ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်ကို ဆိုင်ကယ်ဖြင့် တိုက်ပြေးသူ အမျိုးသားတစ်ဦးအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ လက်လုပ်ဗုံးနှစ်လုံး သိမ်းဆည်းရရှိ

နေပြည်တော် ဇွန် ၂၈ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ ယာဉ်စစ်ဆောင်ရွက် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်ပြေးသူ အမျိုးသားတစ်ဦးအား ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ လက်လုပ်ဗုံး နှစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် ညပိုင်းတွင် ထန်းတပင်မြို့နယ် သပြေခြံကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က လုံခြုံရေးဆောင်ရွက်နေစဉ် ည ၉ နာရီ ၄၅ မိနစ်တွင် အသက် ၃၀ ခန့် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ၅၂ယ/ ၂၇၃၇ နံပါတ်တပ်ဆင်ထားသော Dayang အမျိုးအစား အနက်ရောင် ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်၍ ထွက်ပြေး သွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါဆိုင်ကယ်မှာ လဲကျသွားခဲ့ပြီး သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသားတွင် ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်စဉ် အကြမ်းဖက်သူအမျိုးသားမှာ သေဆုံးသွားခဲ့သည်။ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါအမျိုးသား မောင်းနှင်လာသော ဆိုင်ကယ်ကို စစ်ဆေးခဲ့ရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ အရှည် ရှစ်လက်မ၊ အကျယ် နှစ်လက်မခန့်ရှိ PVC ပိုက် အပြာရောင်ဖြင့် ပြုလုပ်ထားပြီး ဆေးအမည်းသုတ်ထားသော လက်လုပ်ဗုံးနှစ်လုံးကို သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲလုပ်ငန်း များနှင့်အညီ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်၍ စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်