
နေပြည်တော် မတ် ၂၃
ရုပ်ရှင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ပြသရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ လူမှုရေးရာဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်တို့က အွန်လိုင်းမှ တက်ရောက်ကြသည်။
ပိုမိုအလေးထားလာ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အင်တာနက်များ ခေတ်မီတိုးတက်လာသော်လည်း နိုင်ငံ တိုင်းတွင် ရုပ်ရှင်ရုံများသည် ဆက်လက် တည်ရှိနေပြီး အချို့ဆိုလျှင် ရုပ်ရှင်ရုံများ ကို ပိုမိုအလေးထားလာကြပါကြောင်း၊ ရုပ်ရှင်ရုံမှပေးစွမ်းနိုင်သည့် အသံစနစ်နှင့် ခမ်းနားမှုများကြောင့် ရုပ်ရှင်ရုံများ၏ အခန်းကဏ္ဍသည် အနာဂတ်တွင် ဆက်လက် ထွန်းတောက်နေမည်ဖြစ် ပါကြောင်း၊ အနုပညာသည် ပျော်ရွှင်မှုနှင့် ဖျော်ဖြေမှုပေးစွမ်းနိုင်ပြီး ရုပ်ရှင်အနုပညာ ရှင်များ၏ ဆောင်ရွက်ချက်များသည် ပြည်သူလူထုကို ဖမ်းစားနိုင်ပါကြောင်း၊ ပြည်သူများသည် ၎င်းတို့ချစ်သည့် အနုပညာရှင်များကို အားကျအတုယူ လေ့ရှိသည့်အတွက် အနုပညာရှင်များ၏ အခန်းကဏ္ဍသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့နေပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်က အနုပညာ ရှင်များကို ပါရမီရှင်များ၊ ပညာရှင်များဟု သတ်မှတ်အလေးထားပါကြောင်း၊ ရုပ်ရှင်ရုံ များကိုလည်း အလေးထားစီမံဆောင်ရွက် လျက်ရှိပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ယူစီမံခန့်ခွဲနေသည့် နိုင်ငံပိုင် ရုပ်ရှင်ရုံ ၂၇ ရုံ၊ ပုဂ္ဂလိကသို့ အပြီးအပိုင် ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများအနက် ရုပ်ရှင် ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံ စုစုပေါင်းရုပ်ရှင်ရုံ ၁၂၁ ရုံတို့၏ ကြီးကြပ် ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရုပ်ရှင်ရုံများနှင့် သက်ဆိုင်သည့် အထောက်အထား စာရွက်စာတမ်းများကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသ ကြီး၊ ပြည်နယ်များသို့ ၂၀၁၈ ခုနှစ် ဇူလိုင် ၂ ရက်မှစတင်ပြီး လွှဲပြောင်းပေးအပ်ခဲ့ရာ ၂၀၂၁ ခုနှစ် မေ ၂၄ ရက်တွင် အားလုံး လွှဲပြောင်းပေးပြီး ဖြစ်ပါကြောင်း။
ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံတွင် စာချုပ်ပါစည်းကမ်းနှင့်အညီ ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိသည့် ရုပ်ရှင်ရုံ ၆၉ ရုံ၏ ရုပ်ရှင်ရုံ ဝယ်ယူသူများကို စာချုပ်ပါစည်းကမ်း အတိုင်း အရေးယူဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီအပါအဝင် တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၁)တွင် ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့သည့် ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံအနက် ရှပ်ရှင်ပြသခြင်းမရှိသော ရုပ်ရှင် ရုံများကို တွေ့ရှိရသဖြင့် ရုပ်ရှင်မပြသပါက စည်းမျဉ်းစည်းကမ်းအတိုင်း တိကျစွာ အရေးယူဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ မှုအရ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များသို့ အကြောင်းကြားထားပြီး ဖြစ်ပါ ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက် ပါ ရုပ်ရှင်ရုံများနှင့်ပတ်သက်၍ ရုပ်ရှင် ပြသခြင်းမပြုဘဲ အခြားစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ခွင့်မပြုရန်၊ သဘောတူစာချုပ်ပါ စည်းကမ်းချက်များ နှင့်အညီ ရုပ်ရှင်ပြသခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက် သွားရန်၊ ရုပ်ရှင်သည် ပြည်သူလူထုနှင့် တိုင်းပြည်၏ Motivation ကို အကျိုးပြု သည့် လုပ်ငန်းတစ်ခုဖြစ်၍ အားပေးသွား ရန်နှင့် အနုပညာရှင်များသည်လည်း တိုင်းပြည်ကို Motivation လုပ်ပေးနိုင် သဖြင့် ၎င်းတို့ကို နည်းလမ်းတကျ အားပေးရန်၊ ရုပ်ရှင်ရုံမရှိလျှင် ရုပ်ရှင် လောကသည် မည်သို့မျှ ရပ်တည်ရှင်သန် နိုင်မည်မဟုတ်သဖြင့် ရုပ်ရှင်ရုံများကို လူတစ်စုမှ ထိန်းချုပ်ထားခြင်း မဖြစ်စေ ရေး၊ ရုပ်ရှင်ရုံများတွင် အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုစေဘဲ ရုပ်ရှင်ကိုသာ ပြသနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွား ရန်၊ ရုပ်ရှင်ရုံများအား အခြားနည်းလမ်း အသုံးပြုခြင်းကို ခွင့်မပြုရန်နှင့် ဆောင်ရွက် ခြင်း မပြုနိုင်လျှင် နိုင်ငံတော်သို့ ပြန်လည် အပ်နှံသွားရန် လမ်းညွှန်ထားပါကြောင်း။
တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များ၏ ပြန်ကြားချက်အရ ရုပ်ရှင်ပြသ ခြင်းလုပ်ငန်းဆောင်ရွက်ရန် စည်းကမ်း သတ်မှတ်ချက်ပါ ရုပ်ရှင်ရုံ ၉၄ ရုံအနက် ရုပ်ရှင်ပြသလျက်ရှိသော ရုပ်ရှင်ရုံ ၂၅ ရုံ တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တ ရပ်နားထားပြီး ရုပ်ရှင်ပြသခြင်းလုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ရုပ်ရှင်ရုံ ၆၉ ရုံရှိရာ တည်ဆောက်ဆဲရုပ်ရှင်ရုံ ၁၀ ရုံ၊ ပြန်လည်ဆောက်လုပ်ရန် စီစဉ် လျက်ရှိသည့် ရုပ်ရှင်ရုံ ၁၆ ရုံ၊ ရုပ်ရှင်ပြသ ခြင်းလုပ်ငန်းဆောင်ရွက်ရန် အစီအစဉ်မရှိ သေးသည့် ရုပ်ရှင်ရုံ ၄၃ ရုံတို့ဖြစ်သည်ကို တွေ့ရပါကြောင်း။
ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ပါ ကြောင်း၊ တိုင်းပြည်၊ လူမျိုးတို့၏ ယဉ်ကျေးမှု စရိုက်လက္ခဏာများကို နိုင်ငံတကာသို့ အနုပညာနှင့် ထိုးဖောက် ဝင်ရောက်မှုသည် အောင်မြင်သည့် နည်းလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ပြသမှု ရုပ်သံဇာတ်လမ်းတွဲများတွင် ပါရှိ သည့် ဖော်ပြချက်များအရ ငြင်းပယ်၍မရ သည့် အချက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရုပ်ရှင်ထုတ်လုပ်သူများ၏ ရင်းနှီးမြှုပ်နှံမှု မှ ဝင်ငွေပြန်လည်ရရှိရန်အတွက် ပြည်တွင်း ရုံတင်ပြသနိုင်မည့် ရုပ်ရှင်ရုံ များ ပေါ်ထွန်းလာရေးသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါ ကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း Digital ရုပ်ရှင်ရုံများ ပေါ်ပေါက်ရေး အဆင့်မြင့် ရုပ်ရှင်ဇာတ်ကားများ ထွက်ရှိ လာရေး နယ်ပယ်အလိုက် လုပ်ငန်းရှင်များ၊ အနုပညာ ဖန်တီးသူများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၃ ခုနှစ်တွင် ရုပ်ရှင်ရုံ / ပိတ်ကား (၂၉/ ၃၈)ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ရုပ်ရှင်ရုံ/ပိတ်ကား (၁၉၆/၂၂၁) အထိ တိုးတက်လာ သကဲ့သို့ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှု ပိုင်းအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ၁၅ ကား ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၉၈ ကားအထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ လုပ်ငန်း ပြောင်းခွင့်ပြုခဲ့သည့် ရုပ်ရှင်ရုံဝယ်ယူ ထားသူအချို့သည် ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်လာသူများ ရှိလာခဲ့ပါကြောင်း၊ ရုံတင်ပြသမှုပိုင်းအနေဖြင့် ရုပ်ရှင်ရုံ တိုးတက်လာသည်နှင့်အမျှ ဇာတ်ကား ပြသမှု မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသနိုင်သည့် ဇာတ်ကားအရေ အတွက် ၉၇ ကားအထိရှိခဲ့ပြီး ရုပ်ရှင်နှစ် ၁၀၀ အတွင်းတွင် အများဆုံး ရုံတင်ပြသ နိုင်ခဲ့ပါကြောင်း။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ (ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ရန်အတွက် ဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း၊ ပြန်လည်ဖွင့်လှစ်ချိန်တွင် ယခင် ရုပ်ရှင်ရုံများ ပိုမိုထွက်ပေါ်လာပြီး လုပ်ငန်းရှင်တစ်ဦးချင်းစီ၏ စီးပွားရေးမှ သည် လောကတစ်ခုလုံးစီးပွားရေး၊ နိုင်ငံတစ်ခုလုံး စီးပွားရေးများလည်း လည်ပတ်စေနိုင်ပြီး နိုင်ငံတော်စီးပွားရေး ဦးတည်ချက်အပေါ် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီး ချုပ်များ၊ လူမှုရေးဝန်ကြီးများနှင့် ဥပဒေ ချုပ် တို့က ၎င်းတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း ကြီးကြပ်ဆောင်ရွက် လျက်ရှိသည့် ရုပ်ရှင်ရုံအရေအတွက်၊ ရုပ်ရှင်ရုံများ၏ သမိုင်းကြောင်း၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူတို့က မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ် ပြသနိုင်ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ပြန်လည်ဖွင့်လှစ်ပြသသွားမည်
ယခုအခါ အနုပညာရှင်များ အနုပညာ လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နိုင်ရေး အတွက်လည်းကောင်း၊ ရုပ်ရှင်လောက သားများ၏ စားဝတ်နေရေးနှင့် ဝင်ငွေရရှိ ရေးကို အထောက်အကူပြုစေရေးအတွက် လည်းကောင်း၊ ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၏ ရပ်ဆိုင်းထားရသည့် စီးပွားရေးလုပ်ငန်း များ ပြန်လည်စတင်နိုင်ရေးအတွက် လည်းကောင်း၊ ပြည်သူလူထု စိတ်လက် ပေါ့ပါးစွာ ရုပ်ရှင်ဇာတ်ကားများ ပြန်လည် ကြည့်ရှု အပန်းဖြေနိုင်ရန်အတွက် လည်းကောင်း ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့ (၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်) တွင် ရုပ်ရှင်ရုံများ ပြန်လည် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်