
နေပြည်တော် ဧပြီ ၁၁
၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ် တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့ နယ် သံသုမာလမ်းရှိ ကမ္ဘောဇ ဘဏ်ခွဲအတွင်းသို့ အမျိုးသား ခုနစ်ဦးက ဘဏ်အကောင့် ပြုလုပ်လို ကြောင်းပြော၍ ဝင်ရောက်လာပြီး ဘဏ်အတွင်း ကြိုတင်ရောက်ရှိနေသည့် အမျိုးသား နှစ်ဦးတို့နှင့် ပူးပေါင်းကာ ဘဏ်လုံခြုံရေး ဝန်ထမ်းတစ်ဦးအား ကျဉ်စက်ဖြင့်ထိုး၍ ဘဏ်ဝန်ထမ်းများနှင့် ဘဏ် အတွင်း ငွေသွင်း၊ ငွေထုတ်ရန် ရောက်ရှိနေသူများ၏ လက်ကိုင်ဖုန်းများအား သေနတ်ပြခြိမ်းခြောက် လုယက်ယူဆောင်ပြီး ဘဏ်အတွင်း စုထိုင်ခိုင်းကာ ဘဏ်ကောင်တာအတွင်းနှင့် ကောင်တာအပေါ်၌ ထားရှိသည့် ငွေကျပ်သိန်း ၂၁၇၀ ခန့်ကို အသင့် ယူဆောင်လာသည့် လက်ကိုင်ပါပီနံအိတ် နှစ်လုံး အတွင်းထည့်၍ ဓားပြတိုက်လုယက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၆၇/ ၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၅/၃၂၃ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဖမ်းဆီးရမိ
ထိုသို့ ဓားပြတိုက်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းကာ တာဝန်သိပြည်သူ များ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများဖြင့် ပေါင်းစပ် ညှိနှိုင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ဓားပြတိုက်မှုကျူးလွန် ခဲ့သူများသည် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN 7D-3400 Toyota Probox မော်တော်ယာဉ် အား YGN CC-8336 နံပါတ်ဖြင့် ပြောင်းလဲတပ်ဆင်ကာ အသုံးပြုခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် 7D-3400 မော်တော်ယာဉ်အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက် ခဲ့ရာ ဧပြီ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ၎င်းယာဉ်ကို စမ်းချောင်းမြို့နယ် ဘူတာရပ်ကွက် ဟုမ်းလမ်း (၄) လမ်း အမှတ် (၁၄၇) နေ အာကာ ကျော်(ခ) အာကာ (၄၁)နှစ် (ဘ)ဦးကျော်နှင့်အတူ ဘူတာရပ်ကွက်၊ ဟုမ်းလမ်းပေါ်ရှိ Orange စတိုးဆိုင် ၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ အာကာကျော်၏ ထွက်ဆိုချက်အရ ကမ္ဘောဇဘဏ် ဓားပြတိုက်မှုဖြစ်စဉ်၌ ၎င်းမောင်းနှင် သည့် ယာဉ်အား တစ်ရပ်ကွက်တည်းနေ မင်းမော် ဟိန်း (ခ) မော်ကြီး (ခ) တိုးလီ (၁၇)နှစ် (ဘ) ဦးမျိုးဝင်း အောင်က ငှားရမ်းခဲ့သဖြင့် ၎င်းနှင့်အတူ လှည်းကူး မြို့နယ် ကျွန်းကလေးကျေးရွာနေ ဇော်နောင် (၃၇) နှစ် (ဘ) ဦးတင်မောင်လွင် မောင်းနှင်သည့် YGN CC-7408 Toyota Caldina မော်တော်ယာဉ်နှင့် အတူ လိုက်ပါခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့ နှစ်ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ည ၈ နာရီ မိနစ် ၂၀ တွင် ဇော်နောင်အား Caldina မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ည ၈ နာရီခွဲတွင် မင်းမော်ဟိန်း (ခ) မော်ကြီး (ခ) တိုးလီအား လည်း ကောင်း ၎င်းတို့၏ နေအိမ်များ၌ အသီးသီးဖမ်းဆီး ရမိခဲ့သည်။
တိုးလီ (ခ) မင်းမော်ဟိန်း (ခ) မော်ကြီး၏ ထွက်ဆိုချက်အရ ဓားပြတိုက်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သော အလုံမြို့နယ် ဌာနရပ်ကွက် ဧရာဝတီ လမ်း၌ နေကြသူများဖြစ်သည့် မြတ်သူ (ခ) ပွားလေး (၁၇)နှစ် (ဘ) ဦးကျော်မင်းထွန်းနှင့် ဟိန်းထက်အောင် (ခ) ဟိန်းထက် (၁၉) နှစ် (ဘ) ဦးကျော်ဆန်းတို့ နှစ်ဦးအား ည ၉ နာရီ ၁၅ မိနစ်တွင် ၎င်းတို့၏ နေအိမ် များ၌ လည်းကောင်း၊ ဓားပြတိုက်မှုကျူးလွန် ရာတွင် ဦးဆောင်ခဲ့သည့် စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက် မကြီးကြီး လမ်း အမှတ် (၅၄) နေ ဝေမင်းအောင်(ခ) အက်စတာ (ခ) ဝေကြီး (၂၃) နှစ် (ဘ) ဦးဇော်ဝင်းမောင်နှင့် ဓားပြတိုက်မှုမှရရှိသည့် ငွေများအား ဝှက်သိမ်းရာတွင် စီမံခန့်ခွဲပေးသူ မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်၊ အိမ်ခြေ (၅၀) (၁) လမ်း (၃)လွှာ (ယာ)အခန်းနေ ပန်းနု(ခ) ပန်ပန် (၂၅)နှစ် (ဘ)ဦးဇော်ဇော်တို့ နှစ်ဦး အား အလုံမြို့နယ် ကွင်းကျောင်းလမ်းပေါ်၌ ဓားပြ တိုက်ရာမှ ရရှိခဲ့သည့်ငွေကျပ် ၁၀,၁၂၅,၀၀၀၊ စိတ်ကြွ ရူးသွပ်ဆေးပြား ငါးပြား၊ ပွိုင့် 380 AUTO ကျည် တစ်တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဝေမင်းအောင် (ခ) အက်စတာ (ခ) ဝေကြီးနှင့် ပန်းနု (ခ) ပန်ပန် တို့၏ ထွက်ဆိုချက်အရ ဓားပြတိုက် ရာမှ ရရှိခဲ့သည့် သက်သေခံငွေအချို့ကို ပန်းနု၏ အစ်မဖြစ်သူ မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက် အိမ်ခြေ (၅၀) (၂)လမ်း အမှတ် (၃၀) နေ အေးငြိမ်းသူ (၄၃) နှစ် (ဘ) ဦးဇော်ဝင်းမောင်၏ နေအိမ်၌ ဝှက်သိမ်းထားကြောင်း သိရှိရသဖြင့် ည ၁၁ နာရီ ၄၅ မိနစ်တွင် သွားရောက်ရှာဖွေခဲ့ရာ အေးငြိမ်းသူအား ၎င်း၏နေအိမ် အပေါ်ထပ်အိပ်ခန်းအတွင်းရှိ ကုတင် အောက်၌ ခရီးဆောင်အိတ်ဖြင့်ထည့်၍ ဝှက်သိမ်း ထားသည့် ငွေကျပ် ၆၉,၉၄၀,၀၀၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ဝေမင်းအောင် (ခ) အက်စတာ(ခ) ဝေကြီး၏ ထပ်မံထွက်ဆိုချက်အရ ဓားပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် စည်သူ (ခ) တုံတုံ၊ ကောင်းဝေယံ(ခ) ဝေယံ (ခ) နုတီ၊ လှိုင်ဘွားအောင် (ခ) ဘွားကြီး၊ ပိုင်သုတ (ခ) သုတ၊ ပြည့်ဖြိုးကျော် (ခ) ချိုးကြော်၊ သန့်ဇော်ထွေး (ခ) တရုတ်ကြီးနှင့် နဒီပေါင် (ခ) ဆံရှည်(ခ) ဇာကြီးတို့ ခုနစ်ဦးကို မင်္ဂလာဒုံမြို့နယ်ရေကြည်အိုင်ရပ်ကွက် သစ္စာလမ်းသွယ်(၁)ရှိ နေအိမ် တစ်လုံး ငှားရမ်းပေးထားကြောင်း သိရှိရသဖြင့် ည ၁၂ နာရီ ၁၀ မိနစ်တွင် သွားရောက်ရှာဖွေဖမ်းဆီး ခဲ့ရာ ၎င်းတို့ ခုနစ်ဦးကို အဆိုပါနေအိမ်၌ မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ လက်ပစ်ဗုံး နှစ်လုံး၊ လက်လုပ်ဗုံး တစ်လုံး၊ လက်လုပ်သေနတ်တစ်လက်၊ ပွိုင့် 22 ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံးဖျူ့စ် သုံးခု၊ ယမ်းမှုန့် ၁၀ ကျပ်သားခန့်တို့ကို သိမ်းဆည်းရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
လုံခြုံရေးတပ်ဖွဲ့ဝင်များက ထွက်ပြေးတိမ်းရှောင် လျက်ရှိသည့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး ရမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်နေ့တွင် ပြစ်မှုကျူးလွန်ရာ၌ ပါဝင်သူများ ဖြစ်သည့် ကောင်းဝေယံဟိန်း (ခ) ဝေယံ (ခ) နုတီ အား စမ်းချောင်းမြို့နယ် “ရွှေမောင်း” ဟိုတယ်၌ သက်သေခံငွေကျပ် ၁၁၈၀၀၀၊ လက်ကိုင်ဖုန်း တစ်လုံးဖြင့်လည်းကောင်း၊ ဟန်သီထူး (ခ) ဟန်ကြီး အား စမ်းချောင်းမြို့နယ် မြေနီကုန်းရပ်ကွက် “ဒဂုံ” စင်တာအနီး၌ လည်းကောင်း၊ ဧပြီ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မင်းကြီးညိုရပ်ကွက် တောင်ငူ လမ်း အမှတ် (၁၉) နေ ဟိန်းထက်ဇော် (ခ) မြင်းကျား (၁၉) နှစ် (ဘ) ဦးတင်ဇော်လတ်၊ စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက် သံတံတားလမ်းအမှတ်(၇၆)နေ စည်သူဝင်း (ခ) တုံတုံ (၂၈) နှစ် (ဘ) ဦးဝင်းတင်၊ အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက် အောင်ဇေယျ လမ်း အမှတ် (၁၁၆) နေ ဟိန်းမင်းသန့် (ခ) ပိုင်သုတ (၁၇) နှစ် (ဘ) ဦးညွန့်ဝင်း၊ အဆိုပါလမ်း အမှတ် (၁၀၄) နေ ဇာနည်ထက် (ခ) နဒီပေါင် (ခ) ဇာကြီး (၂၄) နှစ် (ဘ) ဦးစိုးဝင်း၊ မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် သမိုင်း (၅) လမ်းနေ သန့်ဇော်ထွေး (ခ) တရုတ်ကြီး (၁၇) နှစ် (ဘ) ဦးမိုးလွင်၊ စမ်းချောင်း မြို့နယ် မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက် ပြည်သူ့ကွက်သစ် (၂)လမ်း အမှတ်(၈)နေ လှိုင်ဘွား အောင်(ခ) ဘွားကြီး (၂၃) နှစ် (ဘ) ဦးကျော်ဆွေဝင်း နှင့် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် သမိုင်း (၅)လမ်းနေ ပြည့်ဖြိုးကျော် (ခ) ချိုးကြော် (၁၈)နှစ် (ဘ) ဦးမိုးလွင်တို့ ခုနစ်ဦးကို သုံးခွမြို့နယ် သိုက်တူးကန် ကျေးရွာ၊ ပိုးဖလံကွင်းရှိ ဦးနိုင်ဝင်း၏ လယ်တဲ အတွင်းမှ လက်လုပ်သေနတ် တစ်လက်၊ ၁၂ ဗို့ ကျည် ငါးတောင့်၊ ရောင်စုံ မီးခိုးဗုံးတစ်လုံး၊ Drone နှစ်ခု၊ လက်ကိုင်ဖုန်းမျိုးစုံ ခုနစ်လုံး၊ ဓားပြတိုက်ရာမှ ရရှိခဲ့သည့် သက်သေခံငွေ စက္ကူရောရာ ၁၂၅ သိန်း တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ဝေမင်းအောင် (ခ) အက်စတာ (ခ) ဝေကြီး၏ ထပ်မံထွက်ဆိုချက်အရ ဓားပြတိုက်ရာမှ ရရှိသည့် ငွေကျပ်သိန်း ၆၀၀ ကို မင်္ဂလာဒုံမြို့နယ် ရေကြည်အိုင်ရပ်ကွက် သစ္စာလမ်း အမှတ်(၁၇)နေ ပန်းနု၏ အစ်မဖြစ်သူ မေငြိမ်းထံတွင် သိမ်းဆည်း ထားကြောင်း သိရှိရသဖြင့် ယနေ့နံနက်ပိုင်းတွင် သွားရောက်ရှာဖွေခဲ့ရာ မေငြိမ်း အား နေအိမ်အတွင်းမှ သက်သေခံငွေကျပ်သိန်း ၆၀၀၊ ပစ္စတိုသေနတ် တစ်လက်၊ ကော်သေနတ်တစ်လက်၊ ကျဉ်စက် နှစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဘဏ်အတွင်း ဝင်ရောက်ငွေလုယက်
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ တောင် ဥက္ကလာပမြို့နယ် သံသုမာလမ်းရှိ ကမ္ဘောဇ ဘဏ်အား ဓားပြတိုက်ရန်အတွက် ဝေမင်းအောင် (ခ) အက်စတာ (ခ) ဝေကြီး၊ ဝေယံ (ခ) နုတီနှင့် ဟိန်းထက်ဇော် (ခ) မြင်းကျားတို့က မတ်လ ၁၆ ရက်မှ စတင်၍ တိုင်ပင်ခဲ့ကြောင်း၊ ၎င်းနောက် အဆိုပါဘဏ်အား စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ရန်အတွက် ဝေမင်းအောင် (ခ) အက်စတာ (ခ) ဝေကြီးနှင့် ၎င်း၏ဇနီး ပန်းနု (ခ) ပန်ပန်တို့က ဦးဆောင်၍ မင်္ဂလာဒုံမြို့နယ် ဝါယာလက်ရှိ နေအိမ်၌ စုဝေးတိုင်ပင်ကာ မြတ်သူ (ခ) ပွားလေး၊ မင်းမော် ဟိန်း (ခ) မော်ကြီး(ခ) တိုးလီ၊ ဟိန်းထက်အောင် (ခ) ရော်ပြဲ၊ ဟိန်းထက်ဇော် (ခ) မြင်းကျားတို့က အကြိမ်ကြိမ် သွားရောက်လေ့လာခဲ့ကြောင်း၊ ဧပြီ ၅ ရက်တွင် ဝေမင်းအောင်(ခ) အက်စတာ(ခ) ဝေကြီး ဦးဆောင်၍ ဝါယာလက်နေအိမ်၌ စုဝေးပြီး တာဝန် ခွဲဝေခဲ့ရာ ဘဏ်အတွင်း၌ ATM ကတ် ပြုလုပ်မည့် သူအဖြစ် ဝင်ရောက်စောင့်ကြည့်သူအဖြစ် မြတ်သူ (ခ) ပွားလေးနှင့် ဟိန်းထက်အောင် (ခ) ထက်အောင် တို့ နှစ်ဦးက လည်းကောင်း၊ ဟိန်းထက်ဇော် (ခ) မြင်းကျား (သေနတ်နှင့် ကျဉ်စက်ကိုင်သူ)၊ သန့်ဇော် ထွေး (ခ) တရုတ်ကြီးနှင့် ပိုင်သုတ (ခ) သုတ (သေနတ်ကိုင်သူ)၊ စည်သူ (ခ) တုံတုံ၊ ဇာနည်ထက် (ခ) နဒီပေါင် (ခ) ဇာကြီး ၊ ကောင်းဝေယံဟိန်း(ခ) ဝေယံ(ခ) နုတီ၊ နေတိုး(ဖမ်းဆီးရန်ကျန်) တို့ ခုနစ် ဦးက ဘဏ်အတွင်း ဝင်ရောက်ငွေလုယက်သူများ အဖြစ် လည်းကောင်း။
ဟန်သီထူး (ခ) ဟန်ကြီး၊ လှိုင်ဘွားအောင် (ခ) ဘွားကြီး၊ ပြည့်ဖြိုးကျော် (ခ) ချိုးကြော်၊ ဖမ်းဆီးရန် ကျန်သူများဖြစ်သည့် ဇေယျာအောင် (ခ) ဖုတ်ကြီး၊ ထူးထက်အောင် (ခ) စာကလေး၊ ဥက္ကာပိုင်နှင့် စွမ်းထက်ပိုင် တို့ ခုနစ်ဦးက ဘဏ်ပတ်ဝန်းကျင်၌ စောင့်ကြည့်ပေးသူများအဖြစ်လည်းကောင်း၊ ဝေမင်း အောင် (ခ) အက်စတာ (ခ) ဝေကြီးနှင့် ပန်းနု (ခ) ပန်ပန်တို့က မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီလမ်းရှိ ငါးကန်တွင် မော်တော်ယာဉ်တစ်စီးဖြင့် စောင့်နေပြီး ဓားပြတိုက်ရာမှ ရရှိသည့်ငွေများအား မင်္ဂလာဒုံမြို့ နယ် ပလရရပ်ကွက်ရှိ ပန်းနု၏ နေအိမ်သို့ သယ်ဆောင်မည့်သူများအဖြစ်လည်းကောင်း တာဝန် ခွဲဝေခဲ့ကြောင်း။
မော်တော်ယာဉ်နံပါတ် ပြောင်းလဲတပ်ဆင်
ယင်းနောက် အခင်းဖြစ်နေ့ နံနက်ပိုင်းမှစတင်၍ ကမ္ဘောဇဘဏ်အား ဓားပြတိုက်ရန်အတွက် တာဝန် ခွဲဝေထားသည့်အတိုင်း စောင့်ကြည့်မည့်သူများသည် ၎င်းတို့၏ အစီအစဉ်ဖြင့် သွားရောက် စောင့်ဆိုင်းခဲ့ပြီး လုယက်မှုကျူးလွန်သည့် ဟိန်းထက်ဇော် (ခ) မြင်းကျား ပါ ခုနစ်ဦးက အာကာကျော် (ခ) အာကာ မောင်းနှင်သည့် YGN 7D-3400 Toyota Probox မော်တော်ယာဉ်အား YGN CC-8336 နံပါတ်ဖြင့် ပြောင်းလဲတပ်ဆင်ပြီး ဘဏ်အနီး စောင့်ဆိုင်းခဲ့ ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ဘဏ်အတွင်း ဝင်ရောက်ကာ ငွေများ လုယက်ယူဆောင်ပြီး မရမ်းကုန်းမြို့နယ်၌ ဇော်နောင် မောင်းနှင်သည့် Caldina မော်တော်ယာဉ်ဖြင့် အသင့်စောင့်ဆိုင်း နေသည့် ဝေမင်းအောင် (ခ) အက်စတာ(ခ) ဝေကြီး နှင့် ပန်းနု (ခ) ပန်ပန် တို့ထံ လက်ဆင့်ပြောင်း၍ မင်္ဂလာဒုံမြို့နယ်သို့ ထွက်ခွာသွားခဲ့ကြောင်း၊ ရရှိထား သည့် ငွေကြေးများအား ခွဲဝေကာ လူစုခွဲထွက်ပြေး တိမ်းရှောင်ခဲ့ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် သုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဥပဒေနှင့်အညီ အရေးယူ
အထက်ပါဖြစ်စဉ်တွင် ဓားပြတိုက်မှုကျူးလွန် ရာတွင်ပါဝင်သူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို သက်သေခံငွေကျပ် ၁၅၅,၁၈၃,၀၀ဝ၊ လက်ပစ်ဗုံး လေးလုံး၊ မီးခိုးဗုံး တစ်လုံး၊ ပစ္စတိုသေနတ် တစ်လက်၊ လက်လုပ် သေနတ် နှစ်လက်၊ ကော်သေနတ် တစ်လက်၊ ကျဉ်စက် နှစ်ချောင်း၊ ပွိုင့် 22 ကျည် ၄၉ တောင့်၊ ၁၂ ဗို့ကျည် ငါးတောင့်၊ Drone ယာဉ်အစိတ် အပိုင်း နှစ်ခု၊ ပွိုင့် 380 AUTO ကျည်တစ်တောင့်၊ လက်ပစ် ဗုံးဖျူ့စ် သုံးခု၊ ယမ်းမှုန့် ၁၀ ကျပ်သားခန့်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ငါးပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး၊ သိမ်းဆည်းရန်ကျန် သက်သေခံပစ္စည်းငွေများအား သိမ်းဆည်းရမိနိုင် ရေးနှင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်