သီးနှံစားသုံးသူ

Type
5

 

ဆရာမဲဇာ

 

“ဒီနာနတ်သီးဟာ     သကြားရည်စိမ်ထားသလား မသိဘူး၊    သိပ်ချိုတယ်”    ကျွန်တော့်  မိတ်ဆွေ နိုင်ငံခြားသားက မှတ်ချက်ပေး၏။
“သဘာဝအတိုင်းချိုတာပါဗျာ။     ဒို့နိုင်ငံမှာ ဒါမျိုးတွေ အများကြီးပဲ”
ဧည့်ခန်းမှာထိုင်ရင်း ဧည့်ခံသော နာနတ်သီးကို စားရင်း  ကျွန်တော်တို့နှစ်ယောက်  ငြင်းနေကြပါ သည်။ 
နောက်နေ့နံနက်တွင် ကျွန်တော် ပုဏ္ဏားကျွန်း မြို့က ဈေးတန်းထဲသွားပြီး နာနတ်သီးတွေ ဝယ်ကာ ဧည့်သည်ကို ခွဲကျွေးလိုက်၏။ 
“မင်းရှေ့မှာတင်ခွဲတာနော်၊  ဘာသကြားမှ မပါ ပါဘူး”
ကျွန်တော်တို့နှစ်ယောက် ပုဏ္ဏားကျွန်းနာနတ် ကို မြိန်ရည်ရှက်ရည်စားကြသည်။ မမေ့နိုင်သော အရသာပင်။
မြန်မာ့မြေမှ နာနတ်သီးများ
မန္တလေးကိုရောက်လျှင်လည်း မန္တလေးဈေးချို ထဲမှာ  နာနတ်သီးအမျိုးမျိုး ရနိုင်၏။ ပုံစံတစ်မျိုးနှင့် ထူးခြားစွာချိုသော      မြစ်ကြီးနားနာနတ်သီးကို အိမ်အပြန်လက်ဆောင် ဝယ်ခဲ့ရသေး၏။
ရှမ်းမြောက်ပိုင်းသို့သွားလျှင်မူ      သီပေါနှင့် လားရှိုးကြား    နာနတ်ခင်းတွေမှာ     တစ်မျှော် တစ်ခေါ်။ သီပေါနာနတ်မှာလည်း အလွန်ချို၏။
“ဒါကျွန်တော်တို့ရွာကထွက်တဲ့  နာနတ်သီးပါ ဆရာ။ အစိမ်းရောင်ရှိတုန်းမှာစားမှ  အရသာရှိပါ တယ်။ ဝါသွားရင် အရသာပျက်တယ်”
တပည့်ဖြစ်သူ     ရခိုင်ပြည်နယ်   ရမ်းဗြဲကျွန်း သားက ရွာထွက်နာနတ်သီး လက်ဆောင်ပေးခဲ့၏။ နာနတ်သီးဆို ချိုပြီးသားဟုပင် ယုံမှားရလောက်၏။ 

 


ထိုကဲ့သို့  စိမ်းနေတုန်းစားရသော နာနတ်သီး မျိုးကို တိုက်ကြီးမြို့အထွက်  သစ်သီးဆိုင်တွေမှာ ရဖူး၏။   စင်ကာပူနာနတ်ဟု   ခေါ်တွင်လေသည်။ ရခိုင်က    နာနတ်ကဲ့သို့     အစိမ်းရောင်ရှိချိန်စားမှ   ချိုလေသည်။ 
ကျွန်တော်က  နာနတ်သီးကြိုက်သူ။ ငယ်ငယ် ကတော့ မိဘတွေက နာနတ်သီးမှည့်ကို ပျားရည်နှင့် ဆမ်း၍ ကျွေးကြ၏။ သန်ကောင်တွေကျအောင်ဟု ဆိုကာ ကျွေး၏။ “ပျားရည်နှင့် ဝမ်းချသည်” ဟု ဆိုရမည်လား။
တနင်္သာရီတိုင်းဒေသကြီး       ထားဝယ်နယ်က နာနတ်သီးကမူ    အချိုလေး၏။   အခြားနာနတ်သီး များနှင့် မတူ၊  အရသာကွဲပြားမှု အနည်းငယ်ရှိလေ သည်။   မကြာခင်က   ပြင်ဦးလွင်မှာ    စားရသော နာနတ်သီးကမူ ထုံးစံအတိုင်း ချိုမြ၍နေလေသည်။ 

 


ငယ်ငယ်ကရသည့်   မုန့်ဖိုးနှင့်  ကိုယ်ဝယ်စားရ သော နာနတ်သီး တစ်မျိုးရှိသေး၏။  ဒါးပိန် ထုံးကြီး ဘက်မှ   နာနတ်သီးကလေးများပင်   ဖြစ်ပါသည်။ သေးသော်လည်း   ချို၏။     ကလေးတို့အတွက် လက်လှမ်းမှီ၏။
တစ်ချိန်က ပြည်တွင်းပြည်ပ ဟိုတယ်များတွင် အရသာကောင်းသော သစ်သီးများကို အမြဲရ၏။ သစ်သီးကောင်းများကိုရွေး၍   ကျွေးတတ်သော စားဖိုမှူးများကို ချီးကျူးခဲ့ဖူး၏။ ယခုတော့ မဟုတ် ပေ။ ပြည်တွင်းပြည်ပ မည်သည့်ဟိုတယ်သွားသွား နာနတ်သီးချိုချို    မရနိုင်ချေ။     တစ်ခုခုတော့ ပြောင်းလဲသွားသည်မှာ အမှန်ပင်။

 


တစ်ခါက အိန္ဒိယနိုင်ငံ  မာဂလာယာပြည်နယ် ရှီလွန်မြို့ကို   ရောက်သွား၏။   အာသံပြည်နယ် ဂေါဟတိမြို့မှ  ရှီလွန်မြို့အထိ  လမ်းတစ်လျှောက် လုံးတွင် သစ်သီးဆိုင်များ၌  နာနတ်သီး၊ ပိန္နဲသီးများ ကို   အလျှံအပယ်   တွေ့ခဲ့ရလေသည်။ ရှီလွန်မြို့ ရောက်တော့လည်း  နာနတ်သီးချိုချိုများကို အားရ ပါးရ စားခွင့်ရခဲ့သည်။ 

 


စားနပ်ရိက္ခာ ဖူလုံရေး


ကျွန်တော်တို့၏ အစည်းအဝေးမှာ “ရေဖူလုံရေး” ကို အဓိကထား ဆွေးနွေးကြရင်းနှင့် “စားနပ်ရိက္ခာ ဖူလုံရေး”  ခေါင်းစဉ်လည်းတွဲဖက်၍  ပါလာလေ သည်။ တကယ်တော့    “ရေဖူလုံရေး”၊     “စားနပ်ရိက္ခာ ဖူလုံရေး”  နှင့်  “စွမ်းအင်ဖူလုံရေး”   သုံးခုသည် ဆက်စပ်နေပြီး အနာဂတ်အတွက် ရေရှည်တည်တံ့ ခိုင်မြဲသော တိုးတက်မှုကိုရရှိရန်  မရှိမဖြစ်လိုအပ် နေသော အခြေခံပင်ဖြစ်ပါသည်။

 


ပညာရှင်ကြီးတို့သည် လုပ်ငန်းအကြီးအကျယ် စဉ်းစားကြပါ၏။ အိန္ဒိယသမုဒ္ဒရာတွင် တောင်အာရှ နိုင်ငံများ၏ “ရေဖူလုံရေး”၊  မြန်မာ-ထိုင်း တို့ပါသော BIMSTEC နိုင်ငံများ၏ ရေဖူလုံရေး၊ အနာဂတ် Free Trade  လွတ်လပ်စွာ  ကုန်သွယ်မှုကိစ္စများလည်း ပါဝင်၏။

 


သစ်သီးနိုင်ငံရေး


ကျွန်တော်တို့ ပညာရှင်ကလေးများအုပ်စုကမူ စားနပ်ရိက္ခာဖူလုံရေးအတွက်  ဒေသတွင်း စုပေါင်း ဈေးကွက်ဖော်ဆောင်နိုင်ရေးကို ဘေးထွက်ပစ္စည်း အနေဖြင့်       ဆွေးနွေးတင်ပြခဲ့ကြလေသည်။ “တို့တစ်တွေ သစ်သီးနိုင်ငံရေးလုပ်ကြရင် မကောင်း ဘူးလား”  ကျွန်တော်က အကြံပေါ်လာသမျှ တင်ပြ မိ၏။

 


“မင်းက ဘာကိုဆိုလိုတာလဲ”
အားလုံးက ဝိုင်း၍ မျက်လုံးပြူးကာ မေးကြ၏။ အစည်းအဝေးထဲတွင်   မြန်မာ၊   နီပေါ၊   ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများနှင့်အတူ အိန္ဒိယ နိုင်ငံမှ     ညီအစ်မခုနစ်ဖော်ဟုခေါ်သော   မဏိပူရ၊ ဆစ်ကင်း၊ အာရူနာချာပရာဒေ့ရှ်၊ မီဇိုရမ်၊ အာသံနှင့် နာဂလင်း(ဒ်)   မှ  ကိုယ်စားလှယ်များ  မာဂလာယာ ပြည်နယ်၏    ရှီလွန်တို့တွင်   စုဝေးရောက်ရှိနေချိန် ဖြစ်ပါ၏။
မြန်မာနိုင်ငံတွင်  အာလူးအမျိုးမျိုးထွက်၏။ ရှမ်းပြည်နယ်သည်       အာလူးထွက်ကုန်အတွက် နာမည်ကြီး၏။ ယခုနိုင်ငံခြားမျိုး အာလူးအလုံးကြီး များပင် စိုက်ပျိုးထွက်ရှိ၏။  တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ်  မြောက်ဦးမြို့နယ်ဘက်မှ       အာလူး အလုံးသေးကလေးများမှာ လူကြိုက်များ၏။ အရသာ ရှိ၏။ ထိုကဲ့သို့ပင် ကျွန်တော်တို့ စုဆုံရာဒေသတွင်း နိုင်ငံအသီးသီးမှ မျိုးကောင်းအာလူးများ ထွက်ရှိ၏။ တစ်နိုင်ငံချင်းရောင်း၍ မကုန်လျှင်ပင် ဒေသအတွင်း အာလူးဈေးကွက်ကို        ကမ္ဘာ့နိုင်ငံများအကြား ထင်ရှားအောင် ဝိုင်းလုပ်၍ ဖြစ်နိုင်၏။

 


ဤဒေသတွင်   တစ်နိုင်ငံနှင့်  တစ်နိုင်ငံ  လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊    ယဉ်ကျေးမှုဓလေ့ထုံးစံ များစွာကွဲပြားသလို နိုင်ငံရေးစနစ်များ၊ ယုံကြည် ချက်များသည်လည်း ကွဲပြားကြ၏။ ကွဲပြားခြားနား မှုကိုကြည့်၍       နိုင်ငံရေးလုပ်ခြင်းထက်   ပူးပေါင်း ဆောင်ရွက်နိုင်သည့် အလုပ်များကို    လက်တွဲလုပ် ကြခြင်းဖြင့်  တစ်ပြိုင်နက်တိုးတက်မှုကို ဖော်ဆောင် ၍ ရမည်ထင်၏။
“Potato Politics - အာလူးနိုင်ငံရေး”  လို့ပဲ ဆိုကြပါစို့။

 


သံတမန်တွေကမူ  “Potato    Diplomacy” အာလူးအခြေခံ သံတမန်ဆက်သွယ်ရေးဟု ဆိုချင် ကြ၏။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း        ဒါကာမြို့ပြင် ထွက်လိုက်သည်နှင့်  ပိန္နဲသီးတွေ၊  ထန်းသီးတွေ တောင်လိုပုံနေ၏။
“မင်းတို့နိုင်ငံမှာ   ပိန္နဲသီးခြောက်    ထုတ်လုပ် ရောင်းချသလား”        ဟု    ကျွန်တော့်အမေးကို ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်က မဖြေနိုင်။

 


မြန်မာပြည်ဈေးကွက်သို့ ယခင်က ထိုင်းနိုင်ငံ ထွက် ပိန္နဲသီးခြောက်များ၊ ဒူးရင်းသီးခြောက်များ လွှမ်းမိုး၏။ ယခုအခါတွင်မူ ဗီယက်နမ်နိုင်ငံထွက် ပိန္နဲသီးခြောက်များက နေရာယူထားကြလေသည်။
“ဒို့ဒေသအတွင်းမှာ ဆင်းရဲသားတွေများပေမယ့် အလုပ်လုပ်ကြတဲ့သူတွေချည်းပဲ။      ရေကောင်း မြေကောင်း    သစ်သီးကောင်းတွေထွက်ပေမယ့် ရေရှည်ခံအောင်     မထိန်းသိမ်းနိုင်၊    မထုတ်လုပ်နိုင်၊ တန်ဖိုးမြင့်ထုတ်ကုန်တွေ မလုပ်နိုင်လို့ ရိက္ခာဖူလုံ လျက်နဲ့   ငွေရှားနေရတာပဲ။     နည်းပညာတွေကို မျှဝေပြီး  အတူတကွ တိုးတက်အောင် ကြိုးစားလို့ မရနိုင်ဘူးလား” ဟူ၍  မေးမေးပြောပြောရှိခဲ့ပါ၏။

 


လမ်းပန်းဆက်သွယ်ရေး  


ဒေသအတွင်းမှာ         လှိုင်လှိုင်ထွက်သော နာနတ်သီးများမှာလည်း  ကုန်သွယ်မှုမြှင့်၊ နည်း ပညာမြှင့်၊ စုပေါင်းလုပ်ဆောင်မှုမြှင့်၍ ရနိုင်ပါသည်။ လမ်းပန်းဆက်သွယ်ရေး         ခက်သည့်အတွက် လတ်ဆတ်သောသီးနှံများကို အလွယ်တကူ သယ်ပို့ ရောင်းချရန်မှာမူ ခက်ခဲပါ၏။

 


မကြာခင်ကပင် လာအိုနိုင်ငံ လွမ်ပရာဘန်မြို့မှ တရုတ်နိုင်ငံ  ပီကင်းမြို့အထိ  ကျည်ဆန်ရထားမှ တစ်ဆင့် ထိုင်းနိုင်ငံထွက် ဒူးရင်းသီးများကို တင်ပို့ နိုင်ပြီဟုသော သတင်းတစ်ရပ်ထွက်ပေါ်ခဲ့ပါသည်။ သစ်သီးများကို    သဘာဝအတိုင်း    လတ်လတ် ဆတ်ဆတ်  အရသာရှိရှိ စားသုံးနိုင်ရေးအတွက်မူ အချိန်က    စကားပြော၏။    နှေးကွေးသော လမ်းကြောင်းများဖြင့် အလုပ်မဖြစ်ချေ။

 


မြန်မာနိုင်ငံတွင် ယခင်ကပင် ရှမ်းအရှေ့ဒေသ မှာ သီးနှံကောင်းကောင်းများ အလွယ်တကူရခဲ့၏။ ယိုးဒယားမန်ကျည်းသီးကအစ ချို၏။ စားကောင်း ၏။ သရက်သီး၊ မရမ်းသီး၊ ကြက်မောက်သီး၊ ဒူးရင်း သီးကအစ  ကျွန်တော်တို့ မြန်မာနိုင်ငံတောင်ပိုင်းမှာ ထွက်သမျှအသီးများ မျက်နှာငယ်လာ၏။ ထို့ပြင် မလေးရှား ဒူးရင်းသီးများကပါ ဈေးကွက်ဝင်လာ၏။ ကျွဲကောသီးများဆိုလျှင် မော်လမြိုင်ဓာတ်ကျွဲကော ဟူသော နာမည်ပင် ယခုအခါ ပျောက်လုဖြစ်နေလေ သည်။

 


“မြန်မာသင်္ဘောသီးလေး  တစ်လုံးလောက် ဝယ်ချင်တယ်”
“ဒါ မြန်မာပြည်ကထွက်တဲ့ မြန်မာသင်္ဘောသီး ပဲလေ”
ကျွန်တော့်စကားကို ဈေးရောင်းသူက ဖြေလေ သည်။ မြန်မာမျိုးရင်း သင်္ဘောသီးကို ဈေးရောင်းသူ မြန်မာပြည်သား မသိတော့ချေ။

 


လွန်ခဲ့သော     နှစ်ပေါင်းနှစ်ဆယ်ကျော်က ထိုင်းနိုင်ငံမှာ  သင်္ဘောသီးပြဿနာရှိခဲ့၏။ မျိုးရိုး ပြင်ထားသော  သင်္ဘောသီးများ  ထိုင်းနိုင်ငံတွင် ရောင်းချမှုအတွက် ကျန်းမာရေးနှင့်ညီညွတ်မှုရှိ မရှိ ငြင်းခုန်ကြရာမှ   အသံကျယ်လာ၏။  ယခုတော့ ငြိမ်သွားပါပြီ။

 


မြန်မာပြည်ထဲသို့ ယိုးဒယားသင်္ဘောသီးများ ရောက်လာ၏။  စိုက်ကြ၊ ရောင်းကြ။ နောက်ထပ် ထိုင်ဝမ်သီးဟုခေါ်သော သင်္ဘောသီးအကြီးကြီးများ ကို       ဈေးကွက်ထဲတွင်တွေ့နေရ၏။       မြန်မာ သင်္ဘောသီးဆိုသောအရာကိုမူ           ပုပ္ပားရွာနှင့် ပန်းတောင်းမြို့တို့တွင်သာ   ရှာ‌ဖွေ၍တွေ့ရလေ သည်။

 


ဤဒေသတွင် GM နည်းဖြင့် မျိုးရိုးဗီဇပြုပြင် ထားသော    အသီးအနှံများစွာ    ဈေးကွက်ထဲ ရောက်လာ၏။ သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ ပြောင်းဖူး သာမက    ဆန်များပင်    မျိုးရိုးဗီဇပြုပြင်ထားသော          ထွက်ကုန်များတွေ့ လာရလေသည်။

 


ကျွန်တော်တို့ အစည်းအဝေးတွင် ဘူတန်နိုင်ငံမှ ကိုယ်စားလှယ်က   “တို့နိုင်ငံမှာ   အစားအစာတင် သွင်းရင် ဘေးအန္တရာယ်မရှိဖို့  (Food  Safety)  ကို သေသေချာချာ စစ်ဆေးတယ်” ဟု ဆိုခဲ့၏။

 


ဘေးဥပဒ်ကင်းစင်သည့် အစားအသောက် ထုတ်ကုန်များ


ကျွန်တော်တို့နိုင်ငံမှာလည်း အစားအစာနှင့် ဆေးဝါးဆိုင်ရာ ဥပဒေများ၊  လုပ်ထုံးလုပ်နည်းများကျန်းမာရေးဌာနက ပြဋ္ဌာန်းထားပါသည်။ တစ်ဖက် မှာလည်း သီးနှံထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူ များအတွက်      စည်းကမ်းဥပဒေများရှိပါသည်။ သို့သော် ပြည်ပမှတင်သွင်းလာသော သစ်သီးသစ်နှံ များအတွက်  စနစ်တကျတိတိကျကျ စစ်ဆေးရန် ကား အခက်အခဲများစွာ ရှိလေသည်။ 

 


“အရည်အသွေး      ကောင်းမွန်သည့်အပြင် ဘေးဥပဒ်ကင်းစင်သည့်        အစားအသောက် ထုတ်ကုန်များ  ပိုမိုထုတ်လုပ်နိုင်ရန်လို” ဟူသော ခေါင်းစဉ်ဖြင့်  ၂၀၂၂ ဧပြီလ ၂၇ ရက်တွင် ပြုလုပ် သည့်   “အမျိုးသားအဆင့်    အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ” မိတ်ဆက်ခြင်း နှင့်  ဖြန့်ဝေခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်        ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက  အမှာစကားပြောကြားကြောင်း            သတင်းကို  သတင်းစာများတွင် ဖတ်လိုက်ရသည်။

 


“National  Food  Safety Policy” တစ်ခု မြန်မာနိုင်ငံတွင် ပီပီပြင်ပြင်တွေ့မြင်ရလေပြီ။
စိုက်ပျိုးသူ၊   ထုတ်လုပ်သူ၊  ရောင်းချသူတို့၏ အားပြုရာ       မူဝါဒဖြင့်    နိုင်ငံတော်အစိုးရက စောင့်ရှောက်ပေးနိုင်ခြင်းကား ကောင်းလေစွ။    ။