်များပြုလုပ်၍ စပါး စိုက်ပြီး တစ်လသားအရွယ်တွင် ရေရှိနေသော စပါးတန်းကြားအတွင်း နှမ်းရိုးအစည်းများကို ရေအောက်သို့မြုပ်နေရန် နှမ်းရိုးများကို အလျား လိုက် ခြေထောက်ဖြင့်နင်း၍ မြှုပ်ပေးရပါမည်။ ထိုသို့ဆောင်ရွက် ခြင်းဖြင့်  နှမ်းရိုးတွင်ပါသော  ပိုတက်စီယမ်ဓာတ်သည် တစ်ညတာ ရေစိမ်ရုံမျှဖြင့် စပါးခင်းအတွင်းသို့ရောက်ရှိကာ စပါးပင်က စားသုံးနိုင် မည်ဖြစ်သည်။ နှမ်းရိုးထည့်သွင်းပြီးသည့်အကွက်မှရေကို သုံးရက်မှ ငါးရက်ကြာသည်အထိ ထိန်းထားပေးပြီး ရေပြန်မထုတ်ရပါ။ ထိုကဲ့သို့ နှမ်းရိုးထည့်ပေးခြင်းဖြင့်  စပါးအထွက် ၁၀-၃၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပါသည်။ စိမ့်ဆွဲသောမြေနှင့် ဒုံပေါက်သောမြေများတွင် သီးနှံစိုက်ပျိုးရန်နှင့် မြေပြင်ရန် ခက်ခဲသော အခြေအနေရှိလျှင် သီးနှံ လှပ်ပြီး ယင်းအကွက်ထဲသို့ နှမ်းရိုးများရရှိသမျှ ညီညာစွာ ဖြန့်ချပေး ခြင်းကို သီးနှံရာသီ နှစ်ရာသီ သုံးရာသီ ဆက်တိုက်ပြုလုပ်ပေးပါက ပြန်လည် စိုက်ပျိုးရနိုင်သည့်မြေ ဖြစ်လာနိုင်ပါသည်။
နှမ်းရိုးတွင် ပိုတက်စီယမ်ဓာတ် ကြွယ်ဝသောကြောင့် စပါးခင်း တွင် ရေရှိပါက ထည့်ပြီး သုံးရက်အတွင်း  စုစုပေါင်းထုတ်ပေးမည့် ပိုတက်စီယမ်ဓာတ်၏ ၄၀ ရာခိုင်နှုန်းကို  နှမ်းရိုးမဆွေးခင်ကပင်  ရရှိ နိုင်ပါသည်။   စပါးခင်းတွင်ထည့်ပေးထားသော    နှမ်းရိုးတစ်တန် ဆွေးမြည့်သွားပါက နှမ်းရိုးမှ ယူရီးယား ၂၅ ပေါင်၊ တီစူပါ ၅ ပေါင်၊ ပိုတက်ရှ် ၃၅ ပေါင်ခန့်နှင့် ညီမျှသော အပင်အာဟာရဓာတ်များ မြေတွင်ထည့်ပေးသကဲ့သို့ ရရှိနိုင်သည့်အပြင် မြေတွင် သစ်ဆွေး ဓာတ်များတိုးတက်လာပြီး မြေသြဇာ ပြန်လည်ထက်သန်လာနိုင်ပါ သည်။ နှမ်းစိုက်ခင်းတစ်ဧကမှ နှမ်းရိုး တစ်တန်မှ တစ်တန်ခွဲအထိ ထွက်ရှိနိုင်ပြီး ထိုပမာဏသည် စပါးစိုက်ခင်းတစ်ဧကကို ထည့်ပေးရန် လုံလောက်ပါသည်။
စပါးခွံဖွဲပြာ
စပါးခွံဖွဲပြာသည် သဘာဝမြေသြဇာတစ်မျိုးဖြစ်သည်။ စပါးခွံ ဖွဲပြာဆိုသည်မှာ လောင်ကျွမ်းသည်အထိ မီးရှို့ထားခြင်းမဟုတ်ဘဲ  ဆန်စက်မှထွက်ရှိသည့် ဖွဲပြာများကဲ့သို့ စပါးခွံများကို မည်းသွားရုံမျှသာ မီးရှို့ပေးထားသည့် စပါးခွံဖွဲပြာ(Charcoal Rice Husk - CRH) များဟု ဆိုလိုပါသည်။  
စပါးခွံဖွဲပြာကို သဲဆန်သောမြေများ၊ အချဉ်ဓာတ်လွန်ကဲသော မြေများ၊ မြေဆီသြဇာမထက်သန်သောမြေများ၊ ဒုံပေါက်​သောမြေများ တွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ လယ်သီးနှံသာမက ယာသီးနှံနှင့် ဟင်းသီးဟင်းရွက်သီးနှံများ အားလုံးတွင် တစ်ဧကလျှင် အနည်းဆုံး ငါးတန်နှုန်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။
သုတေသနတွေ့ရှိချက်အရ လယ်စပါးများတွင် စပါးခွံဖွဲပြာကို တစ်ဧကလျှင် ငါးတန်နှုန်း ထည့်သွင်းပေးခြင်းဖြင့် မည်သည့် မြေ သြဇာမှမထည့်သည့်  အကွက်ထက်  တစ်ဧက စပါးအထွက် ငါး ရာခိုင်နှုန်း ပိုထွက်နိုင်ကြောင်း တွေ့ရှိထားပါသည်။
စပါးခွံဖွဲပြာသည် အယ်လ်ကာလီဂုဏ်သတ္တိရှိခြင်းကြောင့် မြေ၏ ချဉ်/ ငန်ဓာတ်ကို သမမျှတစေပြီး သဘာဝမြေသြဇာကဲ့သို့ အသုံးပြုနိုင်  သဖြင့် မြေသားဖွဲ့စည်းမှုကို ပိုမိုကောင်းမွန်စေနိုင်သည်။ မြေကြီးထဲသို့  ပိုတက်စီယမ်ဓာတ်ကိုလည်း အသင့်အတင့် ပြန်လည်ဖြည့်တင်းပေး နိုင်ပါသည်။                                        (ဆက်လက်ဖော်ပြပါမည်)