သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - မန္တလေးမှ ညောင်ဦးမြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ကုသမှုပေး

 

ညောင်ဦး   ဇန်နဝါရီ    ၁၂


ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရန် အတွက် နိုင်ငံသားတို့အား ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ရည်ရွယ်၍ ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု၊ မန္တလေးတိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ ညှိနှိုင်းစီစဉ်ပေးမှုတို့ဖြင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး မေးရိုးနှင့်ခံတွင်းခွဲစိတ်ကုပညာဌာနမှ အထူးကုဆရာဝန်များ နှင့် သူနာပြုများပါဝင်သောအဖွဲ့သည် ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီ ၁၁ ရက်မှ ၁၃ ရက် အထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ကုသမှု ပေးလျက်ရှိသည်။


အဆိုပါအဖွဲ့တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်- မန္တလေးမှ     အဖွဲ့ဝင်ခုနစ်ဦး၊    သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်မှ အဖွဲ့ဝင် နှစ်ဦး၊  မန္တလေး ပြည်သူ့ဆေးရုံကြီးမှ အဖွဲ့ဝင် တစ်ဦး၊ မိတ္ထီလာပြည်သူ့ ဆေးရုံကြီးမှ အဖွဲ့ဝင် သုံးဦး စုစုပေါင်းအဖွဲ့ဝင် ၁၃ ဦးတို့ ပူးပေါင်းပါဝင်ပြီး  နှုတ်ခမ်းကွဲ၊  အာခေါင်ကွဲ လူနာ ၂၅  ဦးတို့ကို   ညောင်ဦးပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသမှုပြုလုပ်ပေးပြီး   အချိန်ယူခွဲစိတ်ကုသရ မည့် လူနာများကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးသို့ ခေါ်ယူ၍ ကုသပေးမည်ဖြစ်သည်။


ခွဲစိတ်ကုသမှုလုပ်ငန်းများနှင့် ခွဲစိတ်ပြီးလူနာများ စောင့်ရှောက်ကုသမှုလုပ်ငန်းများကို  ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့်  ဝန်ထမ်းများက  လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။                           

သတင်းစဉ်