သဘာဝမြေဩဇာစက်ရုံများ ထူထောင်လုပ်ကိုင်လာကြစေရန် အားပေးပြီး နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ၂၄


မြေဩဇာကော်မတီ၏ အကြိမ်(၄၀)မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ   မြေဩဇာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့်  မြေဩဇာကော်မတီအဖွဲ့ဝင်များ၊   မြေဩဇာကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြသည်။ 


အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဓာတ်မြေ ဩဇာဈေးနှုန်းများ  ကြီးမြင့်လာမှုကြောင့် တောင်သူ များ  အရည်အသွေးပြည့်ဝသော   မြေဩဇာများကို သုံးစွဲနိုင်ရန်၊ စိုက်ပျိုးထုတ်လုပ်မှု  လျော့နည်းမသွား စေရန် ကြိုးပမ်းလျက်ရှိနေကြကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း   စိုက်ပျိုးရေးလုပ်ငန်းတွင်   ရင်းနှီး မြှုပ်နှံမှုပိုမိုတိုးတက်စေရန်နှင့်   သွင်းအားစုကို ထိထိ ရောက်ရောက်အသုံးပြုနိုင်ရန်၊  မြေဆီလွှာကျန်းမာ ရေးကို ရေရှည်ကောင်းမွန်တိုးတက်စေရန်  ၊ သဘာဝ ပတ်ဝန်းကျင်နှင့်  လိုက်လျောညီထွေသော စိုက်ပျိုး ထုတ်လုပ်မှုဖြစ်စေရန်တို့အတွက်   ဓာတ်မြေဩဇာ နှင့် သဘာဝမြေဩဇာများကို အချိုးကျ ပေါင်းစပ်သုံးစွဲ ရေး၊  သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲရေး၊ နေရာဒေသ နှင့်    သီးနှံပုံစံကိုလိုက်၍    ဘက်စုံအပင်အာဟာရ စီမံခန့်ခွဲခြင်းနည်းလမ်းများ       တောင်သူ့လက်ဝယ် ရောက်ရှိရေး   စသည့်   နည်းပညာပေးလုပ်ငန်းများကို အရှိန်မြှင့်တင်      ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များကိုလည်း  သဘာဝမြေဩဇာစက်ရုံ များ ထူထောင်လုပ်ကိုင်လာကြစေရန်  အားပေးပြီး နိုင်ငံခြားငွေသုံးစွဲမှု   လျှော့ချနိုင်ရေးကို  ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ   မိမိတို့ကော်မတီအနေဖြင့် အပင်အာဟာရ မျှမျှတတရစေမည့် သွင်းအားစုများ အသုံးပြုနိုင်ရေး၊    ရေရှည်တည်တံ့သော   စိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးလာစေရေးအတွက်   သက်ဆိုင်ရာ ကဏ္ဍများက   စိစစ်ကြပ်မတ်ပေးကြစေလိုကြောင်း  ပြောကြားသည်။


ဆက်လက်၍   မြေဩဇာကော်မတီ    တွဲဖက် အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးရမည့် လုပ်ငန်းများတင်ပြရာ   အစည်းအဝေးတက်ရောက် လာကြသူများက လုပ်ငန်းတစ်ခုချင်းအပေါ် ဆွေးနွေး ဆောင်ရွက်ကြသည်။


မြေဩဇာကော်မတီ၏    (၃၈)ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည်အထိ မြေဩဇာ မှတ်ပုံတင် စုစုပေါင်း  ၁၀၅၉၇  စောင် ကို  ခွင့်ပြုပေးနိုင်ခဲ့ပြီးဖြစ်ပြီး ယနေ့အစည်းအဝေးတွင် မြေပြုပြင် မြေဩဇာအဖြစ် တင်သွင်းခွင့်   လျှောက်ထားလာသောကိစ္စရပ်များ၊ ဆောင်းသီးနှံနှင့် နွေသီးနှံများအတွက် လိုအပ်လျက် ရှိသော  ကွန်ပေါင်းဓာတ်မြေဩဇာ  တင်သွင်းခွင့်ပြု နိုင်ရေး၊   ရာသီချိန်မီ    စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်     တောင်သူများ    လိုအပ်လျက် ရှိသည့်   မြေဩဇာများတင်သွင်းနိုင်ရန်   ကြိုတင် ခွင့်ပြုမိန့်ပေးထားခြင်းအပေါ်      အတည်ပြုပေးရေး ဆိုင်ရာကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြကြောင်း  သိရ သည်။   


သတင်းစဉ်