ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အွန်လိုင်းမှ ရွှေအရောင်းအဝယ်ပြုလုပ်နိုင်ရေး Software စဆွဲနေပြီဟုဆို

 

ရန်ကုန်    ဒီဇင်ဘာ    ၂၇


ရန်ကုန်တိုင်းဒေသကြီး  ရွှေလုပ်ငန်းရှင်များအသင်း က အွန်လိုင်းမှ ရွှေအရောင်းအဝယ် ပြုလုပ်နိုင်ရန် အတွက် Software ရေးဆွဲသည့်လုပ်ငန်း  စတင်နေ ပြီဖြစ်ကြောင်း YGEA အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။


“အွန်လိုင်းကနေ ရွှေအရောင်းအဝယ် ပြုလုပ်ဖို့  လောလောဆယ်တော့   မဖြစ်သေးပါဘူး။  အခုမှ အစီအစဉ်စဆွဲတုန်းပဲ ရှိသေးတယ်။ အခုကတော့ ဘဏ်တွေနဲ့ညှိပြီး Software စဆွဲနေတာ ရှိပါ တယ်။    ခွင့်ပြုချက်တော့   တောင်းရဦးမယ်”  ဟု ၎င်းက ပြောကြားသည်။


လက်ရှိတွင်    အသင်းဝင်   ၆၀၀   ကျော်ရှိပြီး အသင်းဝင်များအနေဖြင့်        ရွှေအရောင်းအဝယ် ပြုလုပ်ရာတွင်   ရွှေထုတ်၊   ငွေထုတ်    သယ်ယူစရာ မလိုအပ်ဘဲ  ဘဏ်မှတစ်ဆင့်  အရောင်းအဝယ် ပြုလုပ်နိုင်မည်ဖြစ်ပြီး  ပြဿနာမရှိ လုံခြုံစိတ်ချ ရကြောင်းလည်း  ဦးမျိုးမြင့်က ပြောကြားသည်။


“သိန်း ၂၀၀ ကျော်ရင် ဘဏ်ကနေ ဖြတ်ရမယ် ဆိုတဲ့ ဗဟိုဘဏ်ဥပဒေရှိတယ်။ အဲဒါနဲ့  အကျုံး ဝင်သွားတာပေါ့။    ရွှေရောင်းတဲ့အခါ     ဘဏ်ကနေ သွားရတော့    ဘာမှပြဿနာမရှိတော့ဘူး”   ဟု ပြောကြားသည်။


 အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်ရန် ဗဟို ဘဏ်အတည်ပြုချက်ရရှိပါက  အကောင်အထည် ဖော်နိုင်ရန်    စီစဉ်ဆောင်ရွက်နေကြောင်း   သိရ သည်။                         
                               

MT