ရထားစီးခရီးသည်များ သက်သောင့်သက်သာခရီးသွားလာနိုင်ရန် ရထားလမ်းပိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် စက်ခေါင်းများ၊ တွဲများ အရည်အသွေးပြည့်မီ၍ စံချိန်စံညွှန်းကောင်းမွန်စေရေး ဆောင်ရွက်ရမည်

 

နေပြည်တော်    မေ    ၁


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်ဘူတာကြီးရှိ ပုဗ္ဗသီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့   ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ အရာထမ်း/ အမှုထမ်းများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 


 အကောင်အထည်ဖော် ဆောင်ရွက်


ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက  ယနေ့သည် မြန်မာ့မီးရထား ၏ (၁၄၅)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ပထမဦးဆုံးရထားလမ်းကို ၁၈၇၇ ခုနှစ် မေ ၁ ရက်တွင် ရန်ကုန်-  ပြည် ရထားလမ်းပိုင်း ၁၆၁ မိုင်ခရီးကို စတင်ပြေးဆွဲခဲ့ပါကြောင်း၊ ခေတ်စနစ် များ အမျိုးမျိုးပြောင်းလဲလာသည်နှင့်အမျှ Burma Railway Company၊ မီးရထားဘုတ်အဖွဲ့၊ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်းဟု အမည်များ အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး   ၁၉၈၉ ခုနှစ် ဧပြီ ၁ ရက်တွင် ရထား ပို့ဆောင်ရေးကော်ပိုရေးရှင်းအမည်မှ   မြန်မာ့မီးရထားဟုပြောင်းလဲ ပြင်ဆင်ခဲ့ပါကြောင်း၊ မြန်မာ့မီးရထားဖြတ်သန်းခဲ့သည့်(၁၄၅)နှစ်ခရီး တစ်လျှောက်တွင်   ခေတ်စနစ်များ  အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း မြန်မာ့မီးရထားဝန်ထမ်းများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ပို့ဆောင်ရေး လုပ်ငန်းများကို      တစိုက်မတ်မတ်    ဆောင်ရွက်ခဲ့ကြသောကြောင့် နိုင်ငံတော်၏ ပို့ဆောင်ရေးလိုအပ်ချက်များကို   ယခုတိုင် ဖြည့်ဆည်းပေးနိုင်နေဆဲဖြစ်ပါကြောင်း၊    ရထားစီးခရီးသည်များ   သက်သောင့် သက်သာ ခရီးသွားလာနိုင်ရန် ရထားလမ်းပိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး နှင့် စက်ခေါင်းများ၊ တွဲများ   အရည်အသွေးပြည့်မီ၍   စံချိန်စံညွှန်း ကောင်းမွန်စေရေး    ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   အနာဂတ်တွင် လျှပ်စစ်ရထားစနစ်ကို အသုံးပြုနိုင်ရန် ကြိုတင်စဉ်းစားဆောင်ရွက်ရေး၊ စက်ခေါင်းနှင့်တွဲများ တည်ဆောက်ရေးအတွက် ပြည်ပမှလိုအပ်သော ပစ္စည်းများဝယ်ယူနေရမှုကို  တဖြည်းဖြည်းလျှော့ချပြီး   ပြည်တွင်း၌ အစားထိုးထုတ်လုပ်အသုံးပြုနိုင်ရေး၊ မြန်မာ့မီးရထားတွင် Research and Devlopment Center တစ်ခုထူထောင်နိုင်ရေး စသည်တို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏   ဆောင်ပုဒ်ဖြစ်သည့်   “ပို့ဆောင် ဆက်သွယ် ပြည်ကျိုးရွယ်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ခရီးသည်နှင့် ကုန်စည်များကို လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးရေး ရည်မှန်း ချက်ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။ 

 


ဆက်လက်၍   မြန်မာ့မီးရထား  ဦးဆောင်ညွှန်ကြားရေးမှူးက ဌာနဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် မြန်မာ့မီးရထား ၏ (၁၄၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသသည်။  

 


ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   တစ်နှစ်တာကာလအတွင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည် ပုဂ္ဂိုလ်များကို ချီးမြှင့်သည့် ဂုဏ်ထူး ဆောင်တံဆိပ်များအနက် ရဲဗလတံဆိပ်ရရှိသူ အရာထမ်း၊ အမှုထမ်း ရှစ်ဦးတို့ကို ထပ်ဆင့်ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများကိုပေးအပ်ပြီး သင်တန်းအသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ အားဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ရာ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


လိုအပ်သည်များ မှာကြား


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမင်္ဂလာ ခန်းမအတွင်းရှိ မြန်မာ့မီးရထား ပြခန်းအတွင်း ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် ရထားစက်ခေါင်းတွဲများ၏ ပုံစံတူများ၊ အချက်ပြဆက်သွယ်ရေးသုံးကိရိယာများ၊ အချက်ပြစနစ်ဆိုင်ရာ ပစ္စည်း များ သံလမ်းနှင့်၊ ဇလီဖားတုံးများ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံတို့ကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်