
ကိုကျော်စွာ(ကျိုက်ပိ)
စာရေးသူတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ရာသီအလိုက် သီးနှံ မျိုးစုံ စိုက်ပျိုးလေ့ရှိကြသည်။ တောင်ပေါ် မြေပြန့်မကျန် မိမိဒေသနှင့်ကိုက်ညီသည့် သီးပင်စားပင်၊ ဆန်စပါးနှင့် ဟင်းသီး ဟင်းရွက်အပါအဝင် သစ်ပင်ပန်းမန်တို့ကို စိုက်ပျိုးလျက်ရှိသည်။ နိုင်ငံ၏ အဓိက စိုက်ပျိုးရေးမှာ ဆန်စပါးဖြစ်သည်။ မည်သည့်အပင်မဆို စိုက်ပျိုးပြီဆိုပါက မြေသြဇာကျွေးရပါသည်။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများအနေဖြင့် သဘာဝ မြေဩဇာကို ကျွေးလေ့ရှိကြသော်လည်း စီးပွားဖြစ် စိုက်ပျိုးသူအများစုမှာ ဓာတ်မြေသြဇာကိုသာ ကျွေးလေ့ရှိကြပါ သည်။
မြေသြဇာအမျိုးအစားများ
မြေသြဇာသည် သဘာဝမြေသြဇာ ခေါ် အော်ဂဲနစ်မြေသြဇာနှင့် ဓာတ်မြေသြဇာဟူ၍ နှစ်မျိုးရှိပါသည်။ ဓာတ်မြေသြဇာဆိုသည်မှာ ဓာတုနည်းဖြင့် ပြုလုပ်ထားသော အသီးကြီးထွားဆေး၊ အပင်သန်ဆေး၊ ပေါင်းသတ်ဆေး၊ အထွက်တိုးဆေး၊ ပိုးသတ်ဆေး၊ အရွက် ဖျန်းဆေးစသည်တို့ ဖြစ်ပါသည်။
သဘာဝမြေသြဇာတွင် အပင်ဆွေး မြေသြဇာ (Compost-ကွန်ပို့စ်ထ်)ဆိုသည်မှာ အပင်နှင့်အပင်ထွက်ပစ္စည်းများဖြစ်ကြသော သစ်ကိုင်း၊ သစ်ရွက်များ၊ သစ်ဆွေးများနှင့် သစ်သီးနှင့် ကောက်ရိုး ဆွေးများ၊ နွားချေးအဆွေးများအပြင် အလွယ်တကူ ဆွေးမြည့်စေနိုင်သော အိမ်သုံးပစ္စည်း စသည်တို့ဖြစ်သည်။ ထို့ပြင် ကျေးငှက်တိရစ္ဆာန်တို့ စွန့်ပစ် လိုက်သော အညစ်အကြေးများကိုလည်း မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။ ဥပမာ-ကြက်ချေး၊ ဘဲချေးနှင့် လင်းနို့ချေး တို့ဖြစ်သည်။
သဘာဝမြေသြဇာ နောက်တစ်မျိုးမှာ တီကောင်စွန့်ပစ်မြေသြဇာ (Vermicom-post- ဗာမီကွန်ပို့စ်ထ်) ဖြစ်သည်။ တီကောင်သည် မြေဆီမြေနှစ်များ၊ အပင် ၏ အစိတ်အပိုင်းများနှင့် လူသားတို့ စားပြီးသော စားကြွင်းစားကျန်များကို စားသုံးကာ ထိုသို့စားသုံးပြီးပါက တီကျစ် စာများကို ပြန်လည်စွန့်ထုတ်လေ့ရှိသည်။ ထိုတီကျစ်စာခဲများတွင် သဘာဝအားဖြင့် အပင်အတွက်လိုအပ်သော ပိုတက်ဆီယမ် နှင့် ကယ်လ်ဆီယမ်ဓာတ်တို့အပြင် နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်တို့လည်း ပါဝင်ကြောင်း၊ အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ကြောင်း သိရသည်။
အော်ဂဲနစ်စိုက်ပျိုးခြင်း
ဓာတုဆေးမသုံးဘဲ သဘာဝမြေသြဇာ ကို အသုံးပြု၍ စိုက်ပျိုးခြင်းကို အော်ဂဲနစ် စိုက်ပျိုးခြင်းဟု ခေါ်ကြပါသည်။ စာရေးသူ တို့နိုင်ငံသည် စိုက်ပျိုးရေးကို စီးပွားရေး တစ်ခုသဖွယ် ပြုလုပ်နေကြသဖြင့် ဓာတ်မြေသြဇာကို အသုံးပြုလျက်ရှိပါ သည်။ စပါးစိုက်ပျိုးရာတွင်လည်း ဓာတ်မြေသြဇာကို လူတိုင်းလိုလို အသုံးပြုနေကြသည်မှာ တစ်နိုင်ငံလုံး အတိုင်းအတာပင်ဖြစ်သည်။ စပါးအထွက် နှုန်းကောင်းမွန်စေရန် ဓာတ်မြေသြဇာနှင့် အခြားသော အထွတ်တိုးမြေသြဇာများ၊ ဓာတုပိုးသတ်ဆေးများကို အသုံးပြုလေ့ ရှိကြသည်။ မြန်မာနိုင်ငံတွင် ဓာတု ပိုးသတ်ဆေးများကို တွင်ကျယ်စွာ အသုံး ပြုလျက်ရှိပြီး ဓာတုပိုးသတ်ဆေးအစား အော်ဂဲနစ်ပိုးသတ်ဆေးများကို အသုံးပြု သင့်ပါသည်။
အော်ဂဲနစ်ပိုးသတ်ဆေးများ
အော်ဂဲနစ်ပိုးသတ်ဆေး အမျိုးမျိုး ကို ဒေါက်တာခင်မောင်လွင်၏ စာအုပ် မှ အနည်းငယ် ထုတ်နုတ်ဖော်ပြချင်ပါ သည်။ အော်ဂဲနစ်ပိုးသတ်ဆေးများမှာ အပင်မှရသောပိုးသတ်ဆေး (Phyto-insecticide)၊ ကြက်သွန်ဖြူ ပိုးသတ် ဆေးရည် (Garlic insecticide)၊ ငရုတ် ပိုးသတ်ဆေးရည် (Chilli insecticide)၊ တမာပိုးသတ်ဆေးရည် (Neem insecticide) စသည်တို့ ဖြစ်ပါသည်။
ကြက်သွန်ဖြူ ပိုးသတ်ဆေးသည် ပုရွတ်ဆိတ်၊ ပိုးတုံးလုံး၊ ပက်ကျိနှင့် အခြား သော သီးနှံဖျက်ပိုးများကို သေစေနိုင်ပါ သည်။ ငရုတ်ပိုးသတ်ဆေးသည်လည်း ကြက်သွန်ဖြူ ပိုးသတ်ဆေးရည်နည်းတူ သီးနှံဖျက်ပိုးများကို သေစေနိုင်ကြောင်း သိရသည်။ အပြည့်အစုံကို သိလိုပါက ဒေါက်တာခင်မောင်လွင်၏ အော်ဂဲနစ် စိုက်ပျိုးရေးစာအုပ်တွင် လေ့လာနိုင်ပါ သည်။
ဓာတုမြေဩဇာနှင့် ဓာတုပိုးသတ် ဆေးများသည် အပင်အသီးနှင့် အထွက် နှုန်းကို ကောင်းစေသော်လည်း ရေရှည် စားသုံးပါက ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါသည်။ ထို့ကြောင့် ယနေ့ကမ္ဘာနိုင်ငံ များသည် သဘာဝမြေသြဇာကို အသုံးပြု လျက် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးလာခဲ့ကြပါသည်။ ဒေသအလိုက် အော်ဂဲနစ်စိုက်ပျိုးမှုမှာ သြစတြေးလျ နိုင်ငံတွင် ၃၈ ရာခိုင်နှုန်း၊ အာရှနိုင်ငံများ တွင် ၉ ရာခိုင်နှုန်း၊ ဥရောပနိုင်ငံများတွင် ၂၃ ရာခိုင်နှုန်း၊ မြောက်အမေရိကနိုင်ငံ များတွင် ၇ ရာခိုင်နှုန်း၊ အာဖရိကနိုင်ငံ များတွင် ၃ ရာခိုင်နှုန်း၊ လက်တင် အမေရိကနိုင်ငံများတွင် ၂၀ ရာခိုင်နှုန်း ရှိပါသည်။၁၉၉၀ ပြည့်နှစ်မှစ၍ ၂၀၁၄ ခုနှစ် အထိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အော်ဂဲနစ် ဖြင့်စိုက်ပျိုးခဲ့ရာ အော်ဂဲနစ်စိုက်ပျိုးမြေ ဧက ၄၃ ဒသမ ၇ သန်းရှိကြောင်းလည်း သိရသည်။
သဘာဝမြေသြဇာကိုသုံးစွဲ၍ အော်ဂဲနစ် နည်းဖြင့်စိုက်ပျိုးခြင်းသည် လူသားနှင့် သက်ရှိတို့အတွက် လွန်စွာအကျိုးများပါ သည်။ ထို့ပြင် စိုက်ပျိုးမြေကိုလည်း မြေဆီသြဇာကြွယ်ဝစေ၍ မြေဆီလွှာ ပျက်စီးခြင်း မရှိတော့ပေ။
ဓာတုပိုးသတ်ဆေးများ၏ ဆိုးကျိုး
ယနေ့ခေတ် လယ်ယာမြေများသည် ယခင်ကထက် မြေဆီသြဇာကြွယ်ဝမှု နည်းပါးလာပါသည်။ ထိုအခါ အပင် ကြီးထွားနှုန်းနှင့် အသီးအနှံအထွက်နှုန်း လည်း လျော့ကျလာပါသည်။ ထို့ကြောင့် အထွက်နှုန်းကောင်းစေရန် ဓာတု ဓာတ်မြေသြဇာများကို အသုံးပြု၍ Chemical နည်းဖြင့် စိုက်ပျိုးကြလေသည်။ ဓာတုပိုးသတ်ဆေးရည်များကို အသုံးပြု လာခြင်း၊ ပေါင်းသတ်ဆေးနှင့် မြက်သတ် ဆေးများကို သုံးစွဲလာခြင်းကြောင့် မြေဆီလွှာပျက်စီးရုံသာမက ထိုဆေးရည် များသည် မြေကြီးအတွင်း စိမ့်ဝင်နေကာ မိုးရွာသွန်းပါက မိုးရေနှင့်အတူ မြစ်ချောင်းအတွင်း ရောက်ရှိသွားပြီး ထိုရေကို သောက်သုံးပါကလည်း ကျန်းမာရေးကိုထိခိုက်စေသလို ရေနေ သတ္တဝါလေးများကိုလည်း သေကျေ ပျက်စီးစေနိုင်ပါသည်။ ဓာတုဆေးရည် များသည် မြေထုကို ညစ်ညမ်းစေရုံသာမက လေထုနှင့် ရေထုကိုပါ ညစ်ညမ်းစေပါ သည်။
အပင်များသည် မြေဆီလွှာပေါ် မှာကြီးထွားကြခြင်းသာဖြစ်ရာ မြေဆီ လွှာကောင်းပါက မည်သည့်ဓာတု ဓာတ်မြေသြဇာမှ သုံးစရာမလိုပေ။ ဓာတုမြေသြဇာသုံးလေ မြေဆီပျက် လေလေ၊ မြေဆီလွှာပျက်လေလေ၊ ဓာတု ဓာတ်မြေသြဇာသုံးရလေလေ သံသရာ လည်နေပေလိမ့်မည်။ နောက်ဆုံးတွင် မြေဆီလွှာပျက်စီးပြီး မည်သည့်အပင်မှ စိုက်ရမည်မဟုတ်တော့ပေ။
မြေဆီလွှာထိန်းသိမ်းရေးကို ရှေးရှု၍
သဘာဝမြေသြဇာနှင့် အော်ဂဲနစ် ပိုးသတ်ဆေးကို အသုံးပြုစိုက်ပျိုးပါက မိမိစားသုံးသော အစားအစာများတွင် ဓာတုပိုးသတ်ဆေး ကင်းသည့်အတွက် ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါ သည်။ သဘာဝမြေသြဇာကိုအသုံးပြု၍ အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးသော အသီးအနှံများသည် အာဟာရဓာတ် ပိုမို ကြွယ်ဝစွာ ပါဝင်သည်။ ထို့ပြင် မြေဆီလွှာကိုလည်း ကာကွယ်ပေးပါ သည်။ ထို့ကြောင့် ကျန်းမာရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးကို ရှေးရှု၍ ဓာတုဓာတ်မြေသြဇာ အသုံးပြုသော Chemical စိုက်ပျိုးနည်းမှ သဘာဝ မြေသြဇာကိုအသုံးပြုသည့် အော်ဂဲနစ် နည်းဖြင့် စိုက်ပျိုးရေးကို ကူးပြောင်းသင့် ပါကြောင်း ရေးသားတင်ပြလိုက်ပါ သည်။ ။