သာမညဖလသုတ်တော်ဖြစ်တည်ရာမှ ရရှိသောအကျိုးတရား၊ ထုတ်နုတ်အပ်သော သင်ခန်းစာ

Type

 

ဒေါက်တာမြတ်မိုး

 

မြန်မာ့ရိုးရာ  ၁၂ လ ရာသီပွဲတော်များအနက်  တန်ဆောင်မုန်းလတွင် ထူးခြားသော  ပွဲတော်များရှိပါသည်။  မသိုးသင်္ကန်းရက်လုပ်ပွဲများ ကျင်းပပြီး      ကထိန်သင်္ကန်းလှူဒါန်း၍      ကုသိုလ်ယူကြသည်။ မီးထွန်းပွဲတော်  ရွှင်ပျော်နွှဲ၍    အလင်းဓာတ်ကို   ဆောင်ကြသည်။ ကျီးမနိုးပွဲ  ခွင့်ယူနွှဲ၍     ပျော်စရာမြန်မာ့ဓလေ့ကို   ထိန်းသိမ်း စောင့်ရှောက်ကြသည်။ ဆေးအစွမ်းဖြင့်  ဆေးပေါင်းခ၍ ကျန်းမာ ရေးကို    စောင့်ရှောက်တတ်ကြသည်။    နိဗ္ဗာန်ဈေး    ခင်းကျင်း ခြင်းဖြင့် မရှိသူကို မျှဝေကြပြန်သည်။   နွမ်းပါးသူအတွက် ပံ့သကူ ချ၍      စွန့်ပစ်အကျိုးပြုလေ့ရှိကြသည်။    ကုသိုလ်နှင့်ယှဉ်သည့် မြန်မာ့ရိုးရာဘာသာရေး အစဉ်အလာများ  ဓလေ့ကောင်းများဖြစ်၍ များစွာဂုဏ်ယူအပ်ပါသည်။ 

 


အိပ်မက်ဆိုးများနှင့်  အိပ်မပျော်သော အဇာတသတ် 


ပွဲတော်အများဆုံးကျင်းပရာ          ဤလကို       ထူးမြတ်စွာဖြင့် ခေါ်ဝေါ်သမုတ်အပ်သည့်    အခါတော်နေ့တစ်နေ့အဖြစ်   သတ်မှတ် ထားသည်လည်းရှိသည်။    “ သာမညဖလ”    အခါတော်နေ့ဟူ၍ ဖြစ်သည်။  “ သာမည”  -  ရဟန်းဖြစ်သည်၏၊   “ဖလ”   - အကျိုး ဆက်တစ်နည်း  ရဟန်းဖြစ်ခြင်း၊   ရဟန်းပြုရခြင်း၏  အကျိုး ကျေးဇူးဟူ၍   အဓိပ္ပါယ်ရသည်။    ကျေးဇူးရှင်မြတ်စွာဘုရားသည် ရဟန်းဖြစ်ရခြင်း၏    အကျိုးတရားများကို     ဤတန်ဆောင်မုန်း လပြည့်နေ့တွင် အဇာတသတ်မင်းအား ဟောကြားခဲ့သည်။ 

 


အဇာတသတ်မင်းသည်  ဒေဝဒတ်ကို  ဆရာတင်မှားပြီး   ဖခင် ဖြစ်သူကျေးဇူးရှင်      ဗိမ္ဗိသာရမင်းကြီးကို       သတ်မိသောကြောင့် သောကဖိစီးပြီး အိပ်မပျော်သောရောဂါ   စွဲကပ်ခဲ့သည်ကို   ဗုဒ္ဓ ဘာသာဝင်များ သိရှိပြီးလည်းဖြစ်သည်။    ကံကြီးထိုက်၍   စွဲကပ် နေသော စိုးရိမ်မှုပူပန်သောက   နောင်တအပူမီးနှင့်အတူ  ကျဆင်း လွန်းသော စိတ်ကျဝေဒနာ၊ အိပ်မက်ဆိုးများနှင့်  အိပ်မပျော်သော ဝေဒနာ      ကြာသော်အိပ်ရမည်ကိုပင်     ကြောက်နေပြီဖြစ်သော ဝေဒနာများကား     အဇာတသတ်မင်းအတွက်    အလွန်ပင်ဆိုးရွား လွန်းလှသည်။ 

 


မင်းကြီးသည်  သူခံစားနေရသော     ယင်းဝေဒနာကို   ပျောက် ကင်းရန်အတွက်  ကုစားနိုင်မည့်  ဆေးစွမ်းကောင်းနှင့်   သမား တော်ကိုရှာဖွေခိုက်      စိတ်ကြည်လင်ရန်အလို့ငှာ      ရဟန်းပြု ခြင်း၏အကျိုးကို  သိလိုစိတ်ပြင်းထန်နေခဲ့သည်။ အမတ်မင်းများ ၏ အကြံပြုချက်ကြောင့် သူယုံစားမိသော  တိတ္ထိဆရာကြီး  ခြောက်ဦး ထံတွင်   သိလိုသော   ရဟန်းပြုခြင်းအကျိုးကို   မေးမြန်းစုံစမ်း တော့သည်။ သို့သော်   လိုချင်သောအဖြေအား  မရသည့်အခါ မင်းကြီးအတွက်   ကျေနပ်ဖွယ်ရာမဖြစ်ခဲ့။    နောက်ဆုံးတော့ သမားတော်ကြီး ဇီဝကထံမှသာ  မင်းကြီးလိုချင်သောအဖြေရရှိရန် လမ်းစရှာတွေ့ခဲ့သည်။   သမားတော်ကြီး၏  အကြံပြုချက်အရ မြတ်စွာဘုရားထံသို့ သွားရောက်ခဲ့ပြီး မေးမြန်းလျှောက်ထားမှသာ သာမညဖလသုတ္တန်ကို  ပြည့်ပြည့်စုံစုံနာကြားခွင့်ရရှိခဲ့ပြီး ရဟန်း ပြုခြင်းအကျိုးတရားများကို သိရှိခွင့်ရတော့သည်။ 

 


ဝေဒနာဆိုးမှသက်သာပျောက်ကင်းခဲ့ရ သာမညဖလ 


ဘုရားရှင်ထံမှ       ဤသုတ်တော်ကို     နာကြားပြီးသည့်အခါ မင်းကြီးခံစားနေရသော     ဝေဒနာများ      သက်သာပျောက်ကင်း သွားချေပြီ၊      တန်ဆောင်မုန်းလပြည့်အဆက်ဆက်      သာယာ အေးချမ်းလှသော အရသာကို  မခံစားရသည်မှာလည်း ကြာမြင့်ခဲ့ ပြီမဟုတ်ပါလား။  ဘုရားရှင်နှင့်တွေ့မှသာ   ငြိမ်းချမ်းလှပကြည်နူး ဖွယ်အတိဖြစ်သော   လပြည့်ည၏   အရသာကို  ခံစားခွင့်ရခဲ့ခြင်း ဖြစ်သည်။ အဇာတသတ်မင်းကြီး  သမညဖလသုတ်ကို  နာကြား ခွင့် ရရှိခဲ့ခြင်းမှတစ်ဆင့်   သူကျူးလွန်ခဲ့သော   ကြီးလေးသော အပြစ်မှ ကုစားရာရောက်ခဲ့ပါပြီ။   အမှန်ကား  ဖခင်ကိုသတ်မိခြင်း အပြစ်သည် မဟာအဝီစိငရဲသို့ လားခြင်းပင်ဖြစ်သည်။ 

 


အဇာတသတ်ခံစားရသော   အကုသိုလ်ကား    ပြုလျှင်ပြုမိ သလောက်    ကြီးမားပါဘိ၊    အကျိုးကျေးဇူးကြီးမားသောတရား ကို   နာယူခွင့်ရခြင်းကြောင့်သည်သာလျှင်   ထိုမျှကြီးလေးသော အပြစ်ကို ပေါ့ပါးသွားစေခြင်းဖြစ်သည်။  မဟာအဝီစိ  ငရဲထက် ကုမ္ဘီငရဲက  ပို၍ပေါ့ပါသည်။   အနှစ်ခြောက်သောင်းနေပြီး ထိုငရဲ မှကျွတ်သောအခါ  နောင်တွင် ဝိဇိတာဝီအမည်ရ   ပစ္စေကဗုဒ္ဓအဖြစ် သို့ ရောက်ရှိတော့မည်ဖြစ်သည်။   (အမှန်က   အဇာတသတ်မင်း ဖခင်ကိုမသတ်မိခဲ့လျှင်   ဤသုတ်အဆုံးမှာပင်     သောတာပန်ဖြစ် လိမ့်မည်ဟု မြတ်စွာဘုရားက ဟောကြားခဲ့ပါသည်။) 

 


ဤသုတ်တော်မှတစ်ဆင့်   


အဇာတသတ်မင်းကြီးသည်   မြတ်စွာဘုရားထံမှ   သာမည ဖလသုတ် ကို  နာကြားသိရှိရခြင်းကား  ကြီးမားသောအကျိုးဖြစ်ခြင်း တည်း။ မြတ်စွာဘုရားကို   ယုံကြည်၍   ဘုရားဟောသောတရား များကိုလည်း  ယုံယုံကြည်ကြည်နာကြားခွင့်ရခဲ့သည်။  ခံစားနေရ သော   ဝေဒနာများပျောက်ကင်းပြီး    ဘုရားသာသနာ၊   တရား သာသနာနှင့်အတူ  ရဟန်းပြုခြင်း၏  အကျိုးကို   သိရှိနားလည်ပြီး သကာလ သံဃာရတနာကိုလည်း   တန်ဖိုးထားမိပါတော့သည်။ 

 


ရတနာသုံးပါးကို  ယုံကြည်ခြင်းသည်   ဗုဒ္ဓဘာသာ သာသနာကို အလေးအနက်    သက်ဝင်ကြည်ညိုခြင်းပင်ဖြစ်သည်။    တိုးပွား လာသော    ယုံကြည်မှုသဒ္ဓါတရားက     အဇာတသတ်မင်းကြီးကို ဘုရားဒကာအဖြစ်ခံယူစေပြီး      ပထမသင်္ဂါယနာကို     ကိုယ်တိုင် တင်ခြင်းဖြင့်လည်းကောင်း၊  ဓာတ်တော်မွေတော်များ  ကိုယ်တိုင် စုဆောင်း လက်ဆင့်ကမ်းခြင်းဖြင့်လည်းကောင်း၊  ဗုဒ္ဓသာသနာနှစ် ကို      အတိအကျသတ်မှတ်နိုင်ခဲ့၍လည်းကောင်း    ဘုရားဟော ပိဋကတ်တော်များ   မပျက်စီး    မပျောက်ပျက်စေရန်    နောင်လာ နောက်သား  ဗုဒ္ဓဘာသာဝင်များ အစဉ်အဆက်ထိန်းသိမ်းနိုင်သည် အထိ     ကျေးဇူးပြုခဲ့သည့်အတွက်     အဇာတသတ်မင်းကြီးသည် ဗုဒ္ဓဘာသာ၏  ကျေးဇူးရှင်ကြီးတစ်ဦးပင်ဖြစ်သည်ကို အသိအမှတ် ပြုခွင့်ရခဲ့ပါပြီ။ အဇာတသတ်မင်း၏ကျေးဇူးကြောင့် ကျွန်တော်တို့ လည်း ဗုဒ္ဓသာသနာကို စောင့်ရှောက်ခွင့်ရခဲ့ပါပြီ။ 

 


အယူမှားနှင့် အယူမှန်ကိုခွဲခြားသိမြင်  


သာမညဖလသုတ်တော်ကို   နာကြားခွင့်ရခြင်းဖြင့်လည်းကောင်း၊  အဇာတသတ်မင်းနှင့်တကွ  သူ၏ဆရာ   အရှင်ဒေဝဒတ် တို့ကြောင့်လည်းကောင်း    ဗဟုသုတများလည်း    ကြွယ်ခဲ့ပါပြီ၊ တန်ဖိုးရှိသောအကျိုးကျေးဇူးလည်း  အမြောက်အမြားရရှိခဲ့ပါပြီ၊ ထုတ်နုတ်ယူစရာသင်ခန်းစာများကား ယူတတ်မည်ဆိုလျှင်  ဘဝ အတွက်    များစွာအဖိုးတန်ပါလိမ့်မည်။   ရရှိခဲ့သောသုတစုံနှင့် သင်ခန်းစာများကား   အဘယ်နည်း။   အဇာတသတ်မင်းသည် ပညာပါရမီရင့်သန်သူပီပီ   မိစ္ဆာနှင့်   သမ္မာအယူ၊   အယူအမှားနှင့် အယူမှန်ကို  ခွဲခြားသိမြင်နိုင်စွမ်းရှိပုံရသည်။  ပညာရှိသူနှင့်  ပညာ မပြည့်ဝသူကို ခွဲခြားမြင်နိုင်စွမ်းလည်းရှိသည်။ 
မင်းကြီး ဦးစွာယုံစားမိသော   ခြောက်ယောက်သော  အတိုင် ပင်ခံပုဂ္ဂိုလ်များတွင်   မှန်ကန်သောအယူရှိပုံမရ၊  ပထမတစ်ဦးက ကံကိုလက်မခံ၊ ကံကိုမမြင်မသိသူဖြစ်သည်၊ ကံကိုမယုံ၍ ဘာကိုမှ မလုပ်သူ။   ဒုတိယပုဂ္ဂိုလ်တစ်ဦးက   ဘာမှမရှိဟူသော  အယူကို လက်ခံသူ၊ အမှားကိုပြုလုပ်၊ ယုတ်ယုတ်မာမာပြုဦးတော့၊  အကျိုး ရလဒ်အနေဖြင့်  မကောင်းမှုပြုသော်လည်း   မကောင်းကျိုးမဖြစ်၊ ကောင်းမှုပြုသော်လည်း      ကောင်းမှုမရောက်ဟူသော      အယူရှိသူ ဖြစ်သည်။ 

 


တတိယပုဂ္ဂိုလ်ကမူ  အကြောင်းကြောင့်  အကျိုးဖြစ်သည်ကို လက်မခံသူ၊     အကြောင်းကိုပယ်သူ    အကြောင်းမဲ့ဝါဒီဖြစ်သည်၊ စတုတ္ထမြောက်ပုဂ္ဂိုလ်ကတော့   မပြုမပြင်     ကံကိုမယုံသူ၊    သတ်မှု ခိုးမှုဖြစ်လျှင်လည်း  ကံမမြောက်ဟု    ယူသူဖြစ်သည်။    မိမိဘဝကို မိမိကိုယ်တိုင် ပြုပြင်နေရမည်မဟုတ်ပါလား။ ငါးဦးမြောက်ပုဂ္ဂိုလ် ကတော့  အဆုံးသည်မရှိဆိုသော   အယူရှိသူဖြစ်ပြီး   ရှိသည်လည်း မဖြေ    မရှိသည်လည်းမဖြေ      ဇဝေဇဝါဖြင့်     ဝေ့လည်ကြောင်ပတ် လုပ်တတ်သူဖြစ်သည်။      ခြောက်ယောက်မြောက်ဆရာကတော့ ဂျိန်းစ်ဝါဒကို    လက်ခံသူ၊   အားလုံးကိုသက်ရှိဟုလက်ခံသူ၊  ခြိုးခြံ ခေါင်းပါးလွန်းသည့် အကျင့်မျိုး   စသည်ကျင့်သူဖြစ်သည်။  ဗုဒ္ဓနှင့် အပြိုင်  အထက်ပါအယူမှားများသည်   အစစ်အမှန်မဟုတ် အတု အပအယူမှားများသာဖြစ်သည်ဟု    အဇာတသတ်သည်   အချိန်မီ  မှန်မှန်ကန်ကန်မြင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
သာမညဖလသုတ်သည်    အဇာတသတ်မင်းအား   ရှင်းလင်းလှ သော ဥပမာများနှင့်တကွ    ရဟန်ပြုခြင်းဖြင့်ရရှိသော အကျိုးများ၊ ဈာန်သမာပတ်နှင့် ဝိပဿနာဉာဏ်စဉ်များမှတစ်ဆင့်  လက္ခဏာ ရေးသုံးပါးကို ထင်ရှားပြပြီး ရဟန္တာဖြစ်လာပုံများကို ဟောကြား ထားသောသုတ်တော်ဖြစ်သည်။    ထို့ကြောင့်   အထက်ပါဗုဒ္ဓနှင့် ခေတ်ပြိုင်အယူမှားများကို မင်းကြီးအနေဖြင့် ကွဲကွဲပြားပြား သိရှိ သွားရ၍ အမှားကိုပယ်  အမှန်ကိုသယ်နိုင်စွမ်းဖြင့်  များစွာအကျိုး ထူးသွားခြင်းဖြစ်သည်။ အယူမှား  အမြင်မှားနေသူများ  သင်ခန်းစာ ယူ၍ သတိချပ်ရာသည်။ 

 


ကိုးကွယ်မှုမှား ဆရာတင်မမှားရန်  


အယူမှားများပယ်၍   အယူမှန်များကိုသာ   လက်ခံကြစေရန် အဇာတသတ်မင်းကြီးက     သင်ခန်းစာများ   ပေးသွားပါလားဟု ဆင်ခြင်မိသည်။ သူကိုယ်တိုင်ကမူ ဆရာတင်မှား၍  ကြီးလေးသော အပြစ်ကြီးကို ပြုမိခဲ့သည်။  မိတ်ဆွေပေါင်းမှား၍ မလုပ်သင့်တာကို လုပ်မိခဲ့သည်။     ဘုရားကိုသတ်လိုသူ     ဒေဝဒတ်နှင့်    ဖခင်ကို သတ်လိုသူ   အဇာတသတ်တို့     အပယ်လားမည့်    စီမံကိန်းကို အကောင်အထည်ဖော်ဖို့   ပေါင်းမိခဲ့ကြသည်။  အသိဉာဏ်နုနယ် လှလွန်းပြီး  အရှင်ဒေဝဒတ်၏  မြှောက်ပင့်စည်းရုံးသွေးထိုးမှုကို ခံရသည့်အတွက်     ဆရာတင်မှား၊     ကိုးကွယ်ဆည်းကပ်မှား၍ ဖခင်ဘုရင်ဗိမ္ဗိသာရမင်းကြီးကို သတ်မိမှားခြင်းဖြစ်သည်။ 

 


ဘုရားရှင်ကဲ့သို့     ဂုဏ်သတင်းကျော်ချင်သူ၊      အလိုရမ္မက်  ကြီးသူ   ဒေဝဒတ်ကတော့   သံဃာကို   သင်းကွဲအောင်လုပ်မိပြီး  ဘုရားရှင်အား     လုပ်ကြံပြစ်မှားမိသော     အကုသိုလ်ကံအကျိုးပေး ကြောင့်  သွေးအန်မြေမျိုပြီး  မလှမပဖြင့် ဘဝဆုံးရသည်။  အရှင် ဒေဝဒတ်နှင့် အဇာတသတ်မင်းသားတို့၏         အကုသိုလ်အမှားမှတစ်ဆင့် ကိုးကွယ်မှုမမှား၊         ဆရာတင်မမှားကြရန်၊      မိတ်ဆွေယုတ်နှင့် မိတ်ဆွေအစစ်အမှန်     ခွဲခြားနိုင်စေရန်၊     သူ့အကျိုးစီးပွား အတွက်    ကိုယ်ကအသုံးချခံရပြီး      မမိုက်မဲမမှားမိကြစေရန်     သတိပေး ထားချက်ကို    သင်ခန်းစာယူ      ဆင်ခြင်ရန်    အထူးလိုအပ်နေပါ သည်။

 


ရဟန်းပြုခြင်းအကျိုးမှတစ်ဆင့်  


အဇာတသတ်မင်းအနေဖြင့်  ဘုရားရှင်ရှေ့မှောက်ရောက်စဉ် လောကီအတတ်ပညာများ၏       အကျိုးနှင့်       ရဟန်းပြုခြင်း၏
ပစ္စက္ခအကျိုးများ၊      မည်သည်က      ကြီးမားသည်ကို     ယှဉ်ပြီး မေးလျှောက်၏။ ဘုရားရှင်ကား   သိသာမြင်သာသော   ဥပမာများ ပေး၍ ဟောပြဆုံးမ၏။  အချုပ်ကတော့  မည်သူပင်ဖြစ်စေ  ရဟန်း ပြုပြီးသည်ဆိုလျှင်  မိမိကစ၍   ရှိခိုး     အရိုအသေ    ပြုရသည်၊ ပစ္စည်းလေးပါး    လှူဒါန်းရသည်အထိ    ရဟန်းတစ်ပါး၏ မြင့်မြတ် ဂုဏ်ကို ထိုသူသည်  ရရှိသွားသည်မဟုတ်ပါလား၊   ရဟန်းတို့သည် ဗုဒ္ဓ၏ဂုဏ်တော်များကို     ကြည်ညိုလျက်    ရဟန်းပြုခဲ့ကြသည်။ ရဟန်းဖြစ်သည်နှင့်     ပိတ်ဆို့စောင့်စည်းခြင်းဟူသော   ပါတိမောက္ခ သံဝရသီလ    စသည့်  အဓိသီလသိက္ခာများကို    စောင့်ထိန်းရသည်၊ ကောင်းမြတ်သော     အပြစ်ကင်းသည့်    အကျင့်ကိုသာ  ကျက်စား တော့သည်။ 

 


ကြောက်စရာ     အာပတ်ဘေးမသင့်အောင်     စင်ကြယ်စွာ     ပြုမူပြောဆိုနေထိုင်ရသည်။    မိမိ၏     မျက်စိ၊      နား၊      နှာခေါင်း၊  လျှာ၊    ကိုယ်ကာယစိတ်ဒွါရဖြစ်ပေါက်များကို   အသိ   သတိဖြင့်  ထိန်းချုပ်ရသောအခါ        အကုသိုလ်များမှ      ရှောင်လွှဲရာသည်။  ရသမျှနှင့်     တင်းတိမ်ရောင့်ရဲစွာနေထိုင်ပြီး     လူသံတိတ်ဆိတ်၊ ဆူညံရိပ်အောက်မှာမရှိဘဲ     သင့်ရာကမ္မဋ္ဌာန်း     ပွားများကာဖြင့်  ရှူဖန်များသော်    ဈာန်ဖြင့်ယှဉ်၍    နိဝရဏကင်းစင်သော    သမာဓိ အဘိညာဉ်ကို    ရရှိစေမည်ဖြစ်သည်။    သီလသမာဓိအပေါ်တွင် ဝိပဿနာပညာဉာဏ်များ  ဆင့်လာလျှင်ဖြင့်    အဆုံးတွင်  မဂ်ဖိုလ် နိဗ္ဗာန်အထိ   ရောက်တတ်ရအပ်သော   အကျိုးများကား   ရဟန်း ပြုခြင်းဖြင့်   ရရှိနိုင်သော များစွာသောအကျိုးများ  “ သာမညဖလ” တည်း။ 

 


ရတတ်ရာရာ ဘဝသင်ခန်းစာများ


အဇာတသတ်မင်းနှင့်      သာမညဖလသုတ်တော်ကပေးသော ဘဝသင်ခန်းစာကား    များစွာအကျိုးရှိလှသည်။   လောကီစည်းစိမ် ထက်  လောကုတ္တရာချမ်းသာက   ပို၍မြတ်ကြောင်း     ဤသုတ်တော် လာအရ   သိရှိရပါလိမ့်မည်။    ပတ်ဝန်းကျင်ကောင်းနှင့်    ဆရာ ကောင်း၊     မိတ်ဆွေကောင်းကို      ရွေးချယ်ပေါင်းသင်းတတ်ရန်နှင့် ကိုးကွယ်မှုမမှားရန်  အရေးကြီးပုံကို ပြောပြနေသည်။ မိတ်ဆွေ ယုတ်ကို  ပေါင်းမိခြင်းသည် ဒုက္ခကိုသာဖြစ်စေပြီး  အကျိုးယုတ်စေ သည်။   ငြိမ်းချမ်းတည်ငြိမ်သည့်    ပတ်ဝန်းကျင်၊     စည်းကမ်းရှိ အကျင့်စာရိတ္တကောင်းပြီး    ယဉ်ကျေးသည့်    လူ့အသိုင်းအဝိုင်းတွင် နေထိုင်တတ်ကြသူများသည်သာ    ငြိမ်းချမ်းခြင်းနှင့်      ထိုက်တန်သူ များဖြစ်သည်။ 

 


အတွေးအခေါ်ကောင်းပြီး     မှန်ကန်သော    အမြင်ရှိသူများနှင့် ပေါင်းသင်းသူသည်   တိုးတက်သည်သာဖြစ်သည်။     မိမိအမှားကို ပြန်လည်ပြင်ဆင်၊    သင်ခန်းစာယူတတ်ပြီး     အမှန်ကို    ရဲရဲဝံ့ဝံ့ ပြုလုပ်ရဲသည့်     သတ္တိကိုလည်း    မွေးဖွားနိုင်စွမ်း     ရှိရပါမည်။ လိမ်ညာဟန်ဆောင်မှုကင်းပြီး    ရိုးသားဖြောင့်မတ်ရာ    ဝန်းကျင် တစ်ခုသည် အဆိပ်အတောက်ကင်းစင်သည်ကို   ဤဥပမာများက ပြဆိုနေပါသည်။ 

 


နိဂုံးကမ္ပတ်အဆုံးသတ်၍         ဆုတောင်းပြုမိလေသည်မှာ ဤတန်ဆောင်မုန်းအခါသမယတွင်    သာမညဖလသုတ်တော်ဖြင့် သာသနာတော်ကို     မှုန်းခြယ်သပြီး     ကုသိုလ်တရားများတိုးပွား နိုင်ကြပါစေ၊    ဓမ္မအရိပ်အောက်တွင်   တန်ဖိုးရှိသောလူ့ဘဝကို အဓိပ္ပာယ်ရှိစွာ      အသုံးချနိုင်ကြပါစေ။   သာယာကြည်နူးဖွယ်ရာ တန်ဆောင်မုန်းလပြည့်နေ့   လပြည့်ညများနှင့်အတူ   လန်းဆန်း ဝေဖြာ   အေးချမ်းသာယာကြပါစေ၊  ဘေးဘယာများ  ဝေးကွာကြ ပါစေ ...  ဟူ၍ဖြစ်ပါသည်။            ။