
c နီးနီးဝေးဝေး
အရေးရှိလာ၊ သွားတတ်ရာတည့်
ပညာဉာဏ်ဖွင့်၊ လုံ့လဆင့်၍
ဝန်နှင့်အားမာန်၊ တွေးဆကြံလျက်
ရည်သန်ခရီး သွားကြချိန်။
c စွဲလမ်းစိတ်ဆာ
မခွာအတ္တ၊ မာန်မာနနှင့်
လောဘကြိုးနှောင်၊ ဒေါသထောင်၍
အမှောင်မောဟ၊ ဗျာပါဒတို့
ဓမ္မနှင့်သတ်၊ သတိချပ်လျက်
ချဉ်းကပ်မြဲမြံ၊ အောင်စိတ်မာန်နှင့်
ရည်သန်ခရီး သွားကြချိန်။
c အေးလည်းအတူ
ပူလည်းအမျှ၊ ခံယူကြ၍
လောကကျိုးပြု၊ ရှေးရှုဖြတ်သန်း
ထိုလမ်းသာယာ၊ ပြုံးပန်းဖြာလျက်
တော်ရာတော်ကြောင်း၊ ကောင်းရာကောင်းကျိုး
သယ်ပိုးကျင့်ကြံ၊ အောင်စိတ်မာန်နှင့်
ရည်သန်ခရီး သွားကြချိန်။
c အို . . . ညီနောင်သားချင်း
မျိုးရင်းဆွေဉာ၊ မိတ်သဟာတို့
သည်မှာဆည်မြောင်း၊လယ်ယာကောင်းနှင့်
တန်ဆောင်းပြာသာဒ်၊ ကျောင်းဇရပ်တို့
ကောင်းမြတ်အမွေ၊ စည်ဝေအေးချမ်း
ရိပ်နန်းဖြစ်တည်၊ ရွှေပြည်ဖြန့်မိုး
အမျိုးဘာသာ၊ သာသနာနှင့်
မြန်မာတို့ဘုန်း၊ ကမ္ဘာဖုံးသို့
ချစ်ထုံးဝေဝေ၊ ဖြစ်နှုန်းတွေနှင့်
အောင်မြေဖြန့်စီး၊ ဤခရီးဝယ်
ဝေးနီးမဟူ သွားအတူ။
တွဲလက်မြဲခိုင် အောင်လံထူ၊၊ ၊၊
(၇၅ - နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုဂုဏ်ပြုကဗျာ)
ဖိုးယုန် (မကွေး)