
ရန်ကုန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ နှင့် ကိုဗစ်စင်တာများအတွက် ပြည်ပမှတင်သွင်း ရောက်ရှိလာသော အောက်ဆီဂျင်များ ခွဲဝေပေးရေး ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက တပ်မတော်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးစီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့တို့ ပူးပေါင်း၍ အချိန်ကိုက် စနစ်တကျ ဖြန့်ဝေနိုင်ရန်နှင့် နည်းစနစ်ပိုင်းများ အတွက် အောက်ဆီဂျင် နည်းပညာရှင်များ၊ အလှူရှင် များ၏ ငွေအား လူအားအကူအညီများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသဖြင့် ဦးစားပေးဖြည့်တင်းပေး ရမည့် ဆေးရုံများ၊ စင်တာများနှင့် လိုအပ်ချက် အခက်အခဲများ မဖြစ်ပေါ်စေရေး ဆွေးနွေးအကြံပြု ပေးကြရန် ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လတ်တလောအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားလာကြောင်း၊ ထပ်မံကူးစက်မှု လည်းရှိလာနိုင်ကြောင်း၊ ထို့အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံ သစ်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ ဝေဘာဂီ ဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ တောင်ဥက္ကလာပ ဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီးများတွင် ကိုဗစ် လူနာများထားရှိ ကုသပေးလျက်ရှိရာ ထိုဆေးရုံများ နှင့် အင်းစိန်ဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးနှင့် အင်းလျား စင်တာများကို ဦးစားပေးအဖြစ် ပေးဝေရန်နှင့် ပြည်သူများ အောက်ဆီဂျင်အိုး အလွယ်တကူ ဖြည့်တင်းနိုင်ရေး စီစဉ်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက ပြည်သူ့ဆေးရုံများ၊ ကိုဗစ်ကုသရေး စင်တာများနှင့် ပြည်သူများထံသို့ အောက်ဆီဂျင်အိုးများ ဖြည့်တင်းပေးနိုင်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား သည်။ ယနေ့ညပိုင်းတွင် စေတနာရှင်အလှူရှင်များက ပြည်ပမှတင်သွင်းလာသော Liquid Oxygen မက်ထ ရစ်တန် ၂၀ သယ်ဆောင်လာသော ကား နှစ်စီး ရန်ကုန်သို့ ရောက်ရှိလာကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် /ဆက် )