
နေပြည်တော် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ ကာကွယ် ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ကျန်းမာ ရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက် လာသည်ကို တွေ့ရှိရပါကြောင်း၊ ရောဂါဖြစ်ပွားမှုများ မြင့်တက်လာခြင်းကို အချိန်နှင့်တစ်ပြေးညီ ကာကွယ် ထိန်းချုပ်ရန်လိုအပ်၍ ကုသရေးလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ စသည်ဖြင့် အဘက် ဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ရောဂါသံသယလူနာများ အနေဖြင့်လည်းကောင်း၊ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနေဖြင့် လည်းကောင်း၊ ရောဂါပိုးရှိ/ မရှိ အမြန်စစ်ဆေးနိုင်ရေးနှင့် ပိုးတွေ့ ရှိပါကလည်း အမြန်ဆုံးကုသစောင့်ရှောက်မှုများ ပေးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ရန် ဖြစ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်များကို အခြေ ပြု၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့် လူနာခုတင်စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းထားရှိ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်) အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနကို အားဖြည့်ဆောင်ရွက်ခြင်းအနေဖြင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေး)နှင့် ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး) တို့ ပါဝင်သောအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးရှိ ခရိုင်လေးခုကို အခြေပြု၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပိုးတွေ့ရှိသည့် လူနာ များကို သက်ဆိုင်ရာ ကုသရေးစင်တာများသို့ အချိန် နှင့်တစ်ပြေးညီ ပို့ဆောင်ပေးနိုင်ရေး၊ ဓာတ်ခွဲစစ်ဆေး၍ ပိုးတွေ့ရှိရခြင်းမရှိသူ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကိုလည်း သက်ဆိုင်ရာ ကွာရန်တင်းစင်တာများ(သို့မဟုတ်) ဟိုတယ် ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ပေးနိုင်ရေး အတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ အနေဖြင့် နှီးနွှယ်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြ သည်။
ဆက်လက်၍ ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက အတည်ပြုလူနာ များကို ခရိုင်အလိုက်ဖွဲ့စည်းထားသည့် လူနာခုတင် စီမံခန့်ခွဲမှုကော်မတီများမှတစ်ဆင့် သက်ဆိုင်ရာ ခရိုင် အဆင့်ဆေးရုံများ၊ မြို့နယ်/တိုက်နယ်ဆေးရုံများ၊ ကုသရေးစင်တာများသို့ လွှဲပြောင်းပို့ဆောင်နိုင်မည့် အခြေအနေ၊ နှီးနွှယ်ဌာနဆိုင်ရာများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ဆေးရုံတက်ရောက် ကုသရမည့် ကာလကိုလျှော့ချနိုင်မည့်အခြေအနေ၊ တတိယလှိုင်းကာလတွင် လူနာနည်းပါးလာမှုကြောင့် ခေတ္တရပ်နားထားရသည့် ကုသရေးစင်တာများကို ပြန်လည်ဖွင့်လှစ်နိုင်မည့်အခြေအနေ၊ ကုသရေး ဆိုင်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်မည့်အခြေအနေ၊ အောက်ဆီဂျင် နှင့် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင် ပြင်ဆင်ထားရှိသည့် အခြေအနေ၊ လူနာတင်ယာဉ် ရရှိနိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသခြင်း လုပ်ငန်းများစသည်တို့ဆောင်ရွက်ရာတွင် အစစ အရာရာ အဆင်ပြေချောမွေ့စေရေးအတွက် မိမိ ကိုယ်တိုင် သံသယလူနာ(သို့မဟုတ်) ဓာတ်ခွဲအတည် ပြု လူနာတစ်ဦးဖြစ်ပါက မည်သို့ဆောင်ရွက်ရမည် ဆိုသည်ကို စဉ်းစား၍ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ များအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများ ကို သတိပြု၍ အလေးထားဆောင်ရွက်ကြစေရေး၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် တက်ကြွ စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေးအတွက် ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်