ရန်ကုန်ငါးလုပ်ငန်းသိပ္ပံကျောင်း ပထမနှစ်ကို ဘာသာရပ် ၁၅ ခုဖြင့် ဖွင့်လှစ်သင်ကြားမည်

 

ရန်ကုန်  ဖေဖော်ဝါရီ ၄


၂၀၂၂ ခုနှစ်  ဇွန်လပထမပတ်တွင်  ရန်ကုန်-တွံတေးကားလမ်း၊ ဇီးဖြူကုန်းချောင်းအနီးရှိ   ငါးလုပ်ငန်းသိပ္ပံကျောင်းကို   ပထမနှစ် ကျောင်းသား  ကျောင်းသူ ၄၀ ဖြင့်ဘာသာရပ် ၁၅ ခု သတ်မှတ်၍ လေ့ကျင့်သင်ကြား  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 


ငါးလုပ်ငန်းလုပ်ကိုင်မှုအများဆုံးဖြစ်သော  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွက် အချက် အချာကျရာ  ရန်ကုန်-တွံတေး ကားလမ်း၊  ဇီးဖြူကုန်းချောင်းအနီး၌ တည်ဆောက်ထားသည့်   ငါးလုပ်ငန်းသိပ္ပံကျောင်းကြီးတွင်   ပထမနှစ် ကျောင်းသား ကျောင်းသူ ၄၀ ဖြင့် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး စာတွေ့၊ လက်တွေ့ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်သည်။

 


“ငါးလုပ်ငန်းသိပ္ပံကျောင်းအနေအထားပေါ်မူတည်ပြီး ကျောင်းသူ ကျောင်းသား  ၄၀ ကို  လက်ခံသင်ကြားပေးသွားမှာပါ။  နောင်နှစ် ကျောင်းဆောင်တွေတိုးချဲ့ပြီးရင် ကျောင်းသားဦးရေ တိုးမြှင့်လက်ခံ သွားဖို့ရှိတယ်။ ငါးလုပ်ငန်းကိုအဓိကထားပြီး မေဂျာဘာသာရပ်တွေအဖြစ်သင်ကြားပေးသွားမှာပါ။   ကျောင်းပြီးသွားရင်   ငါးလုပ်ငန်းရှင် တွေနဲ့  ချိတ်ဆက်ဆောင်ရွက်ပြီး  အလုပ်အကိုင်ရရှိဖို့ဆွေးနွေးထား ပြီးတော့  အလုပ်အကိုင်တွေရဖို့  ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်။
ငါးလုပ်ငန်းသိပ္ပံကျောင်းဖွင့်လှစ်နိုင်တဲ့အတွက် ငါးမွေးမြူရေးကဏ္ဍမှာ  လူငယ်တွေရဲ့အတွေးအခေါ်တွေ   မြင့်မားလာပြီး  ဌာနအတွက်လည်း ပိုပြီးအောင်မြင်မှုရရှိစေမှာပါ”ဟု နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းက ပြောကြားသည်။

 


မြန်မာနိုင်ငံတွင် အလယ်အလတ်အဆင့် ငါးမွေးမြူရေးပညာရှင် များပေါ်ထွန်းလာရန်၊      လူငယ်များမိမိတို့တက်ရောက်ခဲ့သော ပညာဖြင့် သက်ဆိုင်သည့်  အလုပ်အကိုင်များရရှိရန်၊  ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းများ     လုပ်ဆောင်နိုင်ရန်နှင့်    မြန်မာနိုင်ငံ၏   စားနပ် ရိက္ခာဖူလုံရေးတွင်  အထောက်အပံ့ဖြစ်စေရန်  စသည့်ရည်ရွယ်ချက် တို့ဖြင့် ငါးလုပ်ငန်းသိပ္ပံကျောင်းကို  ဖွင့်လှစ်ခြင်းဖြစ်သည်။ အဆိုပါ ကျောင်းတွင်  သုံးနှစ်တက်ရောက်ပြီးပါက  ဒီပလိုမာရရှိမည်ဖြစ်ပြီး ကွာလီဖိုင်းဝင်သော    ကျောင်းသားများအနေဖြင့်  မွေးမြူရေး ဆေးတက္ကသိုလ်တွင်  နှစ်နှစ်ဆက်လက်တက်ရောက်  အောင်မြင်ပါက ဘွဲ့တစ်ခု ထပ်မံရရှိမည်ဖြစ်သည်။ 


ထိုသို့  ငါးလုပ်ငန်းသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရန်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က    ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  သင်တန်း သား  ၄၀  ဆံ့   အဆောက်အအုံ၊   အိပ်ဆောင် ၊   ထမင်းစားဆောင်နှင့် ဝန်ထမ်းအိမ်ရာများကို  တည်ဆောက်ခဲ့ခြင်းဖြစ်သည်။  မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်  ငါးနှင့်ပတ်သက်သော  ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်နှင့် ရေသတ္တဝါမွေးမြူရေးကို  စိတ်ပါဝင်စားသော လူငယ်များ    တက်ရောက်သင်ကြားနိုင်ရန်   ဇွန်လပထမပတ်မှစ၍   ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း   နေပြည်တော်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။                                          

ညိမ်းသူ(သတင်းစဉ်)