
ဆောင်းပါး
==========
ဒေါက်တာသီတာကြူး
သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါသည် အာဗိုဗိုင်းရပ်စ်အမျိုး အစား ဒင်ဂီးဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ခြင်ကျား (Aedes mosquito) ၏ သွေးထဲတွင်ရှိသည်။ ခြင်မှ လူကိုကိုက် ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးများ လူ့ခန္ဓာကိုယ်အတွင်း ရောက်ရှိ ပြီး ရောဂါကူးစက်နိုင်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် တစ်ကမ္ဘာလုံးတွင် နိုင်ငံပေါင်း ၁၀၀ ကျော်၌ အမြစ်တွယ်ဖြစ်ပွားလျက်ရှိသည်။ အမေရိကတိုက်၊ အရှေ့တောင်အာရှ၊ အနောက်ပစိဖိတ် ဒေသတို့တွင် ဆိုးရွားစွာ ကူးစက်နေသည်။ ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၂၅၀၀ သည် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုရှိသော ဒေသများတွင် နေထိုင်လျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံးတွင် လူဦးရေသန်း ၃၉၀ ကျော်သည် သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ခံရလျက် ရှိပါသည်။ တစ်ကမ္ဘာလုံးဖြစ်ပွားမှု၏ ၇၀ ရာခိုင်နှုန်းသည် အာရှတိုက်မှ ဖြစ်ပါသည်။
၁၀ စုနှစ် နှစ်ခုအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနှုန်းသည် ၁၅ ဆတက်လာပြီး သေဆုံးနှုန်း သည် ငါးဆတက်လာသည်ကို တွေ့ရှိရပါသည်။ ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားခဲ့ပြီး အမေရိကတိုက်တွင် ၃ ဒသမ ၁ သန်း ဖြစ်ပွားခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် မေလဒုတိယ ပတ်အထိ အရှေ့တောင်အာရှ နိုင်ငံများတွင် အဖြစ်များ ဆုံး ငါးနိုင်ငံမှာ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ နှင့် ကမ္ဘောဒီးယားတို့ ဖြစ်ပါသည်။
ယခင်က မြို့ကြီးများတွင်သာ ဖြစ်ပွားသော်လည်း ယခုအခါ ကျေးလက်တောရွာများတွင်ပါ ဖြစ်ပွားလာ သည်ကို တွေ့ရသည်။ သွေးလွန်တုပ်ကွေးဖြစ်သူ၏ ၉၀ ရာခိုင်နှုန်းမှာ ၁၅ နှစ်အောက် ကလေးသူငယ်များ ဖြစ်သည်။ ပုံမှန်ဖြစ်ပွားသော တိုင်းပြည်များတွင် ကပ် ရောဂါအဖြစ် ၂-၃ နှစ် တစ်ကြိမ်စီ ဖြစ်ပွားလေ့ရှိသည်။
မြန်မာနိုင်ငံ၏သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေ
မြန်မာနိုင်ငံ၌ ၁၉၆၈ ခုနှစ်မှစတင်၍ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားခဲ့ပြီး ၁၉၇၀ ပြည့်နှစ်၌ ကပ်ရောဂါ ပထမဆုံးဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါ သည်။ အသက် ငါးနှစ်မှ ကိုးနှစ်အရွယ်တွင် အများဆုံးဖြစ် ပြီး လူကြီးများတွင်လည်း ဖြစ်ပွားမှု၊ သေဆုံးမှုရှိသည်ကို တွေ့ရှိရပါသည်။
မိုးရာသီတွင် အများဆုံးဖြစ်ပွားလေ့ရှိပြီး ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တစ်နှစ်ပတ်လုံး ဖြစ်ပွားလာသည်ကို တွေ့ရှိရပါသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ မြန်မာတစ်ပြည်လုံးတွင် ဖြစ်ပွားသူ ၂၈၆၂ ဦး ရှိပြီး သေဆုံးသူ ၂၀ ရှိပါသည်။ အဖြစ်အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုမှာ အစဉ်လိုက်အားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ ဖြစ်ကြသည်။
အသက်အပိုင်းအခြားအနေဖြင့် ငါးနှစ်မှ ကိုးနှစ် အတွင်း အများဆုံးဖြစ်ပွားပြီး ဖြစ်ပွားသူ စုစုပေါင်း၏ ၄၁ ဒသမ ၆၈ ရာခိုင်နှုန်း ဖြစ်ပွားကြောင်း တွေ့ရပါသည်။ အသက် ၁၅ နှစ်အထက်ဖြစ်ပွားသူမှာ ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိပါသည်။ မြို့ပေါ်တွင် ဖြစ်ပွားနှုန်းမှာ ၃၂ ဒသမ ၂၂ ရာခိုင်နှုန်းရှိပြီး ကျေးလက်တွင် ၆၇ ဒသမ ၇၈ ရာခိုင်နှုန်း ရှိပါသည်။
ရောဂါကူးစက်ပြန့်ပွားပုံ
သွေးလွန်တုပ်ကွေးရောဂါသည် Dengue virus ကြောင့်ဖြစ်ပွားပြီး Serotype 1,2,3,4 ဟူ၍ လေးမျိုးရှိပါ သည်။ Serotype တစ်မျိုးအတွက် ရောဂါဖြစ်ပွားပါက ၎င်းတစ်ခုအတွက်သာ ကာကွယ်ပြီး အခြားအမျိုးအစား အတွက် မကာကွယ်နိုင်ပါ။ ၎င်းဗိုင်းရပ်စ်ပိုးကို ခြင်ကျား (Aedes) မျိုးစိတ်က သယ်ဆောင်ပေးပါသည်။ ခြင်ကျား Aedes Aegypti သည် အဓိက သယ်ဆောင်ပေးသော ခြင်ဖြစ်ပြီး မြို့များတွင် တွေ့ရှိရသည်။ Aedes Albopictus ကို ကျေးလက်ဒေသများတွင် တွေ့ရလေ့ရှိပါသည်။
ခြင်၏သက်တမ်းမှာ တစ်လမှ တစ်လခွဲ ဖြစ်သည်။ ခြင်မသည် တစ်ခါမိတ်လိုက်ရုံနှင့် ဥဥရန် လုံလောက်သည်။ တစ်ပတ်တစ်ခါ ဥဥပြီး တစ်ခါဥလျှင် ဥပေါင်း ၁၀၀ မှ ၁၅၀ ဥပါသည်။ ခြင်မသည် သွေးစုပ်နေမှ ဥဥ၍ ရသည်။ ဥဥရန် မည်းမှောင်တိတ်ဆိတ်သော နေရာကိုကြိုက်သည်။ ခြင်ဥမှ ခြင်ကောင်ဖြစ်သည်အထိ ရှစ်ရက် မှ ၁၀ ရက်ခန့် လိုအပ် ပါသည်။ ရေမျက်နှာပြင်နှင့် နံရံကပ်နေသော နေရာမှ ဥချပါသည်။ အကယ်၍ ရေမရှိဘဲ ခြောက်သွားလျှင် ဥများ ကပ်ကျန်နေပြီး ခြောက်လမှ တစ်နှစ်ခန့်အထိ အသက်ရှင် နိုင်သည်။ ရေရရှိပါက ၂၄ နာရီအတွင်း ပိုးလောက်လမ်း ပြန်ပေါက်ပါသည်။ ထို့ကြောင့် နံရံတွင် ကပ်နေသောဥများ မကျန်စေရန် သေချာစွာ ပွတ်တိုက်ဆေးကြောရမည် ဖြစ်ပါသည်။
ခြင်ပေါက်ပွားသည့်နေရာများ
ရေကြည်ရေသန့်တွင် ပေါက်လေ့ရှိပြီး သုံးရေ သောက်ရေထည့်ထားသော အိုးများ၊ ပုံးများ၊ ကြောင်အိမ် အောက်ခံခွက်၊ အုတ်ကန်၊ ရေစည်ရေကန်များ၊ ပန်းအိုး အောက်ခံများ၊ နတ်ပန်းအိုးများ၊ ရေတင်ကျန်သောပစ္စည်း များတွင် ခြင်ဥများကို ဥချပါသည်။ အိမ်အပြင်တွင် ရေတင် နေသော ငှက်ပျောရွက်၊ အုန်းရွက်၊ ဝါးဆစ်၊ ဝါးပင်အငုတ်များ၊ သစ်ခေါင်းဝါးခေါင်းများတွင် ပေါက်ပွားသည်။ စွန့်ပစ်ထား သော ပုလင်းခွံ၊ ဘူးခွံ၊ တာယာဟောင်းတို့တွင် ပေါက်ပွား သည်။ မိုးရာသီတွင် ရေတစ်ဇွန်းစာမျှ ရေတင်လျှင်ပင် ခြင်ကျားပေါက်နိုင်သည်။ မိုးရေတင်ကျန်သောနေရာများ များပြားလာခြင်းကြောင့်လည်း ခြင်ပေါက်ပွားမှု များပြား သည်ကို တွေ့ရှိပါသည်။
ခြင်ကိုက်လေ့ရှိသောအချိန်
နေ့အချိန်တွင် ကိုက်လေ့ရှိသည်။ ခြင်သွေးစုပ်ရာတွင် လူတစ်ဦးကို၊ လူများစွာကို အကြိမ်ကြိမ် ကိုက်လေ့ရှိသည်။ ဤအချက်သည် ရောဂါကူးစက်မှုအတွက် အရေးကြီးသည်။
ခြင်ပျံသန်းနိုင်သည့်အကွာအဝေး
ခြင်ကျားများသည် ၎င်းတို့ပေါက်ပွားရာနေရာမှ မီတာ ၅၀ မှ မီတာ ၃၀၀ အတွင်းသာ ပျံလေ့ရှိသည်။ ခြင်ကျား Aedes Aegypti များသည် အိမ်တွင်းရှိ တွဲလောင်းကျသော အဝတ်များ၊ ပရိဘောဂ၏ နောက်ဘက်၊ အောက်ဘက်၊ ဖျာလိပ်တွင်း စသည့် မှောင်သည့်နေရာတွင် နားလေ့ရှိသည်။ အိမ်အပြင်တွင် ချုံပုတ်နှင့်အပင်များတွင် နားလေ့ရှိသည်။ အနက်ရောင်နှင့် အနီရောင်ကို အခြားအရောင်များထက် ပိုနှစ်သက်သည်။
သွေးလွန်တုပ်ကွေးကူးစက်ပုံ
ရောဂါပိုးသည် လူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက် သည့်အချိန်မှစ၍ ၃-၅ ရက်အတွင်း သွေးထဲတွင် လှည့်ပတ် နေသည်။ ယင်းအချိန်တွင် ခြင်ကျားကိုက်ပါက ခြင်မ၏ ခန္ဓာကိုယ်အတွင်းသို့ ဗိုင်းရပ်စ်ပိုးများ ပါသွားပါသည်။ ယင်းပိုးများသည် ၈-၁၀ ရက်အတွင်း အကောင်များ ပွားများလာကာ ယင်းခြင်မှ နောက်တစ်ဦးကို ကိုက်သည့် အခါ ယင်းလူမှာ Dengue ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရပါ သည်။ Biological Transmission ဟု ခေါ်သည်။
ထို့အပြင် ဗိုင်းရပ်စ်ပိုးသည် အလွန်များပြားစွာ ပွားများလာသောကြောင့် ခြင်မ၏ဥအိမ်အတွင်းရှိ ဥများ တွင်ပါ ပြန့်ပွားလာပြီး ယင်းဥများမှပေါက်လာသည့်ခြင်မှာ ရောဂါပိုးများပါပြီးဖြစ်၍ ၎င်းတို့မှတစ်ဆင့်လည်း ကူးစက် နိုင်ပါသည်။ ထိုကဲ့သို့ ကူးစက်ခြင်းကို Trans ovarian Transmission ဟု ခေါ်သည်။
သွေးလွန်တုပ်ကွေးလက္ခဏာများ
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောကြောင့် ရောဂါလက္ခဏာ မပြဘဲဖြစ်၍ ပျောက်သွားသည်မှ သွေးလန့်သည့်အဆင့်သို့ ရောက်ကာ အသက်ဆုံးရှုံးရသည်အထိ အမျိုးမျိုးရှိပါသည်။ မိုးရာသီတွင် တုပ်ကွေးဖျားနာပါက သွေးလွန်တုပ်ကွေး ရောဂါကို ထည့်သွင်းစဉ်းစားရပေမည်။
- နှစ်ရက်မှ ခုနစ်ရက်ခန့် အပြင်းဖျားသည်
- ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်ပေါ်တွင် အနီ စက်များထွက်ခြင်း စသည်တို့ဖြစ်တတ်သည်။
- ဖျားနေစဉ် သွေးလန့်သည့်လက္ခဏာများမှာ သုံးရက်မှ ငါးရက်အတွင်း ဖြစ်ပေါ်နိုင်သည်။ ၎င်းလက္ခဏာများမှာ -
- ဖျားရာမှ ရုတ်တရက်အဖျားကျကာ ခြေဖျား၊ လက်ဖျား အေးစက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မကြာခဏအော့အန်ခြင်း၊ မှိန်းနေခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း၊ ခန္ဓာကိုယ်မှ သွေးထွက်ခြင်း
- ဥပမာ- နှာခေါင်းသွေးလျှံခြင်း၊ ဝမ်းမည်း သွားခြင်း၊ အညိုရောင်အန်ခြင်း စသည့် လက္ခဏာ တစ်ခုခုရှိလျှင် ဆေးရုံသို့ အမြန်ဆုံး သွားရပါမည်။
အိမ်တွင်ပြုစုကုသခြင်း
- အရည်များများဝင်အောင်တိုက်ရန် (ဓာတ်ဆား ရည်၊ ဖျော်ရည်အမျိုးမျိုး၊ ဟောလစ်၊ စွပ်ပြုတ်)
- အညိုရောင်ရှိသော အရည်ကိုမတိုက်ရပါ။
- အဖျားကြီးလွန်းလျှင် ရေပတ်တိုက်နိုင်သည်။
- ပါရာစီတမောဆေးကို အရွယ်လိုက်၍ ဆေး ညွှန်းပမာဏအတိုင်း ခြောက်နာရီခြားတိုက်ပါ။
- ပါရာစီတမောမဟုတ်သော (ဗမာဆေး၊ ဘာ စပရို၊ အနာဂျက်စင်၊ ဗော်ထရန်) တို့သည် သွေးထွက်မှု၊ သွေးလန့်မှုဖြစ်စေသောကြောင့် မတိုက်ရ၊ မထိုးရ၊ စအိုထဲ မထည့်ရပါ။
သွေးလန့်သည့် လက္ခဏာတစ်ခုခုရှိလျှင် နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံသို့ သွားရမည်ဖြစ်ပါသည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ခြင်း
ရောဂါများကိုဖြစ်လာမှ ကာကွယ်ခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးမှာ ကျန်းမာရေးဌာနတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ ပြည်သူလူထုများ၊ ဆက်စပ်လျက်ရှိသော ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်မှ အောင်မြင်မည်ဖြစ်သည်။
(၁) ကျန်းမာရေးပညာပေးခြင်း
(၂) ခြင်မှပေါက်သော ပိုးလောက်လမ်း နှိမ်နင်းခြင်း။
(၃) သက်ကြီးကောင်ခြင်ကျားကို နှိမ်နင်းခြင်း
(၄) ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း
ဟူ၍ လေးပိုင်းရှိပါသည်။
ကျန်းမာရေးပညာပေးခြင်း
ရပ်ကွက်နှင့် လူစည်ကားရာနေရာများ၊ ကျောင်း များအတွင်း၌ အဓိကဆောင်ရွက်ရပါမည်။ အိမ်ရှင်မများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများကို ဦးတည်ဟောပြောရမည်ဖြစ်ပါသည်။ ပြည်သူများသိရှိပြီး နားလည်လက်ခံလာအောင် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူလူထုကလည်း အချိန်ပေး ပြီး လာရောက်ရမည်ဖြစ်သည်။
ခြင်မှပေါက်သောပိုးလောက်လမ်းနှိမ်နင်းခြင်း
နွေရာသီ (မတ်လ၊ ဧပြီလ)ကပင် စတင်ဆောင်ရွက်ရ ပါမည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ နှိမ်နင်း ရေးလုပ်ငန်းများတွင် ပိုးလောက်လမ်း နှိမ်နင်းရေး လုပ်ငန်းသည် အဓိကကျ၍ အထိရောက်ဆုံးသောလုပ်ငန်း ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ရာ၌ ရောဂါပိုးသည် ဗိုင်းရပ်စ် ပိုးဖြစ်သောကြောင့် ၎င်းပိုးကို သေစေနိုင်သော ဆေးမရှိပါ။ ကူးစက်ခံရမည့်လူများကို ရာနှုန်းပြည့် (၁၀၀%)ကာကွယ် မှု ပေးနိုင်သည့် ကာကွယ်ဆေးလည်း မရှိသေးပါ။ ထို့ကြောင့် ခြင်ကျားလောက်လမ်းနှိမ်နင်းရေးကို အဓိက ထားဆောင်ရွက်ရမည်ဖြစ်ပါသည်။ အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖြစ်ပြီး ပြည်သူများပါဝင်လုပ်ဆောင်နိုင် သည့် အခြေခံအချက်များဖြစ်ပါသည်။ ၎င်းလုပ်ငန်းများမှာ- ဖုံး၊ သွန်၊ လဲ၊ စစ်၊ အိုးအတွင်းပိုင်းတိုက်ချွတ်ဆေး၊ လောင်း၊ ထောင်၊ ဖွင့်၊ ရှင်း၊ မြှုပ်၊ ခတ်၊ ထည့်တို့ဖြစ်ပါသည်။
ပြည်သူဆောင်ရွက်ရမည့် လုပ်ငန်းလေးရပ်
၁။ မိသားစုများသည် မိမိတို့အိမ်တွင်း၊ အိမ်ပြင်ရှိ ရေထည့်ထားသည့် ရေစည်ရေအိုးများနှင့် ရေတင် ကျန်နိုင်သော ကားတာယာများကို ခြင်မဝင်အောင် ဖုံးအုပ် ရန်၊ သောက်ရေ၊ သုံးရေအိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုး၊ နတ်အိုးများ၏ အတွင်းပိုင်းကို ပွတ်တိုက် ဆေးကြော၍ သွန်ပစ်ခြင်း၊ မသွန်နိုင်သောပန်းအိုးများ၊ ကြောင်အိမ်အောက်ခံခွက်များကို မီးဖိုချောင်သုံးဆား၊ ဒီဇယ်၊ ဓာတ်ဆီတို့ လောင်းထည့်ရန်ဖြစ်ပါသည်။ ရေရှားပါ က ခြင်လောက်လမ်းတွေ့သောရေကို နောက်အိုးတစ်အိုး သို့ ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တိုင်း ပြုလုပ်ရန်။
၂။ အိမ်တွင်း၊ အိမ်ပြင်ရှိ စွန့်ပစ်ပစ္စည်းများ ရှင်းလင်းရန်၊ မြေမြှုပ်ရန်၊ အသုံးမပြုသော အိုးခွက်များ မှောက်ထားရန်။
၃။ ခြင်ကိုက်ခြင်းမှကာကွယ်ရန်- အင်္ကျီလက် ရှည်၊ ဘောင်းဘီရှည်ဝတ်ရန်၊ ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်ထောင်၍ အိပ်ရန်။
- (ဆေးစိမ်ခြင်ထောင်နှင့် အိပ်လျှင် ပိုကောင်းပါသည်)
- အနံ့ကြောင့် ခြင်ပြေးသောဆေးများ
(Repellent)၊ ခြင်ပြေးသည့် sticker မီးအိမ်
စသည်များ သုံးသင့်ပါသည်။
- ခြင်ဆေးခွေထွန်းခြင်း၊ မီးခိုးမှိုင်းတိုက်ခြင်း
စသည်တို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါများ ဖြစ်ပွားနိုင်သဖြင့် မပြုလုပ်သင့်ပါ။
၄။ ရေမလှယ်နိုင်သည့် အုတ်ကန်၊ ရေစည်၊ ရေကန်များ တွင် ခြင်လောက်လမ်းစားငါးထည့်ရန် (သို့) ခြင်လောက်လမ်း သတ်ဆေး အဘိတ်ဆေးခတ်ရန်။
ခြင်လောက်လမ်းသတ်ဆေး တစ်ရာခိုင်နှုန်း Temephos (Abate)ခတ်ခြင်း
ကျန်းမာရေးဌာနမှ ခတ်ရမည့် အဘိတ်ဆေးပမာဏ ကို တွက်ချက်ပြီး ခတ်ပေးမည်ဖြစ်ပါသည်။
အဘိတ်ဆေးသည် ပိုးလောက်လမ်းကိုသာ သေစေ နိုင်ပါသည်။ အခြားသက်ရှိသတ္တဝါများကို ဘေးဥပဒ် မပေးပါ။ ဆေးခတ်မည့် အိုးခွက်များကို တိုက်ချွတ်ဆေး ကြောပြီး ရေဖြည့်ထားရမည်။ ဆေးခတ်ပြီးသောရေကို ဆက်သုံးနိုင်ပါသည်။ တစ်ကြိမ်ခတ်ပြီးလျှင် သုံးလအထိ တာရှည်ခံပါသည်။ ဆေးခတ်ခြင်းသည် ဆေးမှုတ်ခြင်း ထက် လူကိုအန္တရာယ်ကင်းစေပါသည်။
ပိုးလောက်လမ်းစားငါးထည့်ခြင်း
မလှယ်မသွန်နိုင်သည့် အုတ်ကန်ကြီးများ၊ ကျောက် စည်များ စက်မှုဇုန်ကဲ့သို့ ဂါလန်ပေါင်းများစွာဆံ့သည့် ရေကန်ကြီးများထဲသို့ ပိုးလောက်လမ်းစားသော ငါးထည့် နိုင်လျှင် ကောင်းပါသည်။ ဒေါင်းငါး၊ ငါးထိပ်ကွက်၊ ငါးရံ့ ခေါင်းတို စသည်တို့ကိုထည့်ရန်ဖြစ်ပြီး ငါးလုပ်ငန်း ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။
သက်ကြီးကောင်ခြင်ကျားကိုနှိမ်နင်းခြင်း
ပိုးသတ်ဆေးသုံး၍ ဆေးမှုတ်ခြင်းဖြင့် သွေးလွန် တုပ်ကွေးဖြစ်သည့်လူနာအိမ်နှင့် ၎င်းကလေးတက်သည့် ကျောင်း၏ပတ်ဝန်းကျင်ရှိ ရောဂါပိုးသယ်ဆောင်သော သက်ကြီးခြင်ကောင်ကို အမြန်ဆုံးသေစေရန်ဖြစ်သည်။ လူနာအိမ်နှင့် ပတ်ဝန်းကျင် မီတာ ၁၀၀ အကွာအဝေးရှိ အိမ်များအားလုံးကို ဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရ ပါမည်။
ခြင်ကျားသည် နံရံတွင် နားလေ့မရှိဘဲ အဝတ်အစား များ၊ ပရိဘောဂများ၏ နောက်ဘက်၊ အောက်ဘက်တွင် နားလေ့ရှိသဖြင့် နံရံတွင်ဆေးဖျန်း၍မရဘဲ Space Spray ဆောင်ရွက်ရမည်ဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်သည့်အနေဖြင့် ကြိုတင်ဆေးမှုတ်သည့်အခါ ဆေးမှုတ်ပြီးပြီဖြစ်၍ သွေးလွန် တုပ်ကွေးကာကွယ်ပြီးပြီဟူသော လွဲမှားသည့်ယုံကြည် စိတ်ချမှုများ လက်ခံသွားပါက အမှန်တကယ် လိုအပ်သည့် ခြင်လောက်လမ်းနှိမ်နင်းရေးကို မေ့လျော့မိနိုင်သောကြောင့် အန္တရာယ်ပိုကြီးပါသည်။ မလိုအပ်ဘဲ မှုတ်ခြင်း၊ မလိုသည့် နေရာ မြောင်း၊ လမ်းပေါ် မှုတ်ခြင်းဖြင့် အကုန်အကျများပြီး အကျိုးမရှိသည့်အပြင် ဆေးယဉ်ပါးမှုကိုလည်း ဖြစ်စေပါ သည်။ ကုန်ကျခြင်းနှင့် ရရှိမည့်အကျိုးအမြတ် (Cost & Benefit ) ကို တွက်ရမည်ဖြစ်သည်။
ပတ်ဝန်းကျင်သန့်ရှင်းရေး
နွေရာသီ (မတ်လ၊ ဧပြီလ) ကပင် စတင်ဆောင်ရွက်ရ ပါမည်။ ဒေသဆိုင်ရာအဖွဲ့အစည်းများက ဦးဆောင်၍ ပြည်သူလူထုက မိမိအိမ်ပတ်ဝန်းကျင်ရှိ မိုးရွာလာပါက ရေတင်ကျန်နိုင်သည့် ပစ္စည်းအားလုံးကို သုတ်သင် ရှင်းလင်းရပါမည်။ ကျန်းမာရေးဌာန တစ်ခုတည်းက ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူများကပါ ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။
ကြိုတင်ကာကွယ်နှိမ်နင်းခြင်းဖြင့် သွေးလွန်တုပ်ကွေး ကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှု ရေးဆုံးရှုံးမှုများကို လျှော့ချပြီး သေဆုံးနှုန်းနှင့် ရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချနိုင်မည်ဖြစ်သည်။ အဓိကကျ၍ အထိရောက်ဆုံးကာကွယ်နည်းဖြစ်သော ပိုးလောက်လမ်း နှိမ်နင်းခြင်းကို ကျန်းမာရေးဌာနနှင့်အတူ ဒေသဆိုင်ရာ အာဏာပိုင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဆက်စပ်လျက် ရှိသော ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ပြီး အောင်မြင် မည်ဖြစ်ပါသည်။
အထူးသဖြင့် ပြည်သူလူထုသည် မိမိ၏ရင်သွေးငယ် များ သွေးလွန်တုပ်ကွေးရောဂါမှ ကင်းဝေးစေရန် အရိုး ရှင်းဆုံးမိမိလုပ်ဆောင်ရမည့် အခြေခံအချက်များကို မိမိ တာဝန်ဟု သတ်မှတ်လုပ်ဆောင်ကြလျှင် အမူအကျင့် တစ်ခုသို့ ရောက်ရှိလာမည်ဖြစ်သည်။ ပြည်သူလူထု၏ အမူအကျင့်မှတစ်ဆင့် အပြုအမူအဖြစ် ပြောင်းလဲလာမှသာ လျှင် သွေးလွန်တုပ်ကွေးရောဂါမှ ကင်းဝေးမည်ဖြစ်သည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး မိမိကစ ဆောင်ရွက်ပေးပါရန် တိုက်တွန်းရေးသားလိုက်ရပါ သည်။ ။
ကိုးကား
- MOHS website
- MOHS သွေးလွန်တုပ်ကွေးကာကွယ်ရေး
လက်ကမ်းစာစောင်
- မြို့နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ
ကာကွယ်ရေးနှိမ်နင်းရေး
(လုပ်ငန်းလမ်းညွှန်)
- Log in to post comments