ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ပွင့်လန်းစေမည့် ငှက်ပျောချည်မှ တန်ဖိုးမြှင့်ထုတ်ကုန်သင်တန်း ကြည့်ရှုအားပေး

 

ရန်ကုန်  မတ်  ၉ 


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်မြို့  မှော်ဘီမြို့နယ် ညောင်နှစ်ပင်   အထူးစိုက်ပျိုးမွေးမြူရေးဇုန်  (၂) ရှိ ရတနာရွှေမိုးစိုက်ပျိုးရေးဥယျာဉ်တွင် ဖွင့်လှစ်သည့်  အလုပ်အကိုင်နှင့်  စီးပွားရေးအခွင့်အလမ်းသစ်များ ပွင့်လန်းစေမည့် ငှက်ပျောချည်မှ တန်ဖိုးမြှင့်ထုတ်ကုန် သင်တန်းကို ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငှက်ပျော ချည်မှထုတ်လုပ်သော တန်ဖိုးမြှင့်ထုတ်ကုန်များကို ကြည့်ရှုသည်။

 

  ထို့နောက်    သင်တန်းသားများ နှင့် တွေ့ဆုံရာတွင် ယခုလိုသင်တန်းတက်ရောက်၍ တစ်ပိုင်တစ်နိုင်ထုတ်လုပ်နိုင်သော  အိမ်တွင်းလက်မှု လုပ်ငန်းကို စိတ်ဝင်တစားတက်ရောက်မှုကို ချီးကျူး ကြောင်း၊ နိုင်ငံတော်မှ ပြည်တွင်းထုတ်ကုန်များကို သွင်းကုန်အစားထိုးအဖြစ် ထုတ်လုပ်နိုင်ရန် အားပေး ကူညီလျက်ရှိပြီး   စွန့်ပစ်ပစ္စည်းများမှ   တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်ခြင်းသည်   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အပံ့ဖြစ်စေ ပြီး  မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေအဖြစ်  စီးပွားရေး အခွင့်အလမ်းများကိုလည်း ဖော်ဆောင်နိုင်လျက်ရှိ ကြောင်း၊ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်မှုမြင့်မား လာပါက ရန်ကုန်မြို့၏ အများပြည်သူစည်ကားရာ နေရာများနှင့် နိုင်ငံခြားသားလည်ပတ်မှုများသော နေရာတို့တွင်  ပြသရောင်းချနိုင်မည်ဖြစ်ရာ  အများ စိတ်ဝင်စားသောပစ္စည်းများကို  ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း  ပြေကြားပြီး  သင်တန်းသား ၂၀ ကျော်ကို ထောက်ပံ့ငွေများ ပေးအပ်သည်။ 
ရန်ကုန်တိုင်းဒေသကြီးတွင်   ယခုဖွင့်လှစ်သော သင်တန်းသည်   ပထမဆုံးဖြစ်ပြီး  ငှက်ပျောပင်မှ စွန့်ပစ်ပစ္စည်းများကိုအခြေခံ၍ လက်မှုစီးပွားလုပ်ကိုင် လိုသူများ၊ ငှက်ပျောစိုက်တောင်သူများနှင့် အမျိုး သမီးများ၊ အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် စီးပွားရေး အခွင့်အလမ်းသစ်များရရှိစေရန်၊    မြန်မာ့လက်မှု ပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တန်ဖိုးထား တတ်စေရန်    ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်း၌ ငှက်ပျောပင်မှချည်ထုတ်ခြင်း၊  ငှက်ပျော စက္ကူထုတ်ခြင်း၊ ငှက်ပျောဖိနပ်၊ ငှက်ပျောဖျာ၊ အိတ် မျိုးစုံနှင့် ဦးထုပ်မျိုးစုံထုတ်လုပ်ခြင်းတို့ကို လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်     ဖြစ်ကြောင်း၊  အဆိုပါ သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ပိတ်ရက်မရှိ မတ် ၉ ရက်မှ ၁၇ ရက်အထိ ၈ ရက်တာ Green Banana  Myanmar Group မှ သင်ကြားပေးသွားမည်ဖြစ်ရာ    အခြေခံသင်တန်း ပြီးဆုံးပါက အဆင့်မြင့်သင်တန်းဖြစ်သော ငှက်ပျော ချည်ဖြင့်  ရက်ကန်းရက်ခြင်း၊  ဂျပ်ခုတ်ရက်ခြင်း၊ ချည်ထုတ်ယူခြင်း၊ ပိတ်စထုတ်ခြင်း၊ ပဝါထုတ်ယူခြင်း စသည့် နည်းပညာရပ်များကိုလည်း ၁၅ ရက်တာ လေ့ကျင့်သင်ကြားပေးသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။
ငှက်ပျောချည်မှ တန်ဖိုးမြှင့်ထုတ်ကုန်သင်တန်း ကို ရန်ကုန်တိုင်းဒေသကြီး၊  မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊    ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ခန့်နှင့် သင်တန်းသား ၂၀ ကျော် တက်ရောက်ကြ ပြီး မိမိတို့ဒေသတွင် အိမ်တွင်းလက်မှုလုပ်ငန်းများ တည်ထောင်၍ စွန့်ပစ်ပစ္စည်းမှ  တန်ဖိုးမြှင့်ပစ္စည်း များ   ထုတ်လုပ်နိုင်ရန်   သင်ကြားပေးခြင်းဖြစ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊     ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ အိမ်တွင်းလက်မှုလုပ်ငန်း လုပ်ကိုင်နိုင်သူဦးရေ ၁၀၀၀ ခန့်      မွေးထုတ်ပေးခဲ့ကြောင်း၊      အရှေ့တောင် အာရှနိုင်ငံအချို့တွင်  စွန့်ပစ်ပစ္စည်းမှ   တန်ဖိုးမြှင့် ပစ္စည်းများထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိလျက်ရှိရာ မြန်မာ့လက်မှုပစ္စည်း များဖြစ်သည့် ငှက်ပျောချည်မှ တန်ဖိုးမြှင့်ပစ္စည်း များကို  ဂျပန်နိုင်ငံနှင့်ထိုင်းနိုင်ငံသို့    ပစ္စည်းနမူနာ များ ပေးပို့ထားရာ၌ မှာယူမှုနှင့်အညီ တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
  

 ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - သီဟ