
သာယာဝတီ ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီ မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ လေပြင်းဘေးဒဏ်ခံနိုင်ရည် ရှိသော အိုးအိမ်များဖြစ်စေရေး အိမ်ခြေ ၁၀၀၀ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီ က စံရွေးကျေးရွာအုပ်စု စံရွေးကျေးရွာ၌ ပြုလုပ်သည်။
မိုးကြိုကာလများတွင် လေပြင်းများ တိုက်ခတ်ခြင်းကြောင့် အိုးအိမ်ပစ္စည်းများ နှစ်စဉ်ပျက်စီးမှုများရှိခဲ့ကြောင်း၊ သာယာ ဝတီမြို့နယ်၌လည်း လေပြင်းဒဏ်ခံစားရ သော ဒေသများထဲတွင် ပါဝင်သည့်အတွက် အိုးအိမ်များကို မွမ်းမံပြင်ဆင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်ထက်အောင်က ပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက အိုးအိမ်များ အားဖြည့်၊ မွမ်းမံပြင်ဆင်ရန် ရွေးချယ်ရာတွင် အမှန် တကယ်ဆင်းရဲနွမ်းပါးပြီး ထိခိုက်ခံစား လွယ်သော အုပ်စုများ၌ နေထိုင်သော နေအိမ်များအား ဦးစားပေးရွေးချယ်ခဲ့ ကြောင်း၊ မိုးကြိုကာလ၌ လေပြင်းများတိုက်ခတ်နိုင်ပါသဖြင့် နေအိမ်များကို ကြိုတင်ပြုပြင်ရန် လိုအပ်သည့်အတွက် ယခုလို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့၊ ပရဟိတအဖွဲ့များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက စံရွေးကျေးရွာ အုပ်စု စံရွေးကျေးရွာအတွင်းရှိ နေအိမ်များ ကို အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း များကို ဝိုင်းဝန်းဆောင်ရွက်ကြသည်။
သာယာဝတီမြို့နယ်အတွင်း တစ်အိမ် လျှင် ငွေကျပ် ၄၃၀၀၀ နှုန်းဖြင့် ထရံ၊ ဝါး၊ သံ၊ သွပ်နန်းကြိုးများအား ဖြန့်ခွဲ၍ အိမ်ခြေ ၅၀၀ ၊ မိုးညိုမြို့နယ်၌ အိမ်ခြေ ၅၀၀ တို့ အား ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)