
မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက် ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် တည်ထားပူဇော် အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူပြည်သူ များ အခမဲ့လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရာ ယနေ့တွင် အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် မြန်မာနိုင်ငံတစ်ဝန်းမှ မိဘပြည်သူများ၏ ရင်တွင်းဝမ်းသာပီတိစကားသံများနှင့် သာဓုအနုမောဒနာခေါ်ဆိုသံများကို ပြန်လည်ရေးသားဖော်ပြလိုက်ရပါသည်။
ဒေါ်သန်းသန်းဝင်း(ရန်ကုန်မြို့)
ဘုရားကြီး စတင်တည်ဆောက်ပူဇော် ကတည်းက ဖူးမြော်ချင်ခဲ့တာပါ။ ဘုရား ကြီးက ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တယ်လို့ သိရ တယ်။ ဘုရားကြီးကို ဖူးမြော်ခွင့်ပေးပြီလို့ သိရတဲ့အတွက် ရန်ကုန်ကနေ လာရောက် ဖူးမြော်တာပါ။ သတင်းစာတွေ၊ တီဗွီတွေ ကနေ ဘုရားကြီးကို ဖူးမြော်ခဲ့ရပေမယ့် အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော် လိုက်ရတဲ့အခါ ရင်ထဲမှာ ပြောမပြ တတ်အောင် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘုရားကြီးကို ဖူးမြော်ကြည်ညိုပြီး မုစလိန္ဒကန်၊ ကျောက်စာရုံစေတီတွေနဲ့ နဂါးရုံဘုရားကိုလည်း သွားရောက်ဖူးမြော် ခဲ့ပါတယ်။ ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ ရှိတဲ့ သုဓမ္မာဇရပ်တွေကို ကျွန်းတိုင် တွေ အသုံးပြုပြီး မြန်မာမှုလက်ရာတွေနဲ့ ရှေးမူမပျက် စနစ်တကျ ဆောက်လုပ် ထားတာကိုလည်း တွေ့ရတယ်။ အခုလို ကျယ်ကျယ်ဝန်းဝန်း စနစ်တကျ တည်ဆောက်ထားတော့ ဘုရားဖူးလာကြ သူတွေအနေနဲ့လည်း ဘုရားကြီးကို ဖူးမြော်ပြီး အေးအေးဆေးဆေး အနားယူ အပန်းဖြေလို့ရတာပေါ့။ ထူးကဲစွာ ဖူးတွေ့ ရမယ့် မာရဝိဇယဘုရားကြီးကို ပြည်သူ တွေ လာရောက်ဖူးမြော်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
ကိုခိုင်မင်းသက် (ဇေယျာသီရိမြို့)
ဘုရားကြီးက ကမ္ဘာမှာ အကြီးဆုံး စကျင်ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ နိုင်ငံရဲ့ ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်း တောက်ပမှုကို ပြနိုင်တဲ့အတွက်လည်း ပြည်သူတစ်ယောက်အနေနဲ့ အင်မတန်မှ ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျောက်စာရုံစေတီတွေအတွင်းမှာရှိတဲ့ ပိဋကတ် သုံးပုံ ကျမ်းစာတွေကို လေ့လာကြည့်ရှုပြီး ကျောက်စာရုံတွေကနေ ထွက်တဲ့အခါမှာ ဘုရားကြီးရဲ့ မျက်နှာတော်ကို တွေ့မြင်ဖူးမြော်ကြည်ညိုနိုင်ဖို့ စနစ်တကျ တွက်ချက် တည်ဆောက်ထားတာကို တော့ ကျွန်တော့်အနေနဲ့ အင်မတန်မှ အံ့ဩမိပါတယ်။ ဒီလို တည်ဆောက်ထား တာကို ကျွန်တော့်တစ်သက်မှာ အခုမှ တွေ့ဖူးတာပါ။ ရည်ရွယ်ချက်ကောင်းတွေ နဲ့ တည်ဆောက်ပူဇော်ထားပြီး ကြည်ညို သပ္ပာယ်စရာကောင်းတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်သူတွေ လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ချင်ပါ တယ်။
ဒေါ်နှင်းဆီ (ပျဉ်းမနားမြို့)
ကျွန်မအနေနဲ့ ဒီဘုရားကြီး စတင် တည်ဆောက်ပူဇော်ကတည်းက ဖူးချင် နေခဲ့တာပါ။ ဘုရားကြီးကို ဖူးမြော်ခွင့် ပြုတဲ့အခါမှာလည်း ဖူးမြော်ချင်လွန်းလို့ မနက်အစော ထမင်း၊ ဟင်းတွေ ထချက် ပြီး သုံးဘီးဆိုင်ကယ်နဲ့ လာရောက်ဖူးမြော် ကြတာပါ။ ရုပ်မြင်သံကြားမှာပဲ ဖူးမြော် ခဲ့ရတဲ့ ဘုရားကြီးကို အခုလက်တွေ့ မျက်မြင် ဖူးတွေ့လိုက်ရတဲ့အတွက် ရင်ထဲ ဆန္ဒတွေပြည့်ဝသွားသလို ဒီနေ့ကတော့ အပျော်ဆုံးနေ့လည်း ဖြစ်သွားပါတယ်။ ဘုရားဖူးတွေ အေးအေးဆေးဆေးနားနေ ဖို့ အဆောင်တွေကိုလည်း စနစ်တကျ ထည့်သွင်းထားတဲ့အတွက် ဘုရားဖူးရင်း အတူလာခဲ့တဲ့ အိမ်နီးချင်း မိသားစုတွေနဲ့ အနားယူ အပန်းဖြေဖြစ်ခဲ့ကြပါတယ်။ နောက်တစ်ခါ လာရောက်ဖူးမြော်ဦးမှာ ပါ။ ဒီလိုမျိုး ကြည်ညိုသပ္ပာယ်ဖို့ကောင်းတဲ့ ဘုရားကြီးကို တည်ဆောက်ပူဇော်ပေး ကြတဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ဗုဒ္ဓဘာသာဝင်တွေကိုယ်စား အထူး ကျေးဇူးတင်ပါတယ်။
ကိုဖြိုးကိုကို (တပ်ကုန်းမြို့)
မာရဝိဇယဘုရားကြီးကို ဖူးမြော်ခွင့် ပြုနေပြီလို့ သိရတဲ့အတွက် ကျွန်တော်တို့ သူငယ်ချင်း မိသားစုတွေစုပြီး မအားတဲ့ ကြားက တကူးတက လာရောက်ဖူးမြော် ကြတာပါ။ အခုလို ဘုရားကြီးကို မျက်မြင် ကိုယ်တွေ့ လာရောက်ဖူးမြော်ခွင့်ရတဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီဘုရားကြီးက နေပြည်တော်အတွက် ဂုဏ်ယူစရာ တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ် မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွား တော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံး ဘုရားကြီးဖြစ်တာကြောင့် မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာအဖြစ် ပေါ်ထွန်းလာ ခဲ့သလို ဘာသာသာသနာအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်ပါတယ်။ ဘုရားကြီးကို နေပြည်တော် က ဒေသခံတွေအပြင် တခြားတိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေက ဘုရားဖူးပြည်သူ တွေ တစ်ခဲနက် လာရောက်ဖူးမြော်ကြ တာလည်း တွေ့ရပါတယ်။ အနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူတွေအနေနဲ့ ဒီဘုရားကြီးကို ဖူးမြော်ပြီး နေပြည်တော် က အထင်ကရနေရာတွေကိုလည်း လာရောက်လည်ပတ်ကြပါလို့ ပြောချင် ပါတယ်။
ဒေါ်မြင့်မြင့်သိန်း (ပုဗ္ဗသီရိမြို့)
ကျွန်မတို့ မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် ကြီးတွေထဲမှာ ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်မြတ်ကြီးကို ဂုဏ်ယူဝင့်ကြွား စွာနဲ့ လာရောက်ဖူးမြော်တာပါ။ ဘုရား ကြီးကို မျက်မြင်ကိုယ်တွေ့ ဖူးမြော်ရတာ အလွန်သပ္ပာယ် ကြည်ညိုစရာ ကောင်းပါ တယ်။ အခုလို ရုပ်ပွားတော်မြတ်ကြီးကို ခမ်းနားထည်ဝါစွာ ထုဆစ်ပူဇော်နိုင်တဲ့ အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တီဗွီမှာ ဖူးမြော်ရတာနဲ့ အပြင်မှာ ကိုယ်တိုင် ကိုယ်ကျ လာရောက်ဖူးမြော်ရတာ အလွန် ကွာခြားလှပါတယ်။ ကျောက်စာရုံစေတီ တွေမှာလည်း ပိဋကတ်သုံးပုံကျမ်းစာတွေ ကို ရေးထိုးထားတာကိုလည်း အံ့မခန်း တွေ့ရပါတယ်။ မုစလိန္ဒကန်နဲ့ နဂါးရုံ ဘုရားကိုလည်း သွားရောက်ဖူးမြော်နေ ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော် ကြပြီး ကုသိုလ်ဘာဝနာပွားများကြဖို့ တိုက်တွန်းချင်ပါတယ်။
တွေ့ဆုံမေးမြန်- လုလင်ငယ်
ဓာတ်ပုံ- လုလင်ပျို