
မိုဘိုင်းဖုန်းတွေထဲကို MP3 သီချင်းတွေ ဒေါင်းလုပ်ဆွဲပြီးဖြစ်ဖြစ်၊ အခြားသူဆီကနေ ကူးယူတာပဲဖြစ်ဖြစ် ကိုယ့်ဖုန်းထဲရောက်လို့ ဖွင့်လိုက်တဲ့အခါ သီချင်းနာမည်၊ သီဆိုသူ နာမည်နဲ့ အယ်လ်ဘမ်နာမည်တွေနေရာမှာ မှန်မှန်ကန်ကန်မြင်တွေ့ရတာ ရှားပါတယ်။ သီချင်းကိုယူတဲ့နေရာက မူလရေးထားတဲ့ အတိုင်း AVSEQ 1, 2, 3 စသည်ဖြင့်သာ ပေါ်နေတာမျိုးကို တွေ့ရမှာပါ။ အခုနောက်ပိုင်း ဖုန်းတွေထဲက Music Player တွေမှာ သီချင်း နာမည်တွေကို အလွယ်တကူပြင်နိုင်ပေမယ့် အဲဒီလိုပြင်တာက Music Player တစ်ခုတည်း အတွက်ပဲ အမှန်ပြမှာဖြစ်ပါတယ်။ သီချင်းကို တခြားအက်ပလီကေးရှင်းတစ်ခုနဲ့ ဖွင့်တာပဲ ဖြစ်ဖြစ်၊ တခြားဖုန်းထဲကို မျှဝေပေးတာပဲဖြစ်ဖြစ်၊ လိုင်းပေါ်တင်လိုက်လို့ တခြားလူကပြန်ဒေါင်း ယူတဲ့အခါဖြစ်ဖြစ် အလွဲတွေ ထပ်မြင်နေရဦးမှာ ဖြစ်ပါတယ်။ အမြဲတမ်း မှန်မှန်ကန်ကန်မြင်ရဖို့ ဆိုရင်တော့ Tag Editor အက်ပလီကေးရှင်း တွေကို အသုံးပြုရမှာဖြစ်ပါတယ်။
ပလေးစတိုးမှာ အခမဲ့ရနိုင်တဲ့ Tag Editor အက်ပလီကေးရှင်းတွေ အများကြီးရှိတဲ့အနက် ဖိုင်ဆိုက်သေး၊ ဖုန်းမော်ဒယ် အနိမ့်အမြင့် မရွေးဘဲ သုံးရတာလည်း ရိုးရှင်းလွယ်ကူတဲ့ Tag Editor အက်ပလီကေးရှင်းတစ်ခုကတော့ Hit Music Tag Editor ဖြစ်ပါတယ်။ ဖိုင်ဆိုက် ဟာ 3MB ပဲရှိပြီး ဖုန်းအမျိုးအစားအနေနဲ့လည်း မော်ဒယ်မရွေး သုံးနိုင်သလို Lollipop ကစလို့ အန်းဒရွိုက်ဗားရှင်း ပိုမြင့်တဲ့ဖုန်းတွေမှာ SD ကတ်ထဲက သီချင်းတွေကိုပါ ပြင်နိုင်ပါတယ်။ ဖိုင်အမျိုးအစားအနေနဲ့ MP3 နဲ့ FLAC ဖိုင်တွေ ကို ပြင်နိုင်ပြီး သီချင်းနာမည်၊ သီဆိုသူနာမည်၊ အယ်လ်ဘမ်နာမည်တွေပြင်ဖို့ အော့ဖ်လိုင်းသုံး နိုင်သလို လိုင်းဖွင့်ထားရင် အက်ပလီကေးရှင်း ထဲကနေပဲ ပုံတွေရှာပြီး အယ်လ်ဘမ်အတွက် ပုံအဖြစ်ပါ သုံးနိုင်ပါတယ်။ ပြင်ချင်တာတွေ ပြင်ပြီး သိမ်းလိုက်ပြီးရင်တော့ ဘယ်အက်ပလီ ကေးရှင်းနဲ့ဖွင့်ဖွင့် သီချင်းနာမည်မှန်တဲ့ MP3 ဖိုင်တွေ ရလာမှာဖြစ်ပါတယ်။ ကျော်ဇင်ဦး