သဘာဝအလှနှင့် ဇီဝမျိုးစုံ မျိုးကွဲများ စုံလင်ရာ အာဆီယံ အမွေအနှစ် အင်းလေးကန် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေး

Type
99

 

မောင်မော်(သတ္တဗေဒ)
 

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်ရှိ အင်းတော်ကြီးအိုင်ပြီးလျှင် ဒုတိယအကြီးဆုံး ကုန်းတွင်း ရေကန်ကြီးဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ရေတိမ်ဒေသကြီးများတွင်  ပါဝင်သော  အာဆီယံ၏  ယဉ်ကျေးမှုအမွေအနှစ်အဖြစ်  သတ်မှတ်ခံရသော  သဘာဝရေအိုင်များရှိ ဇီဝမျိုးစုံ မျိုးကွဲများ  ရှင်သန်ပေါက်ဖွားလျက်ရှိသဖြင့်  စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

 


အင်းလေးကန်၏  ရေဝေရေလဲ  ဧရိယာသည်  ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊  ရပ်စောက်မြို့နယ်၊    ဖယ်ခုံ မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ ကန်အတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားတို့၏ ထူးခြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ စိတ်ဝင်စား ဖွယ်ကောင်းသည့်   ပထဝီဝင် အနေအထား၊   သာယာလှပသည့် ရှုမျှော်ခင်းများ၊ သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများ  တည်ရှိခြင်း၊ လက်မှုအနုပညာများနှင့် ဒေသထုတ်ကုန်များအပြင် နိုင်ငံတော်၏ အဓိက  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ    လောပိတမဟာရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏  ရေအရင်းအမြစ်  ဖြစ်သောကြောင့် အင်းလေးကန်ဒေသသည် မြန်မာနိုင်ငံ၏ ထင်ရှားအရေးပါသော ဒေသ တစ်ခု ဖြစ်ပါသည်။

 


အင်းလေးကန်သည် လွန်ခဲ့သော နှစ်ပေါင်း  ၆၅၀ ကျော်အတွင်း သဘာဝကျောက်ပြို ရေကန်မှ ကျောက်ပျော် ရေကန်သို့ ပြောင်းလဲလာခဲ့ သော သဘာဝရေကန်ကြီးဖြစ်သည်ဟူ၍လည်းကောင်း၊  ဘူမိဗေဒ ပညာရှင်များ၏    အဆိုအရဆိုလျှင်    ရှမ်းကုန်းမြေမြင့်ဒေသသည် ထုံးကျောက်များ ပေါကြွယ်ရာ ဒေသဖြစ်သဖြင့် မိုးများ အဆက်မပြတ် ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ပျော်ဝင်ကန်ဖြစ်သည်ဟုလည်းကောင်း ဆိုကြသည်။ တချို့သော ဘူမိဗေဒပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက် များကို ရေတိုက်စားခြင်းခံရသောနေရာများတွင် ချိုင့်ဝှမ်းဖြစ်ပေါ်လာ သော ထုံးကျောက်အိုင်ဟူ၍လည်း ဆိုကြသည်။   တစ်ဖန်  တချို့သော  ပညာရှင်များက အင်းလေးကန်၏ တစ်ဖက်တစ်ချက်ရှိ အက်ကြောင်း ကြီးနှစ်ခု၏အလယ်ထုအောက်သို့ လျော့ကျမှုကြောင့် ထုပြတ်ရွေ့ ဖြစ်ပေါ်လာသော ရေအိုင်ဟူ၍လည်း ဆိုကြသည်။

 


အင်းလေးဟူသောအမည် ဖြစ်ပေါ်လာမှု


အင်းလေးဟူသောအမည် ဖြစ်ပေါ်လာမှုနှင့် ပတ်သက်၍  အမျိုးမျိုး ကွဲပြားလျက် ရှိနေပေသည်။  အချို့ကမူ ရှမ်းပြည်နယ်ရှိ အင်းလေးကန် သည်   ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်ထက်  ငယ်သောကြောင့်  အင်းကလေးဟု ခေါ်ကြရာမှ အင်းလေးဖြစ်လာသည်ဟူ၍ လည်းကောင်း၊  အချို့ကမူ   အင်း(၄)ရွာ (အင်းလေးရွာ) အမည်တွင်ခဲ့ရာမှ   ရွာဟူသော အမည်နာမကို ဖြုတ်ပယ်၍ခေါ်သောကြောင့်  အင်း(၄) ( အင်းလေး)  ဖြစ်လာသည်   ဟူ၍လည်းကောင်း ဆိုကြသည်။ ရှမ်းပြည်နယ်ကို ခရစ်နှစ် ၁၈၈၇ ခုနှစ် ဗြိတိသျှတို့ သိမ်းယူပြီးကာလတွင် အင်းလေးဟု စတင်ခေါ်ဝေါ်သူမှာ ဗြိတိသျှနိုင်ငံသား ( Gazetteer of upper Burma and Shan State ) ရေးသားသူ (Ja Scott) ဂျေဂျီစကော့ (ခေါ်) ဆာကေစတာ(ခေါ်)  ဦးရွှေရိုး ဖြစ်သည်။ စကော့သည်  ၁၈၈၇ ခုနှစ် ဖေဖော်ဝါရီမှစ၍  ရှမ်းပြည်နယ်    နိုင်ငံရေးအရာရှိ၊ ရှမ်းပြည်နယ်    အုပ်ချုပ်ရေးအရာရှိတာဝန်  ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းမှတ်တမ်းတွင် ( Inleywa ) ဟု ရေးသားမှတ်သားရာမှ ၁၈၈၇ ခုနှစ် မေ၂၃ ရက်မှစ၍ (Inle) ဟု ပြောင်းလဲရေးသားခဲ့ပြီး ၂၀ ရာစု ခေတ်ဆန်းကာလမှစ၍ အင်းလေးဟုသာ သုံးနှုန်းခေါ်ဝေါ်လာခဲ့ပါသည်။
အချို့ကမူ   သက္ကရာဇ် ၁၆၃၇ ခုနှစ်တွင် သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိ  မြို့ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင်   အင်း(၄)ရွာဟူ၍ ဖော်ပြရာမှ  အင်းလေးဖြစ်လာသည်   ဟူ၍လည်းကောင်း၊ အချို့ကမူ   သာလွန်မင်းတရားကြီး  လက်ထက်တော်တွင်  ထုတ်ပြန် သော  အမိန့်တော်နှင့်  စစ်ချက်စစ်တမ်းတစ်ခု၌  ရွှေ၊   ငွေ၊   သစ်စေး   အခွန်တော်   ပေးဆက်ရသည့်     နယ်စာရင်းတွင် အင်းလေးဒေသ  အမည်ကို အင်းလေးဟူ၍  သုံးစွဲခဲ့ရာမှ  အင်းလေးဖြစ်လာသည်  ဟူ၍ လည်းကောင်း   အမျိုးမျိုးကွဲပြားစွာ ပြောဆိုရေးသားခဲ့ကြပါသည်။  

 


မြန်မာဘုရင်များ   အုပ်ချုပ်စဉ်ကာလက  ရှမ်းပြည်နယ် မြေလတ် ဒေသတွင် စီးပွားရေးလုပ်ငန်းများအလိုက် ကျေးရွာအုပ်စုများ   စုစည်း ထားရာ၌ ဘော်(၄၄) ရွာ၊  ငွေခွန် (၉) ရွာ၊  အင်း(၄)ရွာ စသည်ဖြင့် ခေါ်ဝေါ် သတ်မှတ်ထားသည်ကို တွေ့ရသည်။   ထို့ပြင်  မြန်မာသက္ကရာဇ်  ၁၁၆၄ ခုနှစ်  အင်းဝ စစ်တမ်းပုရပိုက်တွင် အင်း (၄) ရွာ  ငွေခွန်မှူး  ငစံတင် အုပ်ချုပ်စီရင်ရသည် ဟူ၍    ရေးသားဖော်ပြထားခဲ့ပါသည်။   သက္ကရာဇ်  ၁၁၅၄ - ၁၁၆၄ ခု  အင်းလေးရွာ   စစ်တမ်းဟူ၍လည်း ကောင်း၊ သက္ကရာဇ် ၁၂၄၀ ပြည့်နှစ် ရတနာပုံခေတ်တွင်  အင်းမြို့ဟူ၍ လည်းကောင်း သုံးနှုန်းထားသည်။
မြန်မာမင်းများ   လက်ထက်အုပ်ချုပ်ရေးဆိုင်ရာ    အခေါ်အဝေါ် များတွင် အင်းလေးရွာဟူ၍  မှတ်တမ်းရှိခဲ့သဖြင့်  အင်း(၄)ရွာကို    အစွဲပြုလိမ့်မည်ဟူ၍ ယူဆရပါသည်။ ရှေးမြန်မာမင်းများ လက်ထက် ကတည်းက   အင်းဒေသကို အင်း(၄)ရွာဟု ခေါ်ဝေါ် သမုတ်ခဲ့ကြောင်းကို ပေမူအထောက်အထားများအရ သိရှိခဲ့ရပါသည်။ ထို့ကြောင့်  အင်းလေး ဟူသောအမည်မှာ အင်းဒေသတွင်   ရွာကြီးလေးရွာကို စတင်ခဲ့သည့်   အချိန်မှစ၍  သမိုင်းထင်ရှားခဲ့သည်ဟူသော ယူဆချက် ထင်မြင်ချက် သည်   နီးစပ်မှုရှိပြီး အဓိပ္ပာယ်ဆက်စပ်မှု လည်း ရှိပါသည်။ အင်း(၄)ရွာကို စတင်ခဲ့သော ရွာကြီး(၄)ရွာမှာ ဝမ့်လုံရွာ(ခေါ်) ရွာကြီး၊ ဗန်ပုံရွာ (ရွာကြီး)၊ နမ့်ပန်ရွာ၊ နောင်တောရွာ (ခေါ်) နောင်တောင်းရွာနှင့် ဟိုင်းယ(ခေါ်) ဟဲယာရွာမတို့ပင် ဖြစ်ကြပါသည်။

 


လူဦးရေနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ


အင်းလေးဒေသတွင်    ကျေးရွာအုပ်စုပေါင်း ၃၄ အုပ်စု၊ ကျေးရွာ ပေါင်း ၄၃၄ ရွာတွင် လူဦးရေ ၁၈၇၀၀၀ ကျော် နေထိုင်လျက်ရှိပါသည်။ ရှေးယခင်ကာလများကတည်းကပင်     အင်းသားများသည်   ငါးဖမ်း လုပ်ငန်းနှင့်အတူ ရေခြံစိုက်ပျိုးရေးလုပ်ငန်း၊ ပန်းထိမ်၊    ပန်းပဲနှင့် ရက်ကန်းလုပ်ငန်း   အစရှိသော အခြားအိမ်တွင်းမှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။
အင်းလေးဒေသ၏ မြေမျက်နှာသွင်ပြင်အမျိုးအစားနှင့် 
ယေဘုယျအခြေအနေ
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော ရှမ်းကုန်းမြေမြင့်ရေပြင် တစ်ခုဖြစ်သည့် အင်းလေးကန်သည် အရှေ့တောင်အာရှရှိ အကြီးဆုံး ကုန်းတွင်း ရေတိမ်ဒေသကြီးများစာရင်း၌ တစ်ခုအပါအဝင် ဖြစ်ပါ သည်။ ယခုလက်ရှိ တိုင်းတာချက်အရ အင်းလေးကန်မှာ အလျား ၁၇ ဒသမ ၇ ကီလိုမီတာ၊ အနံ ၆ ဒသမ ၄၃ ကီလိုမီတာ ရှိကြောင်း သိရှိ ရသည်။
အင်းလေးကန်သည် ပင်လယ်ပြင်အထက်အမြင့်ပေ ၂၉၀၀ ခန့် (မီတာ ၈၈၀ ခန့်)တွင်ရှိပြီး ၁၉၅၈ ခုနှစ် သုတေသီတစ်ဦး၏ သုတေသန စာတမ်းအရ ရေမျက်နှာပြင် အကျယ်အဝန်းအားဖြင့် ၁၁၆ စတုရန်း ကီလိုမီတာခန့်ရှိပြီး မိုးတွင်းကာလတွင် ရေအနက်မှာ လေးမီတာ၊ နွေရာသီကာလတွင်  ရေအနက်မှာ ၁ ဒသမ ၅၂ မီတာသာ  ကျန်ရှိ ကြောင်း သိရှိရသည်။

 


မြစ်နှင့်ချောင်းများ 


အင်းလေးကန်ပတ်ဝန်းကျင်တွင်    ရေဝေရေလဲ   ဧရိယာများသည်   လွင်ပြင်နည်းပါးပြီး   တောင်ကုန်းတောင်စောင်းများသာ   ဖြစ်ပါသည်။     မြေအမျိုးအစားများမှာ ရေတိုက်စားလွယ်သော မြေနီ၊    မြေခေါင်းပွနှင့်  ထုံးကျောက်၊ ယှေလကျောက်၊   ရွှံ့စေးမြေများ   ပါဝင်ပါသည်။   မူလ က သစ်တောဖုံးလွှမ်းခဲ့သည့်   တောင်များသည်  တောင်ယာခုတ်ထွင်   ရှင်းလင်းထွန်ယက် စိုက်ပျိုးခြင်းကြောင့်  အပေါ်ယံမြေလွှာများ  အချပ် လိုက်တိုက်စားခြင်းနှင့်  ကမ်းပါးပြိုတိုက်စားခြင်းများ ဖြစ်ပေါ်လျက် အချို့နေရာများတွင် ကျောက်တောင်၊ သဲတောင်များ ဖြစ်ပေါ်နေသည် ကို တွေ့ရှိရသည်။
အင်းလေးကန်အတွင်းသို့   ချောင်းငယ်များအပါအဝင်  အရှေ့ဘက် မှ ၁၇ ချောင်း၊  အနောက်ဘက်မှ ၁၁ ချောင်း၊ မြောက်ဘက်မှတစ်ချောင်း စုစုပေါင်းချောင်း ၂၉ ချောင်း   စီးဝင်လျက်ရှိပါသည်။    အရှေ့ဘက် တောင်ကြောသည်    ကန်နှင့်ကပ်လျက်   တောင်မြောက် အလျားလိုက် တည်ရှိနေသဖြင့်   ရေဝေရေလဲ   ဧရိယာကျဉ်းမြောင်းပြီး ချောင်းများ  တိုတောင်းကာ ရေစီးဝင်အား   နည်းပါးသည်ကို   တွေ့ရှိရသည်။ မြောက်ဘက်မှစီးဝင်သော   နမ့်လတ်ချောင်း၊  အနောက်ဘက်မှ စီးဝင် သော နယ်ခြားချောင်း၊   ကလောချောင်းနှင့်  ဘီလူးချောင်းတို့သာ ရာသီမရွေး စီးဝင်နေပြီး    ကျန်ချောင်းများမှာ   မိုးရာသီကာလတွင်သာ   ရေစီးဝင်ကြောင်း  လေ့လာတွေ့ရှိရသည်။     ဂြိုဟ်တုဓာတ်ပုံများကို  လေ့လာရာတွင် ရေပယ်ချောင်း(နယ်ခြားချောင်း)၊ သန်းတောင်ချောင်း (ကလောချောင်း)နှင့်  အင်းတိန်ချောင်း(အထက်ဘီလူးချောင်း)တို့ စီးဝင်ရာဒေသများသည်  ကန်ရေပြင်သို့    နုန်းအနည်  အများဆုံး  တိုးဝင်ဖုံးလွှမ်းနေကြောင်း တွေ့ရှိရသည်။   
အင်းလေးကန်အတွင်းသို့  အရှေ့ဘက်တောင်တန်းများမှ    စီးဝင် သောချောင်း ၁၇ ချောင်း၊ (ရေဆင်းဧရိယာ ၁၄၆ စတုရန်းမိုင်)၊ အနောက် ဘက် တောင်တန်းများမှ စီးဝင်သော ချောင်း ၁၁ ချောင်း၊  (ရေဆင်း ဧရိယာ ၇၄၈ စတုရန်းမိုင်)၊ မြောက်ဘက်မှစီးဝင်သော  ချောင်းတစ် ချောင်း၊  (ရေဆင်းဧရိယာ ၅၂၈ စတုရန်းမိုင်)၊    စုစုပေါင်းချောင်း ၂၉ ချောင်းမှ   ရေဆင်းဧရိယာစုစုပေါင်း ၁၄၂၂   စတုရန်းမိုင် ရှိပါသည်။

 


၁၉၈၉ ခုနှစ်တွင်   အင်လေးကန်အတွင်း ရေနည်းပါးလာသဖြင့်  ညောင်ရွှေမြို့မှ အင်းလေးကန်ဝအထိ  လက်ရှိအသုံးပြုနေသော နန့်ကတ်ချောင်းရေလမ်းကြောင်းမှာ   သဲနုန်း များ   ပို့ချမှုကြောင့်  တိမ်ကောလာ၍     ရေလမ်းခရီး အခက်အခဲရှိကြောင်း သိရသည်။   ရှမ်းပြည်နယ်   ငြိမ်ဝပ်ပိပြားမှု   တည်ဆောက်ရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် အင်းလေးကန်သာယာလှပရေးနှင့်စက်လှေများ  ရာသီမရွေး သွားလာနိုင်ရေးအတွက်   နန့်ကတ်ချောင်းအပါအဝင် ရေလမ်းကြောင်းများ    တူးဖော်ခြင်းလုပ်ငန်းကို   ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အင်းလေးကန်အတွင်း စတင် ဆောင်ရွက်ခဲ့သည်။  ၁၉၈၉ ခုနှစ်  ဇွန်လအတွင်း  နန့်ကတ်ချောင်းရေ လမ်းကြောင်း     ပြုပြင်တိုင်းတာခြင်းလုပ်ငန်းကို       ရှမ်းပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ သည်။ ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်၍  ယခုအချိန်ထိ ရေလမ်း ကြောင်းတူးဖော်ခြင်းလုပ်ငန်းကို  ဆောင်ရွက်လျက်ရှိပါသည်။

 


အင်းလေးကန်အကျယ်အဝန်းနှင့် မြေအသုံးချမှုအခြေအနေ


အင်းလေးကန်   အကျယ်အဝန်းမှာ ၂၀၀၇ ခုနှစ်က   ၁၆၃ ဒသမ၂ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းခဲ့ပြီး   လက်ရှိအချိန်တွင်  မိုးရာသီ ကာလတွင် ဧရိယာ ၆၃ စတုရန်းမိုင် ကျယ်ဝန်းပြီး နွေရာသီကာလတွင်  ၄၈ စတုရန်းမိုင် ကျယ်ဝန်းသည်။ အင်းလေးကန်သည် သဘာဝဝန်းကျင် အနေအထား ပြောင်းလဲလာမှု၊ ရာသီဥတုပြောင်းလဲလာမှု ဖြစ်စဉ်များ   ဆက်တိုက်ဖြစ်ပေါ်နေမှု၊   ရေဝေရေလဲဧရိယာအတွင်း  မြေယာအသုံးချမှု ပုံစံ ပြောင်းလဲလာမှုတို့ကြောင့်  မူလက  ၁၀၄  စတုရန်းမိုင်အထိ ကျယ်ဝန်းခဲ့ရာမှ  စိုက်ခင်းများ   များပြားလာမှုတို့ကြောင့် ၂၀၀၇ ခုနှစ် ဧပြီလအတွင်း တိုင်းတာချက်အရ လက်ရှိနယ်နိမိတ်ဧရိယာသည် ၆၃ စတုရန်းမိုင် တည်ရှိကြောင်း အောက်ပါအတိုင်း တိုင်းတာတွေ့ရှိရ သည်။ 
(က)    အင်းရေပြင်ဧရိယာ    ၂၄    စတုရန်းမိုင်                                            
(ခ)     ကျွန်းမျောရိုင်းဧရိယာ     ၁၃    စတုရန်းမိုင်
(ဂ)     ကျွန်းမျောစိုက်ခင်းဧရိယာ    ၁၅    စတုရန်းမိုင်
(ဃ)     လူနေထိုင်သည့်ဧရိယာ     ၃     စတုရန်းမိုင်
(င)     စိုက်ပျိုးမြေဧရိယာ     ၈     စတုရန်းမိုင်
    စုစုပေါင်း    ၆၃    စတုရန်းမိုင်
တောအမျိုးအစားနှင့် သဘာဝတောအခြေအနေ
အင်းလေးကန်၏   ရေဝေရေလဲဧရိယာအတွင်းရှိ   သဘာဝတောများ သည်  ဒေသနှင့် အမြင့်ပေအလိုက်    တောအမျိုးအစား ကွဲပြားလျက် ရှိပြီး    အမြင့်ပေ ၄၀၀၀ ပတ်ဝန်းကျင်တွင်  ထင်ရှူးတောများ၊  အသင့် အတင့်မြင့်သောတောင်ကုန်းများတွင်  တောင်ပေါ်ရွက်ပြတ်တော များနှင့်   မြေနိမ့်ပိုင်းများတွင် အင်းတိုင်တောခြောက်များ တွေ့ရှိရ သည်။   အများအားဖြင့် သဘာဝတောများသည် ဓမ္မတာမျိုးဆက်မှု အခြေအနေ    အသင့်အတင့်ကောင်းမွန်၍   ဒေသခံပြည်သူများ အကူအညီဖြင့် ကာကွယ်ထိန်းသိမ်းပေးလျှင် သဘာဝတောတောင်များ အဖြစ် ပြန်လည်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်။

 


အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး 
အမျိုးအစား သတ်မှတ်ခြင်း


သစ်တောဦးစီးဌာနနှင့် အောက်ဖော်ပြပါ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှာလည်း အင်းလေးကန်ဒေသကို     ထိန်းသိမ်း စောင့်ရှောက်ရန် အလို့ငှာ  အောက်ဖော်ပြပါအတိုင်း  အမျိုးအစား သတ်မှတ်စာရင်းသွင်းထားရှိပြီး ဖြစ်သည်။
အထက်ဖော်ပြပါ သတ်မှတ်ထားရှိမှုအရ   အင်းလေးကန်ကြီး ရေရှည်တည်တံ့    စိမ်းလန်းစိုပြည်စေရေးအတွက်   ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့က နှစ်ရှည်၊ နှစ်တိုစီမံကိန်းများ သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ငါးလုပ်ငန်းဦးစီးဌာန၊ သဘာဝသားငှက်နှင့် တိရစ္ဆာန်များထိန်းသိမ်းရေး အဖွဲ့(Wildlife Conservation Society)၊   တောင်ကြီးတက္ကသိုလ် သတ္တဗေဒဌာနတို့က အင်းလေးကန်အတွင်းရှိ ဇီဝမျိုးစုံ၊ မျိုးကွဲများကို စစ်တမ်းများ ကောက်ယူ ထိန်းသိမ်းရေး၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
အင်းလေးကန် တိရစ္ဆာန်ဘေးမဲ့တောသည်  ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၉၅၀ တွင်   တည်ရှိပါသည်။  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်းရှိ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်းတည်ရှိပါသည်။ အကျယ်အဝန်းမှာ ၁၃၁၈၈၇ ဒသမ ၇၇ ဧက၊ ၂၀၆ ဒသမ ၀၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။

 


ငါးသယံဇာတအခြေအနေ


အင်းလေးနေပြည်သူများ၏ လူဦးရေတိုးပွားများပြားလာခြင်းနှင့်  ဒေသဖွံ့ဖြိုးလာခြင်းများ သည်လည်း အာရုံစိုက်စရာ အခြေအနေတစ်ခု  ဖြစ်လာပြီး ငါးရှာဖွေသည့် လူအင်အားသည်လည်း ဆတက်တစ်ပိုး များပြားလာကာ  သမားရိုးကျ   ငါးရှာဖွေသည့်နည်းလမ်းများအပြင် တရားမဝင်နည်းလမ်းများ (ဥပမာ။ ဘက်ထရီရှော့တိုက်ခြင်း)အသုံးပြု၍ ငါးအလွန်အကျွံ ဖမ်းဆီးလာကြပါသည်။  ရာသီဥတုပြောင်းလဲလာ ခြင်း၊  စိုက်ပျိုးရေး ရေခြံလုပ်ငန်းတွင် အသုံးပြုသောပိုးသတ်ဆေး၊   ပေါင်းသတ်ဆေး၊   ဓာတ်မြေဩဇာနှင့် ရက်ကန်းရုံများမှ  အသုံးပြုလာ သော ဓာတုဆိုးဆေးနှင့် ပတ်ဝန်းကျင်ဆိုင် ရာ   အကျိုးသက်ရောက်မှုများ ကြောင့်    အင်းလေးကန်အတွင်းရှိ တိုင်းရင်းငါးမျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်ခြင်းနှင့်ငါးဖမ်းဆီးရရှိမှုမှာ ယခင်ကာလများထက် သိသာ ထင်ရှားစွာလျော့နည်းလာခဲ့ပါသည်။ 
မြင့်မားသော တောင်တန်းများဖြင့် တစ်ဖက်ကမ်းခတ်ထားသော ကန်ကြီးသည် ကမ္ဘာပေါ်၌ အခြားနေရာများတွင် မတွေ့ရှိနိုင်သော ငါးမျိုးစိတ်များစွာကို  ပိုင်ဆိုင်ထားရှိပါသည်။  သစ်တောဦးစီးဌာန၊သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း   ကွင်းဆင်းသုတေသနပြုလုပ်ချက်များအရ အင်းလေးကန်၏ ဒေသရင်းငါးမျိုးစိတ် (Endemic Species) သုံးမျိုး တိုင်းရင်းငါးမျိုးစိတ် (Native Species) ၁၀ မျိုး၊ ပြင်ပငါးမျိုးစိတ် (Introduce Species) ၁၂ မျိုး စုစုပေါင်းငါးမျိုးစိတ်  ၂၅  မျိုးကို မှတ်တမ်းတင်ရရှိပါသည်။

 


အင်းလေးကန်အတွင်း ဒေသရင်းငါးမျိုးစိတ်များဖြစ်သည့် ငါးဖိန်း၊ ငါးရစ်၊ ငါးတောင်နွယ်၊ ငါးခူရှင်ဖ၊ ငါးနီစိမ်း၊ ငါးဖြူစိမ်း၊ ငါးပုတ်၊ ငါးအုံးမက်၊ ငါးသမ စသည့်ငါးမျိုးစိတ်များ ပျောက်ကွယ်လုနီးပါးရင်ဆိုင် နေရပါသည်။ 
ငါးဖမ်းလုပ်ငန်းနှင့်  ရေချိုငါးပုစွန်များ ပါဝင်သော  မြန်မာ့ကုန်းတွင်း ငါးလုပ်ငန်းထုတ်လုပ်မှုသည်   မြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးအတွက် အလွန်အရေးကြီးပါသည်။ ၂၀၀၇ မှ ၂၀၁၁ ခုနှစ် ကာလများအတွင်း ပြည်တွင်းရေချိုငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွင် မြန်မာနိုင်ငံသည်  ကုန်းတွင်းငါးဖမ်းလုပ်ငန်းဖြင့် နှစ်စဉ်ပျမ်းမျှ ၂၆ ရာခိုင်နှုန်းနှင့် ရေချိုငါးပုစွန်ထုတ်လုပ်မှုသည် ငါးနှစ်အတွင်း ကဏ္ဍ အားလုံးမှ နိုင်ငံ၏ငါးဖမ်းလုပ်ငန်း  စုစုပေါင်း၏ ၁၉ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိခဲ့သည်။

 


အင်းလေးငါးဖိန်း ( Cyprinus Fntha , Annadale 1918 ) သည် ငါးကြင်းမျိုးနွယ်ဝင် ငါးမျိုးဖြစ်ပြီး အင်းလေးကန်၏ ဒေသထွက်အစား အစာများအနက်  အဓိက နှစ်ခြိုက်စွာစားသုံးသော ရေထွက်အစားအစာ ဖြစ်သည်။ ယခုအခါ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေပြီဟု သတင်း ရရှိထားသော  IUCN List  အမျိုးအစားတွင် ပါဝင်လျက်ရှိပြီး  ယင်း မျိုးစိတ်များသည် ရေကန်၏ ကမ်းစပ်အနီးတစ်ဝိုက်တွင်  နေထိုင်ကြပါ သည်။ ထို့အပြင် ဤမျိုးစိတ်များသည်  မကြာသေးမီက  အင်းလေးကန် တွင်  ထည့်သွင်းမွေးမြူခဲ့သော  ရွှေဝါငါးကြင်း (Cyprinus carpio )နှင့်  အစာရရှိရေး   ပြိုင်ဆိုင်မှုများနှင့်  မျိုးများရောနှော  မျိုးစပ်ခြင်း များကြောင့်သော်လည်းကောင်း၊  အခြားသော ပြည်ပငါးမျိုးများ ကြောင့် အင်းလေးကန်အတွင်းရှိ   တိုင်းရင်းနှင့်ဒေသငါးမျိုးစိတ်များ  ထည့်သွင်းဝင်ရောက်မှုကြောင့်သော်လည်းကောင်း    သက်ရောက် ပျောက်ကွယ်မှုရှိနိုင်သည်။  
အင်းလေးကန်မှ ရေလုပ်သားများသည် အင်းလေးကန်တွင် အသုံး ပြု၍  အသက်မွေးဝမ်းကျောင်းပြုနေကြသည့်    ရိုးရာငါးဖမ်းကိရိယာ အမျိုးအစားများမှာ တံမြက်ပိုက်၊   ချိတ်နှင့် ကြိုး၊   အင်းလေးဆောင်းနှင့်  မြှုံးများ ဖြစ်ပါသည်။ တန်း(တား)ပိုက်များမှ   ဖမ်းမိလာသော  အဓိက ငါးမျိုးစိတ်များမှာ တီလားပီးယား၊ ငါးဖယ်နှင့် ငါးရံ့စသည်တို့ဖြစ်သော် လည်း ငါးများကို အလွန်အကျွံဖမ်းဆီးလာကြခြင်းနှင့် ခွင့်ပြုမထား သည့် ငါးဖမ်းနည်းစနစ်များ   အသုံးပြုခြင်းကြောင့်  ငါးဖိန်းအပါအဝင် ဒေသငါးမျိုးစိတ်အချို့မှာလည်း  တစ်နှစ်ထက် တစ်နှစ် ဖမ်းဆီးရရှိမှု လျော့နည်းလာသည်။

 


အထူးသဖြင့် အဆိုပါပြဿနာများကို ကျော်လွှားနိုင်ရန် မျိုးသုဉ်း လုနီးပါးမျိုးစိတ်များကို  သားပေါက်ထုတ်လုပ်ခြင်းနှင့် မွေးမြူခြင်း သည် နိုင်ငံအတွင်း ရေချိုငါးလုပ်ငန်း၏လိုအပ်ချက်ကို  ဖြည့်ဆည်း ပေးရုံသာမက မျိုးသုဉ်းလုနီးပါး ရေနေမျိုးစိတ်များကို ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။ ဒေသခံပြည်သူများအတွက် ရေရှည် တည်တံ့သော ငါးဖမ်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖြစ်ပေါ်စေရေးနှင့်  စားနပ်ရိက္ခာဖူလုံရေးတို့အတွက်   အထူးသဖြင့်    အင်းလေးကန်အတွင်း ငါးလုပ်ငန်းဆိုင်ရာ မျိုးထိန်းသိမ်းရေးလုပ်ငန်း များကို ထိရောက်စွာ အကောင်ထည်ဖော်နိုင်ရန်  ဒေသခံရေလုပ်သား များအား ပညာပေးလုပ်ငန်းများ၊ ဟောပြောဆွေးနွေးခြင်းများ တိုးမြှင့် ဆောင်ရွက်ခြင်း၊   စီမံချက်ချမှတ်ကာ ငါးလုပ်ငန်းဆိုင်ရာအစုအဖွဲ့များ  စနစ်တကျ ဖွဲ့စည်းပေးခြင်းဖြင့်  ပေါ်ပေါက်လျက်ရှိသော   အခက်အခဲ များကို ကျော်လွှားနိုင်မည်ဖြစ်သည်။ 
၂၀၁၂  ခုနှစ်က  အင်းလေးကန်အတွင်းရှိ    ဒေသငါးသယံဇာတများ လျော့နည်းကျဆင်းမှုနှင့်ပတ်သက်ပြီး လေ့လာသောအဖွဲ့သည်  ယိုယွင်း နေသော အင်းလေးကန်အတွင်းရှိ ငါးကြင်းမျိုးနွယ်ဝင်အရင်းအမြစ် များကိုလေ့လာကာ လိုက်လျောညီထွေဖြစ်စေရေး  ဆောင်ရွက်နိုင်စွမ်း ကို  ပြန်လည်သုံးသပ်ခဲ့ပါသည်။ ရရှိထားသောရလဒ်များကို  အခြေခံ ၍  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် မတူကွဲပြားစွာလုပ်ကိုင် ဆောင်ရွက်မှု၊  အသိုင်းအဝိုင်းပေါင်းစည်းမှုနှင့် ဈေးကွက်ပြောင်းလဲမှု အဖြစ်  ဖြစ်နိုင်သောလိုက်လျောညီထွေဖြစ်အောင်နှင့် ရင်ဆိုင်ဖြေရှင်း နည်းများကို ရေလုပ်သားများ၏ဘဝ တိုးတက်ပြောင်းလဲလာစေရန် ကိုးကားဖော်ပြခဲ့ပါသည်။ 

 


အင်းလေးကန်မှရသော ငါးများကို လတ်လတ်ဆတ်ဆတ်ရောင်းချ လေ့ရှိသည်ကို တွေ့ရတတ်ပါသည်။ ရေလုပ်သားများအနေဖြင့် ငါးများ ကို စနစ်တကျမျိုးပွားစေခြင်း၊ သားဖောက်ခြင်း၊ သားပေါက်ထုတ်လုပ် ပြုစုခြင်းနှင့်မျိုးစိုက်ထုတ်ခြင်းလုပ်ငန်းများတွင် နည်းပညာလိုအပ် လျက်ရှိပြီး မိရိုးဖလာ မွေးမြူလုပ်ကိုင်လာရာမှ တဖြည်းဖြည်းမျိုးရင်း များ ပျောက်ကွယ်လာခဲ့ကြောင်း  ၂၀၁၁ ခုနှစ်တွင် IUCN RED List ၏ အင်းလေးကန်အတွင်းရှိ အင်းလေးငါးကြင်းမျိုးစိတ်များ လေ့လာမှု ရလဒ်များအရ မျိုးသုဉ်းပျောက်ကွယ်ပြီး  စာရင်းတွင်ပါ  ကြေညာ ခဲ့ကြောင်း သိရှိရပါသည်။

 


ယခုအခါ ငါးလုပ်ငန်းဦးစီးဌာနက အင်းလေးကန်အတွင်း မြစိမ်းရောင် ကျေးရွာ ၁၀ ရွာအဖြစ်တည်ထောင်၍ ချေးငွေထုတ်ပေးခြင်း၊  အသိပညာ ပေးခြင်း၊ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၃၀-၇-၂၀၁၄  ရက်တွင်   အင်းလေးကန်ရှိ  ဒေသငါး ငါးဖိန်းထိန်းသိမ်းနိုင်ရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ  ပါဝင်စည်းရုံးမှု၊  ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊  တောင်ကြီးတက္ကသိုလ်၊ သတ္တဗေဒဌာနမှ ဆရာ  ဆရာမ များသည် ငါးဖိန်းငါးမျိုးစိတ်နှင့်ပတ်သက်သည့်စာတမ်းများ တင်သွင်းဖတ်ကြား ခဲ့ပါသည်။                                            

 (ဆက်လက်ဖော်ပါမည်။)